ကရင်သက္ကရာဇ် ၂၇၅၇ ခုနှစ် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ

၁၈ သြဂုတ်

 

ကရင်လူမျိုးတို့ ဘိုးဘွား၊ ဆွေစဉ်မျိုးဆက် ယုံကြည်မြတ်နိုးတန်ဖိုးထားကာ ဘိုးဘွားအမွေအနှစ်အဖြစ် ထိန်း သိမ်းလျက်ရှိသော ရိုးရာဓလေ့များအနက် ဝါခေါင်လအတွင်းကျင်းပသော ချည်ဖြူဖွဲ့မင်္ဂလာရိုးရာဓလေ့ပွဲတော် သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။


“ကြိုးအများဆုံး အချည်ခံရတဲ့လူက ဒီပွဲမှာ ပေါင်းသင်းဆက်ဆံရေးကအစ ချစ်ခင်နှစ်သက်မှု အများဆုံးရတဲ့ သူပေါ့” ဟု လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၏ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးလည်းဖြစ်၊ ကရင် တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

 

ရှေးပဝေသဏီအချိန်ကာလကတည်းက ကရင်လူမျိုးတို့သည် ဝါခေါင်လတွင် မိမိတို့လူမျိုးများ ကျန်းမာသန်စွမ်း ရှိကြစေရန်၊ စိတ်ဝမ်းမကွဲရှိကြစေရန်အတွက် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် မင်္ဂလာအမွှမ်းပြုကာ ဖွဲ့ နှောင်ပေးလေ့ရှိကြသည်ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

 

“အသက်အရွယ်ပိုင်းခြားထားတာမရှိပါဘူး၊ တစ်နှစ်တစ်ခါ လက်ချည်ကြတာ၊ မွေးကင်းစကလေးကိုလည်း ချည်ပေးတယ်၊ သူငယ်ချင်းအချင်းချင်းလည်းချည်ကြတယ်၊ အမျိုးသားက အမျိုးသမီးကို ချစ်ခင်နှစ်သက် သဘောကျလို့ လက်ချည်တာလည်းရှိတယ်၊ ကျန်းမာရေးကောင်းစေချင်တဲ့ ဆန္ဒပြုပြီး ချည်တာလည်းရှိတယ်” ဟု ဒေါ်နော်ပန်းသဉ္ဇာမျိုး ကပြောသည်။

 

ကရင်လူမျိုးတို့သည် တိဘက်ကုန်းမြင့်မှ ဆင်းသက်လာပြီး ရေကြည်ရာမြက်နုရာ အရပ်ဒေသကိုရှာဖွေရာတွင် အုပ်စုများခွဲ၍ ထွက်လာခဲ့ကြရာ နောင်အခါ ပြန်လည်ဆုံတွေ့ပါက တစ်ဦးနှင့်တစ်ဦး မှတ်မိစေရန် ချည်ကြိုး ဖြူဖြင့် အမှတ်အသားပြုလုပ်ရန် ကရင်ခေါင်းဆောင်များ တိုင်ပင်ခဲ့ကြရာမှ ယနေ့မျက်မှောက်ခေတ်တွင် ချည်ဖြူဖွဲ့မင်္ဂလာပြုခြင်းဓလေ့ တည်ရှိလာသည်ဟု အဆိုရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်း ရင်း သားစာပေ၊ ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

 

ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်းကို အရှေ့ ပိုးကရင်အခေါ်အားဖြင့် ‘ခိုင်စူး’ ဟုခေါ်ကြောင်း၊ ‘ခိုင်’မှာ မင်္ဂလာပြုသော ချည်ဖွဲ့နှောင်ခင်းဖြစ်ပြီး ‘စူး’မှာ လက်ကိုခေါ်ခြင်းဖြစ်ရာ အဓိပ္ပာယ်မှာ ချည်ဖြူဖြင့်လက်ကို ရစ်ပတ်ချည်နှောင်ပြီး မင်္ဂလာပြုခြင်းဖြစ်ကြောင်း သိရသည်။
ကရင်ရိုးရာ ချည်ဖြူဖွဲ့ခြင်းသည် ယေဘုယျအားဖြင့် သုံးမျိုးရှိပြီး ထိုသုံးမျိုးမှာ အခြေအနေအချိန်အခါကိုလိုက်၍ ပြုလုပ် လေ့ရှိသည့် (၁) လိပ်ပြာခေါ် ချည်ဖြူဖွဲ့ခြင်း၊ (၂) ထိမ်းမြားမင်္ဂလာ ချည်ဖြူဖွဲ့ခြင်း၊ (၃) ဝါခေါင် လချည်ဖြူဖွဲ့ခြင်းဟူ၍ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

 

ဝါခေါင်လရောက်တိုင်း ကရင်လူမျိုး အိမ်ထောင်စုတိုင်း ဝတ္တရားမပျက် ချည်ဖြူဖွဲ့ကြသည်။ တစ်ရွာလုံး၊ တစ်နယ်လုံး စုပေါင်း၍လည်း ချည်ဖြူဖွဲ့ကြသည်။ ဝါခေါင်လတွင် ချည်ဖြူဖွဲ့ခြင်းဖြစ်ရာ ဝါခေါင်လချည်ဖြူဖွဲ့ခြင်း ဟူ၍ခေါ်ဝေါ်သမုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ချည်ဖြူဖွဲ့ခြင်းပြုလုပ်ရာတွင် ဒေသကို လိုက်၍သော်လည်းကောင်း၊ ယဉ်ကျေးမှု လွှမ်းမိုးခြင်းခံရ၍ သော် လည်းကောင်း လုပ်နည်းလုပ်ဟန်များ၊ အယူအဆများ အနည်းအကျဉ်း ကွဲလွဲနေတတ်သော်လည်း ချည်ဖြူဖွဲ့ ခြင်းရည်ရွယ်ချက်နှင့် အနှစ်သာရမှာ အတူတူပင်ဖြစ်သည်။ဝါခေါင်လချည်ဖြူဖွဲ့သည့် ဓလေ့ကို ရှေးကရင်လူကြီးများက ကြီးမားသော ရည်ရွယ်ချက်များဖြင့် နောင်လာမည့် သားမြေးများကို လိုက်နာကျင့်သုံးရန် အမြော်အမြင်ကြီးစွာဖြင့် ထားရစ်ခဲ့ခြင်းဖြစ်သည်။

 

ချည်ဖွဲ့ရာတွင် လင်ပန်း၊ ဗျပ်၊ ဆန်ကော တစ်ခုခုပေါ်တွင် ထမင်း ခုနစ်ဆုပ်၊ ကောက်ညှင်း ဖင်ချွန်ခုနစ်ထုပ်၊ ငှက်ပျောသီးမှည့် ခုနစ်လုံး၊ နတ်ပန်းညို ခုနစ်ခက်၊ ကြံပိုင်းငယ် ခုနစ်ပိုင်း၊ ရေတစ်ဖလား၊ ယောက်မ၊ ချည်ဖြူ စသည့် အရာဝတ္ထုပစ္စည်းများပါဝင်ပြီး ထိုအရာဝတ္ထု များပေါ်တွင် အရှည်တစ်တောင်ခန့် ချည်ဖြူ များကို ဖြတ်ပြီး စီထားကြောင်း သိရသည်။ချည်ဖြူဖွဲ့ရာတွင် ပါဝင်သော ပစ္စည်းများမှာ သူ့အဓိပ္ပာယ်နှင့်သူ ရှိနေပြီးသားဖြစ်ပြီး ချည်ဖြူချည်ရခြင်းမှာ ကရင်လူမျိုးမှန်လျှင် လက်ကောက်ဝတ်တွင် ချည်ဖြူအမှတ်အသား ပါရှိရမည်ဟု ရှေးအစဉ်အဆက်က မှတ်သား လာခဲ့ကြသည်ကတစ်ကြောင်း၊ ချည်ဖြူမျှင် တစ်မျှင်ကို ပြတ်အောင် ဆွဲဖြတ်နိုင်သော်လည်း ချည်မျှင်စုစည်း၍ ဖွဲ့ချည်ထုံးနှောင်သော အခါတွင် ဆွဲဖြတ်သော်လည်း မဖြတ်နိုင် သကဲ့သို့ ကရင်လူမျိုးများ အချင်းချင်းသည် လည်း ချည်ဖြူများပမာ စုစည်းခိုင်မာရသည့် သဘောကို ဆောင်ကြောင်းသိရသည်။

 

“ကျွန်မ ငယ်ငယ်တုန်းကဆို ဘားအံမှာ ပျော်တာပဲသိတယ်၊ အဲဒီနေ့ရောက်ရင် သွားရ မယ်၊ မုန့်တွေစားရမယ်၊ ပြီးတော့ ကြိုးတွေ ချည်ပေးလိုက်တယ် ဒီလိုပဲသိခဲ့တာ၊ ငယ်တဲ့ အရွယ်ဆိုတော့ ဒီလိုကြိုးလေးတွေ ချည်ပေး လိုက်တယ်ဆိုရင်ပဲ အန္တရာယ်ကင်းသလိုကို ခံစားမိတာ”ဟု ဒေါ်နော်ပန်းသဉ္ဇာမျိုးက သူ၏ငယ်စဉ်က အတွေ့ အကြုံကို ပြန်ပြောပြသည်။ကရင်သက္ကရာဇ် ၂၇၅၇ ခုနှစ် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ကရင်လူမျိုး တို့ နေထိုင်ရာ နေရာဒေသအသီးသီးတွင် ကျင်းပသည်သာမက ရန်ကုန်တိုင်းဒေသကြီး တွင်လည်း ဩဂုတ် ၂၈ ရက်တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ တိုင်း ဒေသကြီးအဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

“ကရင်ပြည်နယ်ဘက်မှာက လုပ်တယ်၊ ရန်ကုန်မှာဆိုရင် မြို့နယ်အချို့မှာ ကိုယ့်အုပ်စု နဲ့ ကိုယ်ကျင်းပတာ ပဲရှိတာ၊ ဒီလိုပွဲကြီးကျင်းပ ဖြစ်တာ ဒါပထမဆုံးပဲ”ဟု ဒေါ်နော်ပန်း သဉ္ဇာမျိုးက ပြောသည်။အဆိုပါပွဲတွင် ကရင်လူမျိုးတို့၏ ရိုးရာ ဓလေ့များ၊ တိမ်မြုပ်ပျောက်ကွယ်နေသော ကရင်ရိုးရာအကအလှများ၊ တေးသီချင်းများ၊ ကရင်ဒုံးအကများ၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားချစ်ခင်ပြီး ချည်ဖြူဖွဲ့ (လက်ချည်) ကြမည့် မြင်ကွင်းများ၊ ရိုးရာကရင် မုန့်ဟင်းခါးကိုပါ ကျွေးမွေးဧည့်ခံမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ တိုင်းရင်း သားဝန်ကြီး ၂၈ ဦး အပြင် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များကိုပါ ဖိတ်ကြားထားကြောင်း သိရသည်။

 

“တိုင်းရင်းသားအချင်းချင်း ယဉ်ကျေးမှု ပွဲတော်ကို အပြန်အလှန်ဖိတ်ကြားပြီး အပြန်အလှန် လေ့လာခွင့်ရမယ်ဆို ကျွန်မတို့သွားချင် နေတဲ့ ဒီမိုကရေစီဖက်ဒရယ်ကိုလည်း တွန်းအားပေးရာ ရောက်မယ်လို့ ယူဆတဲ့ အတွက် အခုဖိတ်ကြားခဲ့တာပါ။ အားလုံး တက်ရောက်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။ဝါခေါင်လရောက်လျှင် ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်ဆုံတွေ့ရေး၊ မိသားစု ပြန်လည်စုစည်းရေး၊ အချင်းချင်းချစ်ကြည် သွေးစည်းမှု ခိုင်မြဲရေး၊ ညီအစ်ကို မောင်နှမများ ညီညီညွတ်ညွတ်ဖြင့် တစ်ဦးကို တစ်ဦး ကူညီထောက်ပံ့ကြပြီး အေးအေးချမ်းချမ်း နေနိုင်စေရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကားပြောဆိုရန်ရှိသည်များကို ဤနေ့ဤရက်တွင် ပြောဆိုနိုင်စေရေး၊ ယဉ်ကျေးမှု ငါးမျိုးဖြစ်သော စာပေ၊ စကား၊ အနုပညာ၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာဓလေ့ များ မပျောက်ကွယ်စေရေး၊ ယဉ်ကျေးမှုမြင့်မား သော လူမျိုး၊ လူနေမှုအဆင့်မြင့်မားသောလူမျိုး၊ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို မြတ်နိုး ထိန်းသိမ်းတတ်သော အသိပညာ၊ အတတ်ပညာမြင့်မားသော လူမျိုးများအဖြစ် အစဉ်တည်တံ့စေရေး၊ မိမိလူမျိုး များ ကမ္ဘာတည်သရွေ့ ရှည်ကြာရပ်တည် ခိုင်မြဲစေရေးတို့အတွက် နှစ်စဉ်နှစ်တိုင်း စုပေါင်း၍ ချည်ဖြူဖွဲ့မင်္ဂလာ ကို ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

“မူလရည်ရွယ်ချက်က ကရင်လူမျိုးတွေ ပြန်စုစည်းဖို့၊ စည်းစည်းလုံးလုံးရှိဖို့ လုပ်လာခဲ့ကြတာ၊ နောက်ပိုင်းမှာ တချို့က ကိုးကွယ်တဲ့ ဘာသာပေါ်မှာမူတည်တယ်လို့ ထင်နေကြ တာရှိတယ်၊ ကျွန်မအမြင်က ကိုးကွယ်တဲ့ ဘာသာဆိုတာ ယုံကြည်မှုအပေါ်မှာမူတည်ပြီး ပြောင်းလဲတာ၊ ကရင်ဆိုတာက ပြောင်းလို့ မရဘူး၊ ကျွန်မတို့ သွေးထဲမှာရှိနေတဲ့ ကရင်သွေးက ဖောက်ထုတ်လို့မရဘူး၊ ကရင်မှန်ရင် လက်ချည်ကြမယ်၊ ချစ်ချစ်ခင်ခင်ပေါ့” ဟု ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများသည် လူမျိုးတစ်မျိုး၏ ဝိသေသလက္ခဏာတစ်ရပ်ဖြစ်ရာ မျိုးဆက်သစ်ကရင် လူငယ်များ၏ ရိုးရာ အမွေအနှစ်အပေါ်ထိန်းသိမ်းလိုသည့် စိတ်အား ထက်သန်မှု တစ်စတစ်စမြင့်မားလာသည့် အပေါ်အခြေတည်ပြီး ကရင်လူမျိုးတို့၏ ရိုးရာဓလေ့ အစစ်အမှန်ဖြစ်သည့် “ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ”သည် ကရင်သက္ကရာဇ် ၂၇၅၇ မှ သည် ကမ္ဘာတည်သရွေ့တည်ရှိနေ မည်မှာ အမှန်ပင်ဖြစ်သည်။ ။

 

သတင်းဆောင်းပါး-သီသီမင်း
ဓာတ်ပုံ-ကျော်စွာ