လ ကဆုန်ရေခန်းလို့၊ ရွာလယ်ကရေတွင်းဆယ်၊ ဘေးကင်းဖို့ ရွယ်

၁၉   မေ

ကျွန်တော်တို့ သက်ရှိလောကကြီးတွင် “ရေ” သည် မရှိမဖြစ်ပင် အရေးကြီးပါကြောင်း စာဖွဲ့ ရန် ပင် လိုမည်မထင်၊ အားလုံးအသိပင်ဖြစ်၏။ အနှီ ရေတစ်ပေါက်အတွက် အသက်ပေါင်း များစွာ သေကျေပျက်စီးခဲ့ကြသလို အသက် ပေါင်း မြောက်မြားစွာကို ရှင်သန်ခဲ့ကြရသည့် သာဓကများလည်း အများအပြားပင် ရှိနေ တော့သည်။ ထို့အတွက်ကြောင့် လူတိုင်း ရေ ကို လုံလုံလောက်လောက် ရရှိလိုကြသည်။ ဤတွင် “ရေကြည်ရာ မြက်နုရာ” ဆိုရိုး အတိုင်း ရေအရင်းအမြစ်ရှိရာ မြစ်ချောင်းမျာ‌ေကို တည်မှီလျက် မြို့ပြများ တည်ဆောက် နေထိုင်ခဲ့ကြသည် မဟုတ်ပါလော။

နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရ

ကျွန်ုပ်တို့ မွေးဖွားရှင်သန်နေထိုင်လျကရှိသော နိုင်ငံသည် နွေရာသီရောက်လေတိုင်း ရာသီဥတု၏ အပူဒဏ်ကြောင့် မြို့နယ်များရှိ ရပ်ကွက်များသာမက မြို့ပြနှင့်ဝေးသော အရပ်ဒေသအများစုတွင် သောက်သုံးရေ ရှားပါးမှုပြဿနာကို နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရသည်မှာ အားလုံးအသိပင် ဖြစ်ပေမည်။ မည်မျှပင် မြစ်နားချောင်းနားတွင် မြို့ရွာ တည်စေဦးတော့ နွေရာသီ၏ ရေခန်းချိန်တွင် “ကမ်းနီး ရေဝေး” ဆိုသည့် စကားအတိုင်း သောက်သုံးရေရှားပါးသည်မှာ တစ်နှစ်ထက် တစ်နှစ် ပြဿနာ ပိုမိုကြီးထွားလာသကဲ့သို့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၏ အကျိုးဆက်အဖြစ် အပူချိန် ပိုမိုမြင့်တက်လာခြင်းကြောင့်လည်း ရေရှားပါးမှုဒဏ်ကို ထိခိုက် ခံစားရသော ကျေးရွာ/ရပ်ကွက် အရေအတွက် လည်း တိုးပွားလာခဲ့သည်။

အထူးသဖြင့် ကျေးလက်နေ ပြည်သူလူထုအတွင်း စက်ရေတွင်းများ လုံလုံလောက်လောက် တူးဖော်နိုင်ခြင်းမရှိသည်ဖြစ်ရာ ကျေးလက်နေပြည်သူများအနေဖြင့် ရှေးရိုး အစဉ်အလာမပျက် လက်ရေတွင်းများဖြင့် ရပ်ရွာ၏ လိုအပ်ချက်ကိုဖြည့်တင်း အသုံးပြု နေကြရသည်မှာ ယနေ့ထက်တိုင် ဖြစ်ပေ သည်။ အချို့သော ရပ်ရွာများ၌ ရေအောင် သော တစ်နည်းအားဖြင့် ရေထွက်အားကောင်း သော ရေတွင်းတစ်တွင်းတည်းကို အားကိုး အားထားပြု၍ မိသားစုများက အလှည့်ကျ စနစ်ဖြင့် ရေခပ်လျက် ဝါးမောင်းတံ၊ ရေငင် ကြိုးများဖြင့် ရေပုံးတပ်ဆင် ခပ်ယူအသုံးပြုနေ ကြဆဲဖြစ်သည်။

ရေထွက်အားနှင့် ရေခပ်အား မမျှမတ

ကျွန်တော်တို့နိုင်ငံတွင် နှစ်စဉ် တပေါင်း၊ တန်ခူး၊ ကဆုန်လ (မတ်၊ ဧပြီ၊ မေလ)တို့ ရောက်လေတိုင်း ကျေးရွာ/ ရပ်ကွက်များ အတွင်း စုပေါင်းအသုံးပြုသော လက်ရေတွင်း များမှာ ရေထွက်အားနှင့် ရေခပ်အား မမျှမတ ဖြစ်ကြရပါသည်။ ထို့ကြောင့်ပင် တပေါင်း၊ တန်ခူးလသည် တစ်နှစ်တာကာလ၏ ရေ အဆုတ်ဆုံးအချိန်(ရေခန်းချိန်) ရောက်ပြီ ဖြစ်၍ အဆိုပါ အတောင် ၂၀၊ ၃၀ အနက်ရှိ ရေတွင်းအား လူငယ်လူရွယ်အများစုက ရေ ပိုမိုထွက်ရှိစေရန်အတွက် ရေတွင်းဆယ်ခြင်း နှင့် အမှိုက်သရိုက်၊ ရေညှိ/ရေမှော်များသန့်ရှင်းရေး(တွင်းချေးဆယ်ခြင်း)လုပ်ငန်းအား စုပေါင်းဆောင်ရွက်ကြသည်မှာ မြန်မာ့ ကျေးလက်၏ ထုံးတမ်းသဖွယ် ကာလအတန်ကြာကပင် ဖြစ်တည်လာခဲ့ရသည် ဖြစ်ပေရာ လူမှုအဖွဲ့အစည်းအတွင်း ယဉ်ကျေးမှု ဓလေ့ စရိုက်တစ်ခုအဖြစ် ဖြစ်တည်လာခဲ့ရသည်။

သို့ကြောင့်ပင် ကျေးလက်ဒေသ၌ “ယောက်ဖတို့ရေ ရွာလယ်က ရေတွင်းကြီး ဖော်လိုက်ရအောင်… ဟေ့၊ ပြီးရင်တော့ ကြက်သားနဲ့ ဘူးသီးလေးရောပြီး ကာလသား ချက်နဲ့ အောင်ပွဲခံကြစို့”ဆိုသည့် ဆော်သြ သည့် စကားသံနှင့်အတူ ကျေးရွာအုပ်စု/ ရပ်ကွက်အတွင်းရှိ ရေတွင်းများအား လူကြီး၊ လူငယ်များ စုပေါင်းဆယ်ယူကြသည့် ချစ်စဖွယ် ဓလေ့ထုံးစံများ၏ နောက်ကွယ်တွင် ကြေကွဲ ဖွယ်ရာ ဇာတ်လမ်းအများအပြား ဖြစ်ပေါ်ခဲ့ သည်ကို သတိချပ်မိနိုင်စေရန်အလို့ငှာ ဤ ဆောင်းပါးကို ရေးသားရခြင်းလည်းဖြစ်သည်။

နောက်ဆက်တွဲပြဿနာ

တကယ်စင်စစ် မြန်မာနိုင်ငံတွင် နေပူချိန် မြင့်တက်ခြင်းနှင့် ရေခန်းခြောက်မှုတို့ကြောင့် ရေတွင်းဆယ်ရာမှ နောက်ဆက်တွဲပြဿနာ အဖြစ် ကျေးရွာ၊ ရပ်ကွက်နေ ပြည်သူအချို့ နှစ်စဉ် တန်ဖိုးရှိလှသော အသက်များစွာဆုံးရှုံး နေရ၏။ လွန်ခဲ့သော ၃ နှစ်တာကာလကို ပြန်လည်သုံးသပ် လေ့လာကြည့်မည်ဆိုပါက မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၂၀၁၇ ခုနှစ် အတွင်း ရေတွင်းဆယ်ခြင်းဆောင်ရွက်ခဲ့ရာ တွင် ရေတွင်းထဲသို့ ပြုတ်ကျခြင်းနှင့် အသက် ရှူကြပ်ခြင်းများကြောင့် သေဆုံးသူ ၁၈ ဦး ဖြစ်ခဲ့ပြီး အလားတူ ၂၀၁၈ ခုနှစ်တွင် ၁၀ ဦးနှင့် ၂၀၁၉ ခုနှစ်တွင် လူ ၂၀ တို့၏ အသက်များ ဆုံးရှုံးခဲ့ရသည်ကို မီးသတ်ဦးစီးဌာန၏ ရှာဖွေ ကယ်ဆယ်ရေးမှတ်တမ်းများအရ သိရသည်။

ယခုနှစ် ၂၀၂၀ ပြည့်နှစ် မေလ ၉ ရက်နေ့ တွင်လည်း ရှမ်းပြည်နယ် လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာတွင် အကျယ် လေးပေ၊ အနက် ပေ ၅၀ ခန့်ရှိသော ရေတွင်းဟောင်းတစ်ခုအား ပြန်လည်တူးဖော်ရာမှ ရေတွင်းထဲ၌ လူ ငါးဦး အောက်စီဂျင်ပြတ်တောက်၍ အသက်ရှူ မဝဖြစ်ပြီး သတိလစ်နေခြင်းအား မီးသတ်တပ် ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ခဲ့သော် လည်း နှစ်ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး သုံးဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ရသည်မှာ ရင်နင့်ဖွယ်ပင် ဖြစ်ပေတော့သည်။

ရွှေကို မလို ရေကိုလိုသည်

မိုးခေါင်ရေရှား အညာဒေသများ၌ “ရွှေကို မလို ရေကိုလိုသည်”ဆိုသည့် စကားသည် အသက်ရှင်ရေးအတွက် ရေသည် မည်မျှလို အပ်ကြောင်း ရှင်းပြစရာပင်မလိုအောင် ပြည့်စုံ ထိမိပြီး ရင်တွင်းမှလာသော စကားရပ်လေးပင် ဖြစ်မည်။ သို့ဖြစ်ရာ ရေရရှိရေးအတွက် ရေတွင်းဆယ်ခြင်းမှာ မဆန်းပါလေ။ သို့သော် ထိုသို့ရေတွင်းဆယ်ခြင်းကြောင့် အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များကတော့ တစ်နိုင်ငံလုံးရှိ အများပြည်သူအကြားတွင် အမှုမဲ့အမှတ်မဲ့ ပင်ဖြစ်၏။ သတိထားမိမှသာ သိရှိနိုင်၏။ နိုင်ငံတစ်ဝန်း၌ နွေရာသီ သောက်သုံးရေရှားပါးချိန်ရောက်ပြီဆိုလျှင် မီးသတ်တပ်ဖွဲ့ဝင် များ၏ ရေတွင်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည့် အကြိမ်အရေအတွက်များ မှာ မီးသတ်ဦးစီးဌာန၏ ရှာဖွေကယ်ဆယ် ရေးမှတ်တမ်းများအရ ၂၀၁၇ ခုနှစ်တွင် ၁၅ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ၁၇ ကြိမ်၊ ၂၀၁၉ ခုနှစ် တွင် အကြိမ် ၂၀ နှင့် ၂၀၂၀ ပြည့်နှစ်တွင် မေလ ၁၂ ရက်နေ့အထိ ခုနစ်ကြိမ်တိုင် ဆောင်ရွက်ခဲ့ရ ကြောင်း သိရသည်။

တစ်နှစ်ထက်တစ်နှစ် ရေတွင်းဆယ်ခြင်း ကြောင့် အသက်ဆုံးရှုံးမှုများ ပိုမိုများပြားလာ သည့်အတွက် ရေတွင်း၊ ရေကန်များ ဆယ်ယူ တူးဖော်ခြင်း၊ ရေဟောင်းလဲလှယ်ရာတွင် ရေ တွင်းထဲ၌ ရေစုပ်စက်နှိုးခြင်းနှင့် အကြောင်း တစ်ခုခုကြောင့် ရေတွင်းထဲဆင်းခြင်း စသည့် ကိစ္စရပ်များကို အတွေ့အကြုံမရှိဘဲ မိမိ သဘောဖြင့် မပြုလုပ်ကြရန်၊ ကျွမ်းကျင်သူများ ၏ အကူအညီကိုရယူဆောင်ရွက်ကြရန်နှင့် အဆိုပါ ကိစ္စရပ်များအပေါ် ပေါ့ပေါ့ဆဆ သဘောမထားဘဲ သတိထားဆောင်ရွက်ကြရန် အတွက် သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူးများမှတစ်ဆင့် ပြည်သူလူထုသို့ သတိပေး ဆောင်ရွက်သွားကြရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်အနေဖြင့် အသိပေးနှိုးဆော်

ထားပြီးလည်း ဖြစ်သည်။

အန္တရာယ်ကို အထူးသတိထား

လူတိုင်းသည် မွေးဖွားသည့်အချိန်မှ ဘဝ နိဂုံးချုပ်ချိန်အထိ ရေကိုလိုအပ်သည်မှာ မှန်ပါ ၏။ သို့သော်လည်း အဆိုပါ ရေရလိုမှုလောဘ ကြောင့် မိမိတို့တူးဖော်နေသည့် ရေတွင်းထဲမှ အန္တရာယ်ကို အထူးသတိထားရန်မှာ ပို၍ လိုအပ်ပါသည်။ သို့ဖြစ်ရာ အများပြည်သူ သတိချပ်မိစေရန်အတွက် အဓိကအချက်များ အား ထုတ်နုတ်တင်ပြရသော် ကျေးလက်ဒေသ လက်ရေတွင်းအမျိုးအစား များစွာရှိသည့် အနက်မှ အချို့ရေတွင်းများမှာ မြေသားတွင်း များဖြစ်ပေရာ တွင်းမကြီး၏ အောက်ခြေနံရံ များမှာ ကာလကြာရှည်စွာရေတိုက်စားမှု ကြောင့် ကလိုင်ကြီးများဖြစ် ပေါ်၍ ကာဗွန်ဒိုင် အောက်ဆိုက်(Carbondioxide-CO2)ဓာတ်ငွေ့ များ ခိုအောင်းနေပါသည်။ CO2 ဓာတ်ငွေ့သည် ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ ခြောက်သွေ့သော လေထုတွင် ရောနှောပါဝင်သည့် ဓာတ်ငွေ့ ပေါင်း ၁၆ မျိုးထဲမှ ဓာတ်ငွေ့တစ်ခုဖြစ်သည်။ ခြောက်သွေ့သောလေထုထဲတွင် ဓာတ်ငွေ့ တစ်မျိုးချင်းစီ၏ ပါဝင်သော ရာခိုင်နှုန်း ပမာဏ အပေါ်မူတည်၍ ဓာတ်ငွေ့ရှစ်မျိုးအမည်များ ကိုတော့ လူသိများကြ၏။

အဓိက ရေတွင်းနှင့်စပ်လျဉ်း၍ ဖော်ပြလိုသည် မှာ ခြောက်သွေ့သော လေထုထဲတွင် နိုက်ထ ရိုဂျင်(Nitrogen-N2) ဓာတ်ငွေ့သည် ၇၈ ဒသမ ၀၈၄ ရာခိုင်နှုန်း၊ အောက်စီဂျင် (Oxygen - O2)ဓာတ်ငွေ့သည် ၂၀ ဒသမ ၉၄၇ ရာခိုင်နှုန်း၊ အာဂွန် (Argon-Ar)ဓာတ်ငွေ့သည် သုည ဒသမ ၉၃၄ ရာခိုင်နှုန်းတို့ဖြင့် အများစုပါဝင်ပြီး ကာဗွန်ဒိုင်အောက်ဆိုက် (Carbondioxide -CO2)ဓာတ်ငွေ့သည် သုည ဒသမ ၀၃၅၀ ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်းနည်းပါးစွာပါဝင်သော် လည်း တစ်နှစ်ပတ်လုံး သုံးစွဲနေသည့် လေစီး ဝင်မှုနည်းပါးသည့် (လေဝင်လေထွက်အားနည်း သည့်) ရေတွင်းများထဲတွင် အောက်စီဂျင်(O2)ဓာတ်ငွေ့အစား ကာဗွန်ဒိုင် အောက်ဆိုဒ်(CO2)ဓာတ်ငွေ့များက အများအပြားခိုအောင်း ပါဝင်တတ်ပါသည်။ အကြောင်းမှာ ကာဗွန်ဒိုင် အောက်ဆိုက် (CO2)ဓာတ်ငွေ့သည် လေထက် တစ်ဆခွဲမျှ ပို၍လေးလံခြင်း၊ အေးမြခြင်း သဘောရှိသော ဓာတ်ငွေ့ဖြစ်သည့်အားလျော် စွာ အနိမ့်ပိုင်းဖြစ်သော ရေတွင်းများ၏ အောက်ခြေ၌ရှိနေခြင်းဖြစ်သည်ကို သတိပြု မိစေရန် လိုအပ်ပါသည်။

ထိုသို့ ရေတွင်းအောက်ခြေတွင် ခိုအောင်း နေသည့် ကာဗွန်ဒိုင်အောက်ဆိုက်(CO2)ဓာတ်ငွေ့ကို သတိမထားမိဘဲ ရေတွင်းဟောင်း များ၏ အောက်ခြေရှိ နွံနှင့် အမှိုက်များဆယ် ယူခြင်း၊ အလားတူ ရေစုပ်ရန် ရေတွင်းထဲတွင် ရေစုပ်စက်များချလျက် စက်မနှိုးမီ အသက်ရှူ ရန် ပြဿနာမရှိသော်လည်း စက်နှိုးလိုက်သည့် အခါတွင် ထွက်ပေါ်လာမည့် ကာဗွန်မိုနောက် ဆိုက်(Carbon monoxide-CO)ဓာတ်ငွေ့ (မီးခိုး) များ၊ စက်သုံးဆီဖြင့် စက်နှိုးရခြင်းကြောင့် ဟိုက်ဒရိုဂျင်ဆိုင်ယာနိုဒ် Hydrogen Cyanide (HCN) ဓာတ်ငွေ့များနှင့် မီးခိုးအဆိပ်ငွေ့ များရှူမိခြင်းကြောင့် စက်နှိုးသူအတွက် အသက်အန္တရာယ်ဖြစ်နိုင်ခြင်း၊ ရေတွင်းထဲသို့ တိရစ္ဆာန်များ ပြုတ်ကျသေဆုံး၍ ပုပ်ပွမှု ကြောင့် အနံ့ဆိုးသည့် Hydrogen Sulphide အဆိပ်ငွေ့များရှိနေသည်ကို ဂရုမစိုက်ဘဲ ဆင်းရာမှ ရှူမိခြင်း၊ အဆိပ်ရှိသော သတ္တဝါ များဖြစ်သည့် မြွေများ၊ ကင်းများ၊ တွင်းအောင်း သတ္တဝါများလည်း ခိုအောင်းနေနိုင်ခြင်းများ စသည့်တို့က “ယောက်ဖတို့ရေ နေတောင် အတော်စောင်းပြီ တက်ခဲ့တော့ လေ”ဟု ခေါ်ချိန်တွင် ရေတွင်းဆယ်ရင်း ပြန်မတက် နိုင်ဘဲ ဆုံးရှုံးခဲ့ရသော အသက်များစွာအတွက် သတိပေးရခြင်းဖြစ်ပါသည်။

မတော်တဆမှုများအတွက်

ဤသို့ဆိုလျှင် ရေတွင်းဆယ်ခြင်းကြောင့် မတော်တဆမှုများအတွက် အရေးပေါ် အခြေအနေများကြောင့် ကူညီကယ်ဆယ်ရန် အခက်အခဲရှိပါက နီးစပ်ရာမီးသတ်စခန်း၏ တယ်လီဖုန်းနံပါတ်များနှင့် အရေးပေါ်ဖုန်း နံပါတ် “၁၉၁” Hot Line Phone(191)သို့ အမြန်ဆုံး အကူအညီတောင်းခံခြင်းများ ပြုလုပ်ဆောင်ရွက်သင့်ပါသည်။ အရေးပေါ် ကူညီကယ်ဆယ်ရေးများ မရောက်ရှိမီ ရှေးဦး ကယ်ဆယ်ရေးအတွက် နည်းလမ်းများအား အကျဉ်းနည်းဖြင့်ဖော်ပြရသော် အများပြည်သူ များအနေဖြင့် ရေတွင်းထဲတွင်ရှိနေသော ကာဗွန်ဒိုင်အောက်ဆိုက်(CO2)အား ထီး၊ သစ်ခက်များ အသုံးပြု၍ ရှင်းလင်းဖယ်ထုတ် ခြင်း၊ အောက်စီဂျင် (Oxygen -O2) ရရှိစေရန် အတွက် ရေမှုန်၊ ရေမွှားများအား ရေတွင်းထဲ ရှိ လူပေါ်သို့ ဖြည်းညင်းစွာ ဖျန်းချပေးခြင်း၊ အလင်းရောင်ကောင်းစွာမရရှိပါက စက္ကူ၊ အဝတ်စ၊ ဖယောင်းတိုင်များအား မီးရှို့၍ ပစ်ချခြင်းများအား ရှောင်ကြဉ်ရမည်။ လုံးဝ (လုံးဝ) မပြုလုပ်ရပါ။ ပြုလုပ်ခဲ့ပါက ကာဗွန် မိုနောက်ဆိုက် (Carbonmonoxide - CO)ဓာတ်ငွေ့များ ထွက်ပေါ်လာပြီး ရေတွင်းထဲ ရှိ လူအားအန္တရာယ်ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ရေတွင်းဆယ်ခြင်းများ မပြုလုပ်မီ ရေတွင်းထဲတွင် အသက်ရှူရန် လုံလောက် သော အောက်ဆီဂျင်ဓာတ်ငွေ့ ရှိ/ မရှိကို ဦးစွာဆန်းစစ်ခြင်း၊ ရေတွင်းထဲသို့ ဆင်းသက် သူအား ကူညီနိုင်ရန် လုံလောက်သော လူအင် အား၊ ကြိုးများ၊ စက်သီးများ၊ လှေကားများ၊ အသက်ရှူရာတွင် အထောက်အကူပြုနိုင် သည့် (၃/၄)လက်မ(သုံးမတ်လုံး) ပလတ် စတစ် ရေပိုက်ရှည်များ၊ ရေပန်းခရားပုံးများ၊ လက်နှိပ်ဓာတ်မီးများ၊ ထီးများ(မရှိပါက သစ်ရွက်များများပါရှိသော သစ်ခက်များ) အသင့်ပြင်ဆင်ထားရှိရန်လိုအပ်ပေမည်။

နိဂုံးချုပ်အားဖြင့် တင်ပြရသော် ကမ္ဘာ့ လူဦးရေ သန်း ၁၀၀၀ ခန့်သည် မသန့်ရှင်း သောရေကို သောက်သုံးနေကြရဆဲဟု မှတ် သားမိပါသည်။ ယခုလို ပူပြင်းခြောက်သွေ့ သော နွေရာသီတွင် မြေအောက်ရေ လျော့ကျ ကာ ရေခန်းခြောက်သည့်ကာလ၌ မိမိတို့ ရပ်ကွက်၊ လမ်း၊ နေအိမ်များအနီးရှိ ရေတွင်း၊ ရေကန်များ ဆယ်ယူခြင်းလုပ်ငန်းများအား ဆောင်ရွက်ရာတွင် ရေတွင်းဆယ်ခြင်းနှင့် စပ်လျဉ်းသည့် အတွေ့အကြုံ ဗဟုသုတမရှိ သည့် ကလေးသူငယ်၊ လူငယ် လူရွယ်များအား ပြောဆိုဆုံးမ အသိပညာပေးခြင်းဖြင့်၊ နိုင်ငံ တစ်ဝန်း မတော်တဆဖြစ်ပွားတတ်သော ရေတွင်းဆယ်ခြင်း လုပ်ငန်းများကြောင့် နိုင်ငံသားများ၏ အသက်အန္တရာယ်ထိခိုက် ပျက်စီးခြင်းများမှ ဝိုင်းဝန်းကာကွယ်ပေး နိုင်စွမ်းကြခြင်းငှာ ဤဆောင်းပါးဖြင့် တိုက်တွန်းရေးသားအပ်ပါသည်။ ။

သိန်းထွန်းဦး(စက်မှုတက္ကသိုလ်)