ကရင်ပြည်နယ်အစိုးရ၏ စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ပြုပြင်ပြောင်းလဲတိုးတက်မှုများ

ဆောင်းပါး - နန္ဒာဝင်း

ဓာတ်ပုံ - တာရာ

 

ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ လေးနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ လေးနှစ်တာကာလအတွင်းနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ အားလုံးကောင်းမွန် အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရဆဲ လုပ်ငန်းစဉ်များဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။

 

ဘားအံမြို့၏ တောင်ဘက် ၇ မိုင်ခန့် အကွာ တည်ရှိသည့် ဇွဲကပင်တောင်သည် နိုင်ငံတကာခရီးသွားများ စိတ်ဝင်တစား လာရောက်လေ့လာ လည်ပတ်ရာနေရာ တစ်ခုဖြစ်သည်။ ဇွဲကပင်တောင်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၂၃၇၂ ပေ မြင့်ပြီး ကရင်ပြည်နယ်၏ အမှတ်အသား တစ်ခုဖြစ်သည်။

 

ဇွဲကပင်တောင်သို့ တက်ရန်နှင့် ဆင်းရန်အတွက် ခလောက်နို့ကျေးရွာဝင်ပေါက်နှင့် လုမ္ဗိနီဥယျာဉ်ဝင်ပေါက်ဟူ၍ရှိပြီး လုမ္ဗိနီဥယျာဉ်ဝင်ပေါက်သည် သံလွင်တံတားနှင့် နီးသောကြောင့် ခရီးသွား အများဆုံးဝင်ရောက် လေ့ရှိသည်။

 

ဇွဲကပင်တောင်တည်ရှိရာ ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်အရပ်တွင် တည်ရှိပြီး အရှေ့မှအနောက် မိုင် ၇၀၊ မြောက်မှတောင် ၃၂၆ မိုင် ရှည်လျားသည်။ နယ်နိမိတ် ထိစပ်မှုအနေဖြင့် မြောက်ဘက်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် မိုင်ပေါင်း ၃၁၂ မိုင် ထိစပ် လျက်ရှိသည်။ တောင်ဘက်တွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ အနောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။

 

ကရင်ပြည်နယ်အတွင်း ခရိုင် လေးခရိုင်၊ မြို့နယ်ခုနစ်မြို့နယ်၊ မြို့ ၁၁ မြို့၊ ရပ်ကွက်ပေါင်း  ၈၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၇၆ အုပ်စု၊ ကျေးရွာပေါင်း ၂၀၉၇ ရွာနှင့် လူဦးရေ ၁၆ သိန်းကျော်ဖြင့် ဖွဲ့စည်းထားရှိပြီး ကရင်၊ မွန်၊ ဗမာ၊ ပအိုဝ်းစသည့် တိုင်းရင်းသားလူမျိုးများ မှီတင်းနေထိုင်လျက်ရှိသည်။

 

စိုက်ပျိုးရေးကဏ္ဍ

 

ကရင်ပြည်နယ်တွင် စပါးနှင့် ပဲ၊ ပြောင်း စသည့် သီးနှံများကို အဓိက စိုက်ပျိုးလေ့ရှိသည်။ ထို့ပြင် ပိုးချည်ထည် ထုတ်လုပ်ရန်ရည်ရွယ်၍ ဘားအံ - ကမော့ကပို (မျိုးသန့်ခြံ) တွင် ပိုးမွေးမြူရေးလုပ်ငန်းကို ၂၀၁၈ ခုနှစ်မတ်လမှ စတင်ဆောင်ရွက်ခဲ့သည်။ ထို့ပြင်ပိုးစာပင် စိုက်ပျိုးခြင်းနှင့် ပိုးမွေးမြူခြင်းလုပ်ငန်းကို ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် JICA တို့ လက်မှတ်ရေးထိုးပြီး ပိုးစာပင် စိုက်ပျိုးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။

 

၂၀၁၈ ခုနှစ် ဇွန်လတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဂျပန်နိုင်ငံရှိ နည်းပညာရှင်များ ပူးပေါင်း၍ ပိုးမွေးမြူခြင်းဆိုင်ရာ လုပ်ငန်းများကို စမ်းသပ်ကာလအဖြစ် မွေးမြူခဲ့ရာ ၂၀၁၉ ခုနှစ် ဇွန်လ ၂၅ ရက်မှစတင်၍ ပိုးဥပေါင်း ၁၀၆၀၀၀ ကိုလေးကြိမ် မွေးမြူနိုင်ခဲ့သည်။ ပိုးအိမ်အစို ၁၄၁ ဒသမ ၅ ကီလိုနှင့် ပိုးအိမ်အခြောက် ၅၇ ဒသမ ၈၃၂ ကီလို ထွက်ရှိခဲ့ပြီး ထွက်ရှိလာသော ပိုးအိမ်အစို တစ်ကီလိုလျှင် ငွေကျပ် ၆၅၀၀ နှင့် ပိုးအိမ်အခြောက် တစ်ကီလိုလျှင် ငွေကျပ် ၁၆၂၅၀ နှုန်းဖြင့် ရောင်းချနိုင်ခဲ့သည်။

 

လမ်းပန်းဆက်သွယ်ရေးကဏ္ဍ

 

ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံအဆောက်အဦ တစ်ခုဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးသည် အဓိက အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်သည်။ ကရင်ပြည်နယ်သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက် ရှိပြီး အရှေ့ - အနောက် စီးပွားရေးစင်္ကြံ အာဆီယံလမ်းမကြီး (East-West Economic Corridor ASEAN Road) ပေါ်တွင် တည်ရှိသည်။

 

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှ မြို့ပြ/ကျေးလက်ဒေသမကျန် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ ကရင်ပြည်နယ်၏ အဓိက စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသော လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ပြည်နယ်အစိုးရအဖွဲ့က ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ မြဝတီမြို့ နယ်စပ် ကုန်သွယ်ရေးစခန်း၏ ကုန်စည်စီးဆင်းမှု ပမာဏမှာ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်စည်ဖလှယ်ရေးဌာနတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ။

 

မြဝတီမြို့နယ်ရှိ သောင်ရင်းမြစ်ကိုဖြတ်၍ ဖောက်လုပ်ထားသည့် အကျယ် ၁၇ ဒသမ ၂ မီတာနှင့် အရှည်မီတာ ၇၆၀ ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၂) ကို ထိုင်းဘတ်ငွေသန်း ၃၉၀၀ ဖြင့် ၂၀၁၅ ခုနှစ် ဩဂုတ်လ၃၀ ရက်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက် တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့က ဖွင့်လှစ်ပေးခဲ့သည်။

 

mdn

 

ထို့ပြင် အိန္ဒု - ကော့ကရိတ်လမ်းကို အာဆီယံ၊ မဟာမဲခေါင်ဒေသခွဲ၏ စံချိန်စံညွှန်း နှင့်အညီ ယာဉ်အမျိုးမျိုးအတွက် သင့်လျော်သည့် ကတ္တရာကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ADB တို့မှ ချေးငွေစာချုပ်ချုပ်ဆိုပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ တာဝန်ယူ၍ အရှည် ၆၆ဒသမ ၄ ကီလို မီတာ၊ အကျယ် ၁၀ မီတာကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၉ ရက်မှစတင်၍ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။

 

ကတ္တရာကွန်ကရစ် အခြေခံလွှာလောင်းခြင်း လုပ်ငန်းများ၊ လမ်းထိန်းသိမ်းရေး လုပ်ငန်းများ၊ Road Safety လုပ်ငန်းများကိုသာ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့် ၂၉ ဒသမ ၉၂ ကီလိုမီတာ ကတ္တရာကွန်ကရစ် အခြေခံလွှာခင်းခြင်းလုပ်ငန်း၊ တံတား ၁၀ စင်းနှင့် ရေပြွန် ၃၈ စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ၂၀၂၁ ခုနှစ် မေလအတွင်း ပြီးစီးအောင် ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ထံမှ သိရသည်။

 

mdn

 

ထို့ပြင် ဂျိုင်း(ကော့ကရိတ်) တံတားသစ် တည်ဆောက်ခြင်းလုပ်ငန်းကို JICA (ODA)Loan ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ချေးငွေဖြင့် ဂျပန်ယန်း သန်း ၄၇၀၀ ကျော်နှင့် မြန်မာငွေကျပ် သန်း ၂၆၀၀၀ ကျော်တန်ဖိုးရှိ ယာဉ်တစ်စီးချင်း ခွင့်ပြုတန် ၆၀ ခံနိုင်ဝန်ဆံ့ လှိုင်းတွန့်ပုံစံရှိသော သံမဏိကွန်ရက်ပြားများဖြင့် တည်ဆောက်ထားသော သုံးခန်းတွဲ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ကြိုးဆိုင်းတံတားကို ၂၀၁၉ ခုနှစ် မေလ ၃ ရက်မှ စတင် ဆောင်ရွက်နိုင်ခဲ့ရာ ၁၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။

 

(၄)နှစ်တာကာလအတွင်း ဇာသပြင် - အိန္ဒုလမ်း၊ မုဒုံ-မြဝတီ (မဲသရော - လှိုင်ကွယ်အပိုင်း) လမ်း၊ ကြာအင်းဆိပ်ကြီး - တဂေး - ခုတ်ခွာ - ကျိုက်ဒုံလမ်း၊ ကြာအင်းဆိပ်ကြီး ချောင်းဆုံ (ဘုရားသုံးဆူ) လမ်း၊ တံတားအနေ ဖြင့် မုဒုံ - မြဝတီလမ်းပေါ်ရှိ လှိုင်ကွယ်ချောင်းကူးတံတား၊ သံဖြူဇရပ် - ဘုရားသုံးဆူလမ်းပေါ်ရှိ ဇမိချောင်းတံတား၊ အနန်းကွင်းတံတား၊ ဆင်ပြေချောင်းတံတား၊ မက္ကသာချောင်း တံတားနှင့် ဖာပွန် - ကမမောင်း ဝါးဘိုးတောလမ်းပေါ်ရှိ ချောင်းညီနောင် တံတားတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။

 

မွေးမြူရေးကဏ္ဍ

 

ကရင်ပြည်နယ်သည် နိုင်ငံတော်မှ ချမှတ်လျက်ရှိသည့် မူဝါဒများကို အခြေခံ၍ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာ မွေးမြူရေးကဏ္ဍတွင် နိုင်ငံတော်အနေဖြင့် မွေးမြူသူများ ထိုက်သင့်သည့် အကျိုးအမြတ် ရရှိစေရန် ရည်ရွယ်ပြီး ကျွဲ/နွားများကို ပြည်ပနိုင်ငံများသို့ တရားဝင် တင်ပို့ရောင်းချနိုင်ရန်အတွက် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် ခွင့်ပြုပေးခဲ့သည်။

ထို့အတူ တစ်နိုင်ငံမှ တစ်နိုင်ငံသို့တိရစ္ဆာန်များ ကုန်သွယ်မှုပြုရာတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်ပြီး ထိန်းသိမ်းစောင့်ကြည့်ခြင်းဖြင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများကို ထိန်းချုပ်ရန် ရည်ရွယ်၍ ကော့ကရိတ်မြို့ တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်ရေးစခန်းကို တည်ဆောက်ခဲ့သည်။

 

အဆိုပါ စခန်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာ နှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်ရန်ပုံငွေကျပ် ၅၅၄ ဒသမ ၇၁၆ သန်းဖြင့် တည်ဆောက်ခဲ့ပြီး တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ စစ်ဆေးပြီးကြောင်းထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်းနှင့် Animal Quarantine Certificate ထုတ်ပေးခြင်းလုပ်ငန်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ စခန်းတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပါက ကုန်သွယ်ဖက်နိုင်ငံနှင့် တရားဝင် ကုန်သွယ်မှုဖြစ်စေရန်အတွက် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) မှ ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ဆည်မြောင်းကဏ္ဍ

 

ကရင်ပြည်နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်နေရသည့် ပြည်နယ်ဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် စိုက်ပျိုးမြေ ဖော်ထုတ်ခြင်း၊ စိုက်ပျိုးရေနှင့် သောက်သုံးရေများ လုံလောက်စွာပေးဝေခြင်း၊ ရေကြီး နစ်မြုပ်မှုမှ ကာကွယ်ပေးခြင်း၊ ရေတံခါးပြုပြင် တည်ဆောက်ခြင်း၊ လျှိုပိတ်ဆည်များနှင့် တိမ်ကောနေသော အင်းများ ပြန်လည်တူးဖော် ခြင်းလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်လျက်ရှိသည်။ 

 

mdn

 

ထို့အတူ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးနှင့် ဇီဝမျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်ရေးကို အကျိုးဖြစ်ထွန်းနိုင်စေရန်၊ ဒေသခံပြည်သူများ၏ စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်လာစေပြီး လူမှုစီးပွားဘဝ မြှင့်တင်လာနိုင်စေရန် ရည်မှန်း၍ ဆည်မြောင်းတည် ဆောက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ (၄) နှစ်တာကာလအတွင်း လုပ်ငန်း ၄၀၆ ခုတွင် အကျိုးပြုဧက ၇၈၄၂၅ ဧကကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍ

 

ကရင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တိုးတက်ရေးအတွက် အမျိုးသားဓာတ်အားစနစ်၊ ဆိုလာစနစ်နှင့် ဒီဇယ်စနစ်တို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တိုးတက်မြင့်မားလာသည်နှင့်အမျှ ကျေးရွာပေါင်း ၂၀၉၇ ရွာတွင် (၄) နှစ်တာကာလအတွင်း ကျေးရွာပေါင်း ၁၀၇၁ ရွာနှင့် အိမ်ထောင်စု ၃၀၈၀၄၁ စုကို ဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့် ၅၁ ဒသမ ၀၇ ရာခိုင်နှုန်း တိုးချဲ့ဓာတ်အားပေးနိုင်ခဲ့သည်။ ပြည်နယ်အတွင်း ဗို့အားပြည့်မီစွာဖြင့် ဖြန့်ဖြူးနိုင်ရေးအတွက် (၆၆/၁၁)ကေဗွီ ဓာတ်အားလိုင်း ၁၀၇ ဒသမ ၁၈၇ မိုင်၊ (၃၃/၁၁) ကေဗွီ ၁၃၉ ဒသမ ၆ မိုင်၊ (၁၁) ကေဗွီ ၅၈၂ ဒသမ ၁၂၉ မိုင်နှင့် ၀ ဒသမ ၄ ကေဗွီ ၇၄၀ ဒသမ ၂၈ မိုင်တို့ကို ဖြန့်ဖြူးပေးနိုင်ခဲ့သည်။

 

ထို့ပြင် ကရင်ပြည်နယ် မြ၀တီခရိုင်နှင့် ကော့ကရိတ်ခရိုင်တို့ကို ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရန်အတွက် ၂၃၀ ကေဗွီ မော်လမြိုင်-မြဝတီ ဓာတ်အားလိုင်းနှင့် မြ၀တီ (သင်္ဃန်းညီနောင်) ဓာတ်အားခွဲရုံကို ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်တွင် စတင် ဓာတ်အား လက်ခံရရှိခဲ့ပြီး ကော့ကရိတ်မြို့တွင် ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၇ ဒသမ ၅ မိုင် နှင့် ၆၆/၁၁ ကေဗွီအေ ၁၀ အမ်ဗွီအေ ကော့ကရိတ်ဓာတ်အားခွဲရုံမှ ကော့ကရိတ်မြို့ နှင့် ပတ်ဝန်းကျင် ကျေးရွာများ၊ မြ၀တီ (သင်္ဃန်းညီနောင်) - မြဝတီ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၈ ဒသမ ၇၉၇ မိုင် နှင့် ၆၆/ ၁၁ ကေဗွီအေ / ၁၀ အမ်ဗွီအေ မြ၀တီ ဓာတ်အားခွဲရုံမှ မြ၀တီမြို့ပေါ်ရပ်ကွက်အချို့ နှင့်ပတ်ဝန်းကျင်ကျေးရွာများ၊ ကော့ကရိတ် - ကြာအင်းဆိပ်ကြီး ၆၆ ကေဗွီ ဓာတ်အားလိုင်း ၄၁ ဒသမ ၄၈ မိုင်နှင့် ၆၆/၁၁ ကေဗွီအေ ၁၀ အမ်ဗွီအေ ကြာအင်းဆိပ်ကြီး ဓာတ်အားခွဲရုံမှ  ကြာအင်းဆိပ်ကြီးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သည်။

 

mdn

 

ထို့အတူ ကရင်ပြည်နယ် ဘားအံမြို့နယ် အိန္ဒကျေးရွာအနီးတွင် သထုံ - မော်လမြိုင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းမှ ၈ ဒသမ ၄၁ မိုင်နှင့် ၂၃၀/၆၆/၁၁ကေဗွီ (၂ x ၅၀ ) အမ်ဗွီအေ ဆဒ္ဒန် (ဘားအံ) ပင်မဓာတ်အားခွဲရုံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေ ဖြင့် Control Building နှင့် ခွဲရုံအဝင်လမ်းများကို ၂၀၁၉ ခုနှစ် သြဂုတ်လမှစတင်၍ တည်ဆောက်လျက်ရှိသည်။ ကျန်ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် အပြီးတည်ဆောက်သွားမည်ဖြစ်သည်။

 

ကရင်ပြည်နယ် ပိုင်ကျုံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် လှိုင်းဘွဲ့ (ချမ်းသာ) - ပိုင်ကျုံ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၁၉ မိုင်နှင့် ၃၃ ကေဗွီ Outgoing Switch (2)Set Incoming Switch Bay (1)set နှင့် ပိုင်ကျုံတွင် ၃၃/၁၁ ကေဗွီ/ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၁ ခုကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် JICA - ll အစီအစဉ်ဖြင့် ဓာတ်အားလိုင်းဆွဲခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက် ရှိသည့်အပြင် ကရင်ပြည်နယ် မဲလန်ကျေးရွာနှင့် ပတ်ဝန်းကျင်ဒေသကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၃၃ ကေဗွီ ဓာတ်အားလိုင်း ၇ ဒသမ ၅ မိုင်နှင့် ၃၃/၁၁ ကေဗွီ/ ၅ အမ်ဗွီအေ မဲလန်ဓာတ်အားခွဲ ရုံကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတို့ကို စတင်တည်ဆောက်လျက်ရှိသည်။

 

ဘောဂလိဓာတ်အားခွဲရုံကို တည်ဆောက်ခဲ့ပြီး ဘောဂလိမြို့ နှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဘားအံ (စက်မှုဇုန်) - လှိုင်းဘွဲ့ (ချမ်းသာ) ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၃ ဒသမ ၆၄ မိုင်နှင့်လှိုင်းဘွဲ့(ချမ်းသာ) ၆၆/၃၃/၁၁ ကေဗွီ (၁၀+၁၀) အမ်ဗွီအေ ဓာတ်အားခွဲရုံကို လှိုင်းဘွဲ့မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာ၊ ပိုင်ကျုံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ လှိုင်းဘွဲ့ (ချမ်းသာ) - မြိုင်ကြီးငူ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၂၅ ဒသမ ၂၄ မိုင်နှင့် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ မြိုင်ကြီးငူ ဓာတ်အားခွဲရုံ တည်ဆောက်ခဲ့ပြီး မြိုင်ကြီးငူနှင့် ပတ်ဝန်းကျင် ကျေးရွာများကို ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်ခဲ့သည်။

 

လှိုင်းဘွဲ့ (ချမ်းသာ) - ကမ်းနီ ၃၃ ကေဗွီ ဓာတ်အားလိုင်းကို ၁ ဒသမ ၂၅ မိုင်နှင့် ၃၃/၁၁ ကေဗွီ , ၅ အမ်ဗွီအေ ကမ်းနီဓာတ်အားခွဲရုံ တည်ဆောက်ခဲ့ပြီး လှိုင်းဘွဲ့မြို့နယ် ကမ်းနီကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများ၊ လှိုင်းဘွဲ့ (ကမ်းနီ) - ကမမောင်း ၃၃ ကေဗွီ ဓာတ်အားလိုင်း ၁၆ မိုင်၊ သံလွင်မြစ်ကျော်တာဝါတိုင် လေးတိုင်နှင့် ၃၃/၁၁ ကေဗွီ, ၅အမ်ဗွီအေ ကမမောင်း ဓာတ်အားခွဲရုံတို့ကို တည်ဆောက်ခဲ့ပြီး ကမမောင်းမြို့ နှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ လိပ်သို ၃၃ ကေဗွီ ဓာတ်အားလိုင်း ၂၄ ဒသမ ၀၅ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ လိပ်သိုဓာတ်အားခွဲရုံတို့ကို တည်ဆောက်ခဲ့ပြီး လိပ်သိုမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကို ဓာတ်အားစတင်ဖြန့်ဖြူးပေးနိုင်ခဲ့သည်။

 

ထို့ပြင် ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိက အစီအစဉ်ဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာ၌ ဆိုလာ (၂၈၀ ကေဗွီအေ) နှင့် ဒီဇယ် (၄ဝဝ ကေဗွီအေ) Hybrid ဓာတ် အားပေးစနစ်ဖြင့် မီးအသုံးပြုသူ ၁၅၀ ခန့်၊ တံခွန်တိုင်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာတွင် နေထိုင်သော မီးအသုံးပြုသူ ၂၅၀၀ ကို ၇၅၀ ကေဗွီအေ ဒီဇယ်ဂျင်နရေတာ လေးလုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားလျက် ရှိသည်။

 

မြို့ပြသာယာလှပရေးလုပ်ငန်းများ

 

ကရင်ပြည်နယ်အတွင်း မြို့ပြသာယာ လှပရေးလုပ်ငန်းများအနေဖြင့် (၄) နှစ်တာ ကာလအတွင်း ဒေသခံပြည်သူများ အပန်းဖြေနိုင်စေရန်ရည်ရွယ်၍ ဘားအံမြို့ ကမ်းနားလမ်း ညဈေး တည်ဆောက်ခြင်း လုပ်ငန်းများနှင့် မြို့ပြအင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးအတွက် လှိုင်းဘွဲ့မြို့နယ်ရှိ အောင်ဆန်းခန်းမ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဇမိခန်းမနှင့် သံတောင်ကြီးမြို့နယ်ရှိ ပသိခန်းမတို့ကို အကြီးစားပြုပြင် တည်ဆောက်ပေးနိုင်ခဲ့သည်။

 

လူထုဗဟိုပြုလုပ်ငန်းများ ဆောင်ရွက်

 

ကရင်ပြည်နယ်သည် (၄)နှစ်တာကာလအတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ပြည်သူတို့၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် သက်ရောက်မှုရှိသည့် လူထုဗဟိုပြု စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာ ၅၀ တွင် စီမံကိန်းထောက်ပံ့ငွေ ကျပ် ၁၀၁၅၉ သန်းဖြင့် လမ်း၊ တံတားလုပ်ငန်း ၄၂၂ ခု၊ ရေရရှိရေး လုပ်ငန်း ၁၇၁ ခု၊ စာသင်ကျောင်း တိုးချဲ့ ပြင်ဆင်ခြင်းလုပ်ငန်း ၂၂၆ ခု၊ မီးလင်းရေး လုပ်ငန်း ၁၃ ခု၊ ကျန်းမာရေးအဆောက်အဦ လုပ်ငန်းငါးခု၊ ကျေးရွာ အစည်းအဝေးခန်းမ ၃၂ ခုနှင့် အခြားလုပ်ငန်းသုံးခုကို ပြည်နယ် အစိုးရအဖွဲ့က အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။

 

mdn

 

ထို့အတူ လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာ ၇၁ ရွာတွင် စီမံကိန်းထောက်ပံ့ငွေကျပ်သန်း ၇၃၇၀ ဖြင့် လမ်း၊ တံတားလုပ်ငန်း ၂၈၃ ခု၊ ရေရရှိရေးလုပ်ငန်း ၂၉ ခု၊ စာသင်ကျောင်း တိုးချဲ့ ပြင်ဆင်ခြင်းလုပ်ငန်း ၉၀ ၊ မီးလင်းရေး လုပ်ငန်း ၂၉ ခု၊ ကျန်းမာရေးအဆောက်အဦ လုပ်ငန်း သုံးခု၊ ကျေးရွာအစည်းအဝေးခန်းမ ၁၀ ခုနှင့် အခြားလုပ်ငန်း ခြောက်ခု၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာ ၅၃ ရွာတွင် စီမံကိန်း ထောက်ပံ့ငွေကျပ် ၅၈၀၁ သန်းဖြင့် လမ်း၊ တံတားလုပ်ငန်း ၂၈၆ ခု၊ ရေရရှိရေး လုပ်ငန်း ငါးခု၊ စာသင်ကျောင်း တိုးချဲ့ ပြင်ဆင်ခြင်းလုပ်ငန်း ၅၈ ခု၊ မီးလင်းရေးလုပ်ငန်းသုံးခုနှင့် ကျေးရွာအစည်းအဝေးခန်းမ ၁၁ ခု ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။

 

အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများ

 

ကရင်ပြည်နယ်အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ သင့်လျော်ကောင်းမွန်သော အိမ်ရာများတွင် နေထိုင်နိုင်ရေးအတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ (၄)နှစ်တာကာလအတွင်း ဝန်ထမ်း အိမ်ရာ ၇၁ လုံးတွင် အခန်းပေါင်း ၄၃၂ ခန်း၊ အငှားအိမ်ရာ ၇၆ လုံးတွင် အခန်းပေါင်း ၁၄၂ ခန်းနှင့် အငြိမ်းစားဝန်ထမ်းအရောင်းအိမ်ရာ သုံးလုံးတွင် အခန်းပေါင်း ၄၈ ခန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ။

 

စက်မှုဇုန်ဆောင်ရွက်မှု

 

ကရင်ပြည်နယ်အတွင်း ဒေသခံ တိုင်းရင်းသားများနှင့် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ စားဝတ်နေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ အဆင်ပြေချောမွေ့ရေးအတွက် ဘားအံစက်မှုဇုန် အတွင်း ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံ သည့် Fllu Tex Co.,Ltd တွင် ဝန်ထမ်း ၂၁၇၇ ဦးကို ခန့်ထားပြီး ၎င်းကုမ္ပဏီမှ ထွက်ရှိသည့် အထည်များကို ဟောင်ကောင်၊ တရုတ်၊ စပိန်နှင့် ဥရောပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေအမေရိကန်ဒေါ်လာ ၁၅၀၈၇၇၀ ဒသမ ၉၉ ရရှိခဲ့သည်။

 

mdn

 

ထို့ပြင် ပြည်တွင်း၌ အသုံးပြုနိုင်ရန် အတွက် SKK ကာလာအမိုးပြားထုတ်လုပ်မှု စက်ရုံမှ ၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေကျပ် ၂ သန်းကျော်နှင့် Kyaw 3 ကော်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရေးလုပ်ငန်းမှ ၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေကျပ် ၃၂၇ သန်း ရရှိခဲ့သည်။

 

ငြိမ်းချမ်းရေးအဖွဲ့အစည်းများသို့ ထောက်ပံ့

 

 

ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU, DKBA, KNU/KNLA(PC) အဖွဲ့များကို ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုစေရန်၊ ငြိမ်းချမ်းရေးအရ ပြန်လည်ဝင်ရောက်လာသော မိသားစုများကို ထောက်ပံ့ပေးနိုင်ရန်နှင့် တပ်ဖွဲ့ဝင်မိသားစုများ ဝင်ငွေပိုမိုတိုးတက်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်ပြီးငြိမ်းချမ်းရေး အဖွဲ့အစည်းများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ ငြိမ်းချမ်းရေးအဖွဲ့  ၁၉ ဖွဲ့ကို နွား ၇၀၇ ကောင်၊ ဆိတ် ၂၃၉၁ ကောင်၊ ဝက် ၁၅၃၄ ကောင်၊ ဘဲအကောင် ၃၀၀၊ ကျွဲ ၁၁၅ ကောင်၊ ဒေသကြက် ကောင်ရေ ၁၀၈၆၀ နှင့် ဥအသားစားကြက်ကောင်ရေ နှစ်သောင်းတို့အတွက် ငွေကျပ် ၁၉၇၂၆ သိန်း တို့ကို ထောက်ပံ့ပေးနိုင်ခဲ့သည်။

 

ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများဖြင့်တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကျောင်း ဆောင်ရွက်နိုင်ရန် အတွက် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း ဝဥ၊ ဖာလာ၊ ကော်ဖီ၊ နဂါးမောက်၊ ကျွဲကော၊ နနွင်း၊ မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ ကြက်မောက်၊ ပိန်းဥနှင့် ပဲတီစိမ်း စသည့် စိုက်ပျိုးသီးနှံများအတွက် ထောက်ပံ့ငွေကျပ်သိန်း ၆၆၀ ကို ထောက်ပံ့ ပေးခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ မြတီမြို့နယ် ထီးဝါးပလောကျေးရွာရှိ မွေးမြူရေးစခန်းနှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ဘုရားသုံးဆူမြို့ ထိခိုင်ကျေးရွာတို့ကို စပါး၊ အစေ့ထုတ်ပြောင်းနှင့် ပဲတီစိမ်း ဧက ၅၀ စီနှင့် ကျွဲကာ သုံးဧကအတွက် ထောက်ပံ့ငွေကျပ် ၂၇၀ ဒသမ ၈၂၅၉ သိန်းစီကော့ကရိတ်မြို့နယ် ထို့ကော်ကိုး နော်တယာမြိုင်ဒေသရှိ စပါးက ၁၀၀ ၊ ကျွဲကော ၁၀ ဧက၊ ရော်ဘာ ၂ ဒသမ ၅ ဧကနှင့် ပိုးစာပင် ၇ ဒသမ ၅ ဧကအတွက် ငွေကျပ် ၁၅၅ ဒသမ ၀၇၈၂ သိန်း အသီးသီး ထောက်ပံ့ပေးနိုင်ခဲ့သည်။

 

ခရီးသွားလုပ်ငန်းကဏ္ဍ

 

ကရင်ပြည်နယ်သည် သဘာဝတောတောင်အလှအပများ၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ပေါကြွယ်ဝပြီး ခရီးသွား ဧည့်သည်များအတွက် လေ့လာကြည့်ရှု အပန်းဖြေစရာ နေရာများဖြင့် ပြည့်စုံသော ဒေသတစ်ခုဖြစ်သည့်အလျောက် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားစွာ လာရောက်လည်ပတ်လျက်ရှိသည်။ ။

 

ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာသည့်အတွက် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားလာကာ ပြည်နယ်၏ အသက်မွေးဝမ်းကျောင်းကဏ္ဍတွင် အဓိကကျသော လုပ်ငန်းတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်လျက်ရှိသည်။

 

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း  

 

ကရင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်၌ လိုင်စင်ရဟိုတယ် ၁၆ လုံးရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် လိုင်စင်ရဟိုတယ် ၄၃ လုံးဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။ ခရီးသွားလုပ်ငန်းတွင် ၂၀၁၆ ခုနှစ်၌ ပြည်တွင်း ခရီးသွား ၇၇၅၉၄၆ ဦးနှင့် ပြည်ပခရီးသွား ဧည့်သည် ၁၅၉၇၄၉ ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ ပြည်တွင်းခရီးသွား ၁၀၃၉၄၂၆ ဦးနှင့် ပြည်ပခရီးသွား ၂၆၅၆၅၈ ဦး လာရောက်လည်ပတ်ခဲ့သဖြင့် ကရင်ပြည်နယ် ၏ ဟိုတယ်လုပ်ငန်းကဏ္ဍတွင် ၁၆၉ ရာခိုင်နှုန်း၊ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပြည်တွင်းခရီးသွား ၃၄ ရာခိုင်နှုန်းနှင့် ပြည်ပခရီးသွား ၆၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။

 

တိုးတက်လာသော ခရီးသွားလုပ်ငန်းကဏ္ဍနှင့်အညီ ဝန်ဆောင်မှုကောင်းများကို ပံ့ပိုးနိုင်ရန် ရည်ရွယ်၍ ဟိုတယ်ဝန်ဆောင်မှု၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံ၊ အင်္ဂလိပ်စာအခြေခံနှင့် Guest List Information Management System အစရှိသည့်သင်တန်းများကို ဖွင့်လှစ်သင်ကြားခဲ့ရာ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ သင်တန်း ၂၃ ကြိမ်နှင့် သင်တန်းသား ၂၀၀၀ ကျော်ကို သင်ကြားပို့ချပေးနိုင်ခဲ့သည်။

 

အလားတူ လူထုအခြေပြု ခရီးသွား လုပ်ငန်း (CBT) တစ်ခုကို သံတောင်ကြီးမြို့၌ ၂၀၁၅ ခုနှစ်မှစတင်၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ဘားအံမြို့အနီးရှိ မွန့်စတီးကျေးရွာကို (CBT) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို တင်ပြထားကြောင်း သိရသည်။

 

ကရင်ပြည်နယ်တွင် ခရီးသွားလာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ အပန်းဖြေစေနိုင်ရန်နှင့် မြို့၏ သဘာဝရှုခင်း များ ကြည့်ရှုခံစားနိုင်ရန်ရည်ရွယ်၍ မိုးပျံ ပူဖောင်းစီးခရီးစဉ်ကို ၂၀၁၉ ခုနှစ်အတွင်း စမ်းသပ်ပျံသန်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပွင့်လင်း ရာသီမှ စတင်ကာ ပျံသန်းသွားမည်ဖြစ်သည်။

 

ပညာရေးကဏ္ဍ

 

ကရင်ပြည်နယ်အတွင်း ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ ပညာရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှသာလျှင် ပြည်နယ်အတွင်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဟု ဆိုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် တက္ကသိုလ်၊ ကောလိပ်များ၌ လုံလောက်သော စာသင်ဆောင်များ၊ သင်ကြားမှု အထောက်အကူပြု အဆောက်အဦများ၊ ပုံမှန်မဟုတ်သည့် စာသင်ချိန်များ ရှိလာစေရန် ရည်ရွယ်၍ ပြည်နယ် အစိုးရအနေဖြင့် ဘားအံတက္ကသိုလ်တွင်လူဦးရေ ၁၂၀၀ ဆံ့ ဘွဲ့နှင်းသဘင်ခန်းမကို ၂၀၁၈ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်ဖေဖော်ဝါရီလ အထိ ၈၀ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။

 

mdn

 

ထို့ပြင် ဘားအံကွန်ပျူတာတက္ကသိုလ်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ နေထိုင်နိုင်ရန်အတွက် လေးခန်းတွဲ လေးထပ်ဆောင် အရာထမ်း အိမ်ရာ၊ လေးခန်းတွဲ လေးထပ်ဆောင် အမှုထမ်းအိမ်ရာနှင့် ကျောင်းသား၊ ကျောင်းသူ၁၀၀ ဆံ့ အိပ်ဆောင်အဆောက်အဦ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ဘားအံ) တွင်RC နှစ်ထပ်စာသင်ဆောင်၊ (၁၅၂ x ၃၄) ပေ Student Dormitory R.C.C. Building (၁၉၂ x ၃၈) ပေရှိ RC သုံးထပ်စာသင်ဆောင်၊ (၁၀၀ x ၄၀) ပေရှိ သံကူကွန်ကရစ် လေးထပ် ကျောင်းသား၊ ကျောင်းသူ အဆောင်နှင့် (၁၂၀ x ၄၀) ပေရှိ သံကူကွန်ကရစ် ခြောက်ခန်းတွဲ ဆရာ၊ ဆရာမ အဆောင်၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (သံတောင်ကြီး) တွင် (၁၉၂ x ၃၈) ပေရှိ RC သုံးထပ်စာသင်ဆောင်၊ (၁၅၀ x ၇၅) ပေရှိ Steel Structure တစ်ထပ်ဆောင် အလုပ်ရုံ နှစ်ဆောင်နှင့် (၇၈x၉၄) ပေ ရှိ သံကူကွန်ကရစ် လေးခန်းတွဲ လေးထပ် ဆရာ၊ ဆရာမအဆောင်၊ အစိုးရစက်မှုလက်မှု သိပ္ပံ (ဘားအံ)တွင် (၁၉၂x ၃၈) ပေရှိ RC သုံးထပ်စာသင်ဆောင်(၁၂၅ x ၈၂) ပေရှိ Steel Structure တစ်ထပ်ဆောင် အလုပ်ရုံနှင့် (၇၈x ၉၄) ပေရှိ သံကူကွန်ကရစ် လေးခန်းတွဲ လေးထပ် ဆရာ၊ ဆရာမ အဆောင်တို့ကို ဆောက်လုပ်ပေးလျက်ရှိသည်။

 

အခြေခံပညာကဏ္ဍ

 

အခြေခံပညာကဏ္ဍတွင် ကျောင်းဆောင်များ ဥပဓိရုပ် ကောင်းမွန်ရေးအတွက် အသစ်တည်ဆောက်ခြင်းနှင့် ကျောင်းသားဦးရေအရ တိုးချဲ့ ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်ရေးအတွက် ငွေလုံးငွေရင်း ခေါင်းစဉ်ဖြင့် ကျောင်းပေါင်း ၅၆၃ ကျောင်းအတွက် ခွင့်ပြု ငွေကျပ် သန်း ၃၄၂၇၀ ဒသမ ၀၃၂၈ ၊ သာမန် ခေါင်းစဉ်အောက်မှ ကျောင်းပေါင်း ၅၁၆ ကျောင်းအတွက် ခွင့်ပြုငွေကျပ်သန်း ၄၃၄၀ ဒသမ ၅၀၂၉၊ စာရေးခုံပြည့်စုံစေရေး ဖြည့်ဆည်းခြင်းအတွက် ခွင့်ပြုငွေကျပ် ၁၄၄၁ ဒသမ ၆၃ သန်း၊ သင်ကြားရေးအထောက်အကူ ပြုအတွက် ကွန်ပျူတာ ၄၁၄ လုံးကို ခွင့်ပြုငွေ ကျပ်သန်း ၄၄၂ ဒသမ ၉၈ သန်း၊ ကျောင်း စာကြည့်တိုက် အသုံးပြုမှု ဖွံ့ဖြိုးစေရေးအတွက် ဗီရို ၅၆၃ လုံးနှင့် Book Trolley ၁၁၉၉ လုံး အတွက် ခွင့်ပြုငွေကျပ်သန်း ၂၈၆ ဒသမ ၄၅၅ သန်း ခွင့်ပြုခဲ့သည်။

 

ကျန်းမာရေးကဏ္ဍ

 

ကျန်းမာရေးကဏ္ဍအနေဖြင့် ကုသရေး ဦးစီးဌာန၌ ခုတင် (၂၀၀) ဆံ့ ဆေးရုံ တစ်ရုံ၊ ခုတင် (၁၀၀)ဆံ့ ဆေးရုံ သုံးရုံ၊ ခုတင် (၅၀)ဆံ့ ဆေးရုံ နှစ်ရုံ၊ (၂၅) ခုတင်ဆံ့ ဆေးရုံ ခုနစ်ရုံနှင့် (၁၆) ခုတင်ဆံ့ ဆေးရုံ ၂၄ ရုံတို့တွင် အထူးကု ဆရာဝန်ကြီး ၁၆ ဦး၊ အထူးကုဆရာဝန် ၁၈ ဦးနှင့် ဆရာဝန် ၁၈၇ ဦးတို့ဖြင့် ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ကရင်ပြည်နယ်ကုသရေး ဦးစီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်(၄)နှစ်တာ ကာလအတွင်း အရာထမ်း ၃၇၄ ဦး တိုးမြှင့် ခန့်ထားနိုင်ခဲ့သည့်အပြင် ကျန်းမာရေးအညွှန်းကိန်းများ နှစ်စဉ်တိုးတက်များပြား လာခဲ့သည်။ ပြည်နယ် ကုသရေးဦးစီးဌာနအနေဖြင့် (၄) နှစ်တာ ကာလအတွင်း ဘတ်ဂျက်ငွေကျပ် သန်းပေါင်း ၁၄၆၅၈ ဒသမ ၄၇ သန်းအထိ ခွဲဝေသုံးစွဲခွင့် ရရှိခဲ့သဖြင့် ၎င်းဘတ်ဂျက်ငွေများမှ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရန်အတွက် ငွေကျပ်သန်း ပေါင်း ၂၉၇၆ သန်း ဝယ်ယူသုံးစွဲခဲ့သည်။

 

(၄)နှစ်တာကာလအတွင်း ကုသရေးဆိုင်ရာ အဆောက်အဦ တိုးတက်မှုအနေဖြင့် မြဝတီခရိုင်တွင် ပြည်သူ့ဆေးရုံ (၄) ထပ်ဆောင် တစ်ဆောင်နှင့် ကျောက်ကပ်ရောဂါ ကုသရေးအတွက် ကျောက်ကပ်ဆေးကြော သန့်စင်စက် သုံးလုံးကို ဘားအံပြည်သူ့ဆေးရုံကြီးတွင် တပ်ဆင်ပြီး ကုသမှုများဆောင်ရွက်ပေးလျက်ရှိသည်။

 

ထို့ပြင် စံကိုက်တိုက်နယ်ဆေးရုံ သုံးရုံ၊ တိုးချဲ့လူနာ နှစ်ထပ်ဆောင် နှစ်ဆောင်၊ ဝန်ထမ်းအိမ်ရာများအဖြစ် ရှစ်ခန်းတွဲ လေးထပ် တစ်ဆောင်၊ လေးခန်းတွဲ သုံးထပ် တစ်ဆောင်၊ သူနာပြုနေအိမ် လေးခန်းတွဲ တစ်ထပ် ခုနစ်လုံးနှင့် ဆရာဝန်အိမ်ရာ ခြောက်လုံးတို့ကို အသစ်ဆောက်လုပ်ပေးနိုင်ခဲ့ သည့်အပြင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် စံကိုက်တိုက်နယ်ဆေးရုံ တစ်ရုံနှင့် ဝန်ထမ်းအိမ်ရာ ၁၁ ခုတို့ကို ဆက်လက်ဆောက်လုပ်နေသည်။

 

ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ဒေသန္တရကျန်းမာရေးဌာနတစ်ခု၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာန ခုနစ်ခု၊ ကျောင်းကျန်းမာရေးဌာန တစ်ခု၊ ကျေးလက် ကျန်းမာရေးဌာန ၆၄ ခုနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲ ၂၇၃ ခုတို့တွင် အရာထမ်း ၄၁ ဦးနှင့် အမှုထမ်း ၉၈၇ ဦး စုစုပေါင်း ၁၀၂၈ ဦးတို့ဖြင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများကို နှစ်စဉ်တိုးချဲ့ ခန့်ထားလျက် ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၄)နှစ် တာ ကာလအတွင်း ကျန်းမာရေးဝန်ထမ်း ၆၅၅ ဦး တိုးချဲ့ခန့်ထားနိုင်ခဲ့သည်။

 

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် (၄) နှစ်တာကာလအတွင်း ကျန်းမာရေး ဘတ်ဂျက် ငွေကျပ်သန်းပေါင်း ၆၇၃၂ ၇၄၅ သန်းဖြင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လေးထပ်ဝန်ထမ်းအိမ်ရာ တစ်လုံး၊ ဘာအံ၊ ကော့ကရိတ်နှင့် မြဝတီမြို့နယ်များတွင် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံး သုံးခု၊ ဘားအံ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီးနှင့် မြဝတီမြို့နယ်များတွင် မိခင်နှင့်ကလေး ကျန်းမာရေးဌာန လေးခု၊ ဘားအံမြို့နယ်တွင် ဇာသပြင်တိုက်နယ် ကျန်းမာရေးဌာန၊ လှိုင်းဘွဲ့ မြို့နယ်တွင် ရွှေဂွန်းတိုက်နယ် ကျန်းမာရေးဌာန၊ ဖာပွန်မြို့နယ်တွင် ကမမောင်းတိုက်နယ် ကျန်းမာရေးဌာနတို့တွင် အဆောက်အဦ ၆၆ လုံး ဆောက်လုပ်ပေးနိုင်ခဲ့သည့်အပြင် မြို့နယ် ခုနစ်မြို့နယ်အတွင်း ကျေးလက်ကျန်းမာရေး ဌာန ၁၂ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၃ ခု၊ ပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့် သံတောင်ကြီးနှင့် ဖာပွန်မြို့နယ်တို့တွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ နှစ်ခုစီ စုစုပေါင်း အဆောက်အဦ လေးလုံးအတွက် ငွေကျပ်သန်းပေါင်း ၂၄၀ ဖြင့် ဆောက်လုပ်ပေး နိုင်ခဲ့သည်။

 

(၄)နှစ်တာကာလအတွင်း ပြင်ဆင်ထိန်း သိမ်းရေးရန်ပုံငွေကျပ်သန်းပေါင်း ၁၀၇၂ ဒသမ ( ၁၇၇ သန်းဖြင့် ပြည်သူ့ကျန်းမာရေးဌာန အောက်ရှိ အဆောက်အဦ ၃၅၅ လုံးကို ပြင်ဆင်ထိန်းသိမ်းပေးနိုင်ခဲ့ပြီး ဆေးနှင့် ဆက်စပ် ပစ္စည်းများကို ရန်ပုံငွေကျပ်သန်းပေါင်း ၂၃၆၅ ဒသမ ၃၀၃ သန်းဖြင့် ဝယ်ယူနိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ဆဲ ကျန်းမာရေးအဆောက်အဦ တစ်ခုနှင့် ကျန်းမာရေးအဆောက်အဦအသစ် ၂၂ ခုအတွက် ငွေကျပ်သန်းပေါင်း ၁၇၆၀ ဒသမ ၁ သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်နေသည်။

 

ထို့ပြင် ကရင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နှင့် ဆေးပစ္စည်းကိရိယာ များကို ပြည်သူများရရှိသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှ ပြဋ္ဌာန်းထားသည့် ဥပဒေ၊နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်နိုင်ရန်အတွက် မြဝတီမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းနှင့် ဝန်ထမ်းအိမ်ရာတို့ကို တည်ဆောက်ခဲ့သည်။

 

ကရင်ပြည်နယ် အစိုးရအနေဖြင့် (၄)နှစ်တာကာလအတွင်း ပြည်သူများအတွက် အချိန်တိုအတွင်း ထိရောက်သည့် လုပ်ငန်းများကို ဖော်ဆောင်ပေးခဲ့သည့်အပြင် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ မကြာမီ ကာလအတွင်း ဒေသခံ တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်များကို ဖော်ဆောင်ပေးနိုင်တော့မည်ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ပါသည်။