ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပန်းတနော် ၂၆ ဩဂုတ် 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ကရင်လူမျိုးအများစု နေထိုင်ကြပြီး ဝါခေါင်လရောက်တိုင်း ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ကျင်းပလေ့ရှိကြရာ ဩဂုတ် ၂၅ ရက် နံနက် ၉ နာရီက ပိန်းချောင်းကျေးရွာ ဝံသာနုရာမကျောင်းတိုက်၌ ကရင်ရိုးရာ ထုံးတမ်းအစဉ်လာများနှင့်အညီ ရိုးရာချည်ဖြူဖွဲ့မင်္ဂလာကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

 

 

ရှေးဦးစွာ နာယကဆရာတော် တေဇလင်္ကာရနှင့် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာမန်းခင်မောင်စိုးတို့က ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာကို ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ မပျောက်ပျက်စေရန်၊ ကရင်ရိုးရာဓလေ့များကို ထိန်းသိမ်းမြတ်နိုးတက်လာစေရန်နှင့် ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအကြောင်းကို သိရှိနာလည်းစေရန် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ အခမ်းအနားကို ရည်ရွယ်ကျင်းပရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

 

 

 

ထို့နောက် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာဖြစ်ပေါ်လာပုံကို ပိုးကရင်ဘာသာစကား၊ မြန်မာဘာသာစကားများဖြင့် ဖတ်ကြားပြီးနောက် ချည်ဖြူဖွဲ့မင်္ဂလာပွဲကို ဆက်လက်ကျင်းပရာ ရှေးကရင်လူကြီးများက ယခုလိုကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ ကွဲကွာနေသော မိသားစုဝင်များ ပြန်လည်ဆုံတွေ့ရခြင်း၊ လူကြီးမိဘများ၏ ဆုံးမဩဝါဒများကို ခံယူရခြင်း၊ လူမှုရေးကိစ္စများ ဆွေးနွေးတိုင်ပင်ရခြင်းနှင့် အချင်းချင်းချစ်ခင် သွေးစည်းညီညွတ်မှုကို ရရှိစေခြင်းတို့ကို ရည်ရွယ်ကြောင်း သိရသည်။ ရိုးရာချည်ဖြူဖွဲ့ ရောဂါကုထုံးတစ်ခုအဖြစ် အိမ်သားတစ်ဦးတစ်ယောက် မကျန်းမမာဖြစ်ခြင်း၊ တစ်စုံတစ်ခုထိတ်လန့်မှုကြောင့် ကယောင်ချောက်ချားဖြစ်နေခြင်း၊ မကောင်းဆိုးဝါးများ ခန္ဓာကိုယ်မှ ထွက်ခွာသွားစေပြီး ကောင်းသော ဝိဉာဉ်လိပ်ပြာများ ပြန်လည်ဝင်ရောက်လာစေရန် ကရင်ဘာသာဖြင့် ချည်ဖြူဖွဲ့ရွတ်ဆိုခေါ်ယူပြီး ကုသသည့် သဘောဖြစ်ကြောင်း သိရှိရသည်။

 

 

 

 

ကရင်လူမျိုးများတွင် မင်္ဂလာဆောင်သည့်အခါ လက်ချည်ခြင်း၊ ဆွေမျိုးသားချင်းထဲမှ တစ်ဦးဦးသေဆုံးသည့်အခါ လိပ်ပြာခေါ်လက်ချည်ခြင်း၊ မကောင်းဆိုးဝါးဝင်ပူးပြီး ကြောက်လန့်ဖျားနာခြင်း ဖြစ်သည့်အခါ လိပ်ပြာခေါ်လက်ချည်ခြင်း စသည့် ရိုးရာချည်ဖြူနှင့် လက်ချည်ခြင်းမင်္ဂလာ (၃)မျိုးရှိကြောင်း သိရသည်။ 

 

 

ချည်ဖြူဖွဲ့ရာတွင် ပါဝင်သည့် ပစ္စည်း(၇)မျိုးရှိရာ ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ ရေ၊ ကြံပိုင်း စသည့် ပစ္စည်းတစ်ခုချင်းစီတွင် အဓိပ္ပါယ်တစ်မျိုးစီ ရှိနေကြောင်း တွေ့နိုင်သည်။ ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းသည့် ပွဲတစ်ခုဖြစ်ပြီး အဆိုပါကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့ ကရင်တိုင်းရင်းသားတိုင်းရင်းသူ စုစုပေါင်း ၃၀ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ ဆက်)