လားဟူတိုင်းရင်းသားတို့အကြောင်း

မိုင်းနော်ရိန်း (လူမှုဘဝ)

 

သမိုင်းပညာရှင်များ၏ ရေးသားဖော်ပြ ချက်အရ “လားဟူ”လူမျိုးသည် “Tibeto Burma” မျိုးနွယ်စု(လိုလို) လူမျိုးစုမှဆင်းသက် လာသည့်လူမျိုးဟုဆိုသည်။ ရှမ်းပြည်နယ်မှာ အများအားဖြင့် အခြေချနေထိုင်သည့်လူမျိုး တစ်မျိုးဖြစ်သည့်အားလျော်စွာ ရှမ်းများက သူတို့ကို “မုဆိုး” ဟုခေါ်ဆိုကြသည်။ “မုတ်ဆိုး” ဆိုသည်မှာ ပါဠိဘာသာဖြစ်သည်။ တောပစ်သည့် “Hunter” ဟုဆိုလိုခြင်းဖြစ်သည်။ လားဟူလူမျိုးသည် တောလိုက်ခြင်း၊ အမဲလိုက်ခြင်းကို အလွန်ဝါသနာရှိကြသည်။ တောကျွမ်းသည်။ ထို့ကြောင့် ရှမ်းလူမျိုးများက သူတို့ကို “မုဆိုး” ဟုခေါ်ဆိုခြင်း ဖြစ်နိုင်ပါသည်။

 

သမိုင်းသုတေသီများ ရေးသားဖော်ပြချက်အရ “လားဟူ” ဆိုသည်မှာ သူတို့၏ မူလအမည်မဟုတ်ပါ။ သူတို့၏ မူလအမည်မှာ “လောဟို” ဟုခေါ်ဆိုကြသည်။ ရှေးယခင်က တရုတ်လူမျိုးများသည် လားဟူလူမျိုးကို “လောဟို”ဟု။ ခေါ်ဆိုခြင်းဖြစ်သည်။

 

လားဟူလူမျိုးသည် တရုတ်ပြည်တွင် ၅၉ ရာခိုင်နှုန်း၊ မြန်မာပြည်တွင် ၂၉ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၁၀ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံတွင် နှစ်ရာခိုင်နှုန်း နေထိုင်ကြသည်ဟု ခန့်မှန်းရသည်။ လားဟူလူမျိုးတို့သည် ဆင်းသက်လာပုံသော်လည်းကောင်း၊ အခြားလူမျိုးကြီး၏ နယ်မြေကျူးကျော်မှုကို သော်လည်းကောင်း နေထိုင်ရာဒေသ ကွဲပြားခြားနားခဲ့သည်။

 

လားဟူလူမျိုးတို့၏ ဆင်းသက်လာပုံမှာ သမိုင်းသုတေသီတို့ဖော်ပြချက်အရ တရုတ်ပြည်ကြီး အနောက်မြောက်ဘက် ကန်ဆူပြည်နယ်မှ ဘီစီခရစ်နှစ် ၈-၅ အထိနေခဲ့ပြီး ထိုမှတစ်ဆင့် အနောက်ဘက် ချင်းဟိုင်း၊ စီချွမ်နှင့် ယူနန်ပြည်နယ်သို့ ရောက်လာခြင်းဖြစ်သည်။ ယူနန်မှတစ်ဆင့် မြန်မာပြည်၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံများသို့ ရောက်ရှိသွားခြင်းဖြစ်သည်။

 

လားဟူတိုင်းရင်းသားတို့သည် ကာလကြာလာသောအခါ မဲခေါင်မြစ်နှင့် သံလွင်မြစ်အကြား မြောက်မှတောင်သို့ ဆင်းသက်လာသည်။ မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် ပတ်ဝန်းကျင်၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စမ်မြို့ပတ်ဝန်းကျင်၌လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် လားရှိုးမြို့ပတ်ဝန်းကျင်၌လည်းကောင်း အခြေချဝင်ရောက်နေထိုင်လာကြသည်။

 

လားဟူတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှု

 

လားဟူတိုင်းရင်းသားလူမျိုးတို့၏ နတ်ကိုးကွယ်မှုဓလေ့တွင် ပျားဖယောင်းကို ဖယောင်းတိုင်ပြုလုပ်၍ မီးထွန်းညှိပူဇော်ပြီး လိုရာဆုတောင်းလေ့ရှိကြသည်။ ပျားဖယောင်း တိုင်ပြုလုပ်ပူဇော်ရခြင်းမှာ ပျားဖယောင်း  တွင်ပါဝင်သော ပန်းပေါင်းတစ်ထောင်၏ ဝတ်မှုန်တို့မှာမွန်မြတ်ပြီး သန့်ရှင်းမွှေးကြိုင်သောကြောင့် နတ်ဘုရားအား ပူဇော်ခြင်းပင်ဖြစ်သည်။ ထို့အပြင် ပျားအုံတွင် ပျားဘုရင်မတစ်ကောင်၏ အုပ်ချုပ်မှုအောက်မှ လုပ်သားပေါင်းများစွာတို့၏ စည်းလုံးညီညွတ်မှုရှိသည့်နည်းတူ တိုဘိုဟုခေါ်သော နတ်ဆရာအောက်တွင် စည်းလုံးညီညွတ်စွာရှိသည်ကိုလည်း ခံယူကြသည်။

 

လားဟူတိုင်းရင်းသားတို့သည် ရိုးရာနတ်ကိုယုံကြည်ကိုးကွယ်ပြီးတော၊ တောင်၊ ရေ၊ မြေ၊ မြစ်ချောင်း၊ အင်းအိုင်၊ မြို့ရွာနယ်မြေ၊ အိုးအိမ်စသည်တို့၌ နတ်များရှိသည်ဟု ယုံကြည်ကြသည်။ ရိုးရာနတ်ဆိုသည်မှာ မိခင်၊ ဖခင်၊ ဘိုးဘွားများကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့၏ အိမ်တိုင်းတွင် ရိုးရာနှင့်ဆိုင်သော နတ်စင်များ ရှိပေသည်။ လားဟူလူမျိုးတို့သည် အိမ်ဦးနတ်စင်တွင် သစ်ခေါက်အမှုန့်ကြိတ်၍ ပျားဖယောင်းနှင့်ရောစပ်ပြီး မီးထွန်းညှိပူဇော်ကြသည်။ တောင်ယာခုတ်ချိန်မှ စပါးရိတ်သိမ်းချိန်အထိ စိုက်ပျိုးရေးရာသီတစ်လျှောက် လုံးတွင်မမေ့မလျော့ ပူဇော်ပသကြရသည်။ တောင်ယာသီးနှံ အထွက်ကောင်းစေရန်၊ သားသမီးများ ထွန်းကားစေရန်၊ ပစ္စည်းဥစ္စာများ တိုးတက်အောင်မြင်စေရန် ရည်ရွယ်၍ နတ်ပူဇော်ပွဲများကိုလည်း ကျင်းပကြသည်။ ပျားဖယောင်းတိုင်လေးတိုင်၏ အဓိပ္ပာယ်မှာ အရပ်လေးမျက်နှာကို ကိုယ်စားပြုသည်ဟု အဓိပ္ပာယ်သက်ရောက်ပါသည်။

 

လားဟူလူမျိုးတို့သည် ရွာထိပ်မြင့်သော နေရာတစ်နေရာတွင် ရွာသူရွာသားအားလုံး စုပေါင်းပြီး နတ်စင်ကို ပြုလုပ်၍ ထမင်း၊ ဟင်းများဖြင့် သွားရောက်ပူဇော်ကန်တော့ကြသော ဓလေ့ရှိသည်။ လူတစ်ယောက်၏ ကျန်းမာရေးသည် နတ်တို့နှင့်သက်ဆိုင်သည်ဟု ယုံကြည်ကြသည်။ လူတစ်ဦးတစ်ယောက် နေထိုင်မကောင်း ဖြစ်လာချိန်တွင် နတ်ဟောဆရာထံမေးမြန်း၍ နတ်တို့အား ပူဇော်ပသကြရသည်။ အိမ်တွင် တစ်ဦးတစ်ယောက်သည် ဓားခုတ်မှုနှင့် ဖျားနာကိုက်ခဲမှုရှိခဲ့လျှင် ပျားဖယောင်းကို ဖယောင်းတိုင်မီးထွန်းသည့် ဓလေ့ပြုလုပ်သည်။ နတ်ကိုးကွယ်ယုံကြည်မှု ဓလေ့အရ ရွာရှိအိမ်တွင်ဖျားနာသူကို ဆေးကုသခွင့်မရှိဟု ယူဆကြသည်။ အိမ်တွင်လည်း တစ်ဦးတစ်ယောက်သည် မကောင်းသော အိပ်မက်ဆိုးများမက်လျှင် ဝက်ဖော်၍ ဝက်ခေါင်းကို ရွာထိပ်ရှိနတ်စင်တွင် ပူဇော်ပသပြီး ယတြာချေလေ့ရှိသည်။

 

အိမ်တွင် တစ်ဦးတစ်ယောက်ခရီးထွက်ခွာလျှင် ပျားဖယောင်းကို မီးညှိ၍ လိုရာဆုတောင်းရသည်။ မီးထွန်းညှိပြီး လိုရာ ဆုတောင်းချိန်၌လည်း မီးခိုးကိုကြည့်ပြီး အဆုံးအဖြတ်ရယူရသည်။ မီးခိုးသည် ခရီးထွက်ခွာ မည့်သူဘက်သို့ ပြန်လှည့်လာလျှင် မဖြောင့်ဖြူးသော ခရီးစဉ်ဖြစ်မည်ဟု ယူဆရပါသည်။ မီးခိုးသည် ဖြောင့်ဖြောင့်တန်းတန်း ထွက်လာလျှင် ခရီးလမ်းဖြောင့်ဖြူးကောင်းမွန်မည်ဟု ပြန်လည်ယူဆကြသည်။ မီးခိုးပြာသည် ဖြောင့်တန်းစွာထွက်ပေါ်လာလျှင် အိမ်ရှိအဖေ နှင့်အမေကို ရှိခိုးကန်တော့ပြီးမှ ခရီးထွက် လေ့ရှိပါသည်။

 

လားဟူတိုင်းရင်းသားတို့သည် နေ့စဉ်လုပ်ဆောင်နေသော စီးပွားရေးလုပ်ငန်းမှအစ လူမှုဆက်ဆံရေးနှင့် ဆိုင်သည့် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်းစသည်ဖြင့် လူတစ်ဦး တစ်ယောက်၏ ကောင်းကျိုးဆိုးကျိုး မှန်သမျှကို နတ်ကပင် ဖန်တီးကြသည်ဟု ယုံကြည်ကြသည်။ လားဟူတိုင်းရင်းသားတို့သည် မည်သည့် အရေးကိစ္စတွင်မဆို ရွာဦးတွင်တည်ထားသော နတ်ကွန်း၌ ပူဇော်ပသပြီး လိုရာဆုတောင်းကြသည်။

 

အမည်မှည့်ခေါ်ပုံစနစ်

 

လားဟူတိုင်းရင်းသားတို့သည် အမည်ကင်ပွန်းတပ်မင်္ဂလာကျင်းပခြင်းကို ကလေးမွေးဖွားပြီး ၁၂ ရက်ကြာတွင် ပြုလုပ်လေ့ရှိသည်။ အမည်မှည့်ပုံမှာ အခြားတိုင်းရင်းသားများကဲ့သို့ နေ့ကောင်းနေ့မြတ်ရွေးချယ်ပြီးမှ အမည်မှည့်ကြသည်။ ယခင်က အမည်ပေးရာတွင် နတ်ဆရာများကိုပင့်ပြီး ကလေးကိုပြသပြီး နတ်ဆရာများက ကလေးမွေးဖွားသောနေ့ကိုကြည့်ကာ အမည်မှည့်လေ့ရှိကြသည်။ ယခုအချိန်တွင် လားဟူတိုင်းရင်းသား တို့သည် နတ်ကိုးကွယ်မှုဓလေ့ နည်းပါးလာမှုကြောင့် ဘာသာရေးပုဂ္ဂိုလ်များ၊ ဓမ္မကျမ်းစာဆရာတော်များက အမည်မှည့်ပေးလေ့ရှိကြသည်။ ကလေးအမည်မှည့်ပေးသောအခါ လားဟူတိုင်းရင်းသားတို့၏ ရိုးရာပြက္ခဒိန်အတွင်းပါရှိသော တိရစ္ဆာန်အကောင်များကိုကြည့်ပြီး ကလေးအမည်ရှေ့တွင် ထိုသတ္တဝါ၏ နာမည် ကို တွဲဖက်မှည့်လေ့ရှိသည်။ သို့သော် အမည်မှည့်ပေးသော ကလေးငယ်သည် မကြာခဏ နာမကျန်းဖြစ်ခြင်း၊ စီးပွားရေးမကောင်းခြင်း၊ ကလေးငယ်၏ အမည်မကောင်းကြောင်းများကို ယူဆမိပါက နတ်ဆရာများ၊ ဓမ္မဆရာတော်များကို တစ်ကြိမ်ပြန်ပြောပြီး နာမည်ပြောင်းကြသည်။ ကလေး၏ အမည်မှည့်ခြင်းအခမ်းအနားကို ကြွရောက်လာသော လူကြီးမိဘများ ဧည့်ပရိသတ်များကို ထမင်း နှင့်ဟင်း ပြန်လည်ကျွေးမွေးဧည့်ခံကြသည်။ ထူးခြားသည်မှာ လားဟူတိုင်းရင်းသားတို့သည် အခြားတိုင်းရင်းသားများကဲ့သို့ သားသမီးများ၏ နာမည်ရှေ့တွင် ကြီးစဉ်ငယ်လိုက်သဘောဖြင့် အမည်တပ်ခေါ်ခြင်းမရှိပေ။ ထို့အပြင် အမျိုးမျိုးနာမည်ကိုယူပြီး အမည်ရှေ့တွင်တပ်ပြီး မှည့်ခေါ်ခြင်းများ၊ အဆင့်အတန်းခွဲခြားပြီး မှည့်ခေါ်ခြင်း စသောဓလေ့များမရှိပေ။ တစ်ခါတစ်ရံ သားကြီး၏အမည်ကို “ကျာလဲ”၊ သမီးအငယ်ဆုံး၏ အမည်ကို “နာလဲ” ဟူ၍လည်း မှည့်ခေါ်ကြသည်။ ယခုအခါ သားသမီးများ၏ အမည်ကို ရိုးရာနာမည်များ မဟုတ်တော့ဘဲ လှပအောင်၊ အကျိုးပြုအောင်ဟူ၍ နာမည်များကို မိမိစိတ်ကြိုက် အမျိုးမျိုးမှည့်ပေးလေ့ရှိကြောင်း သိရသည်။

 

အနုပညာနှင့် တူရိယာများ

 

လားဟူတိုင်းရင်းသားတို့သည် ရိုးရာဘူးသီးခြောက်ပလွေပြုလုပ်ရာတွင် အသုံးပြုသည့်ဝါးကို အပေါက်သုံးပေါက် (သို့)ငါးပေါက်ပြုလုပ်၍ ရရှိလာသော ဘူးပလွေကိုယူ၍ သမီးရည်းစားစကားဝှက်ပြောရာတွင် အသုံးပြု လေ့ရှိသည်။

 

လားဟူတိုင်းရင်းသားတို့၏ နှစ်သစ်ကူး အက(သို့) မြေဝိုင်းအကကို နှစ်သစ်ကူးပွဲတွင် ကကြလေ့ရှိသည်။ မြေဝိုင်းအက ကရာတွင် လားဟူတိုင်းရင်းသားများသည် တောင်ယာ လုပ်ငန်းကို အဓိကလုပ်ငန်းအဖြစ် လုပ်ကိုင် စားသောက်ကြသဖြင့် တောင်ယာလုပ်ကိုင် စားသောက်ခြင်းကို ကကွက်ဖော်၍ ကပြခြင်း ဖြစ်ပါသည်။ လားဟူတိုင်းရင်းသားတို့သည် အကများ ကကြရာတွင် ကကွက်မျိုးစုံဖြင့် ပုံဖော်ကပြလေ့ရှိသည်။

 

အမျိုးသားများ၏နောက်တွင် အမျိုးသမီးများလက်တွဲ၍ ဟန်ချက်ညီညီ ဝိုင်းဝန်းကကြခြင်း အမျိုးသားများ တောင်ယာလုပ်ကိုင်သည့် အခါတွင် ဝိုင်းဝန်းကူညီပေးသည့် သဘောက ပုံဖော်ခြင်းဖြစ်သည်။ ယခင်က အထက်ပါအကများကို သက်ကြီးရွယ်အိုများ ကလေ့ရှိကြသော်လည်း ယခုအခါတွင် လူကြီး၊ လူငယ် မရွေးစုပေါင်း၍ ဝိုင်းဝန်းကကြသည်။ တစ်ခါတစ်ရံတွင် လူငယ်များမှာ သီးသန့်ကခုန်ကြခြင်းလည်းရှိသည်။

 

လားဟူရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှု

 

လားဟူတိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှုမှာ အမျိုးသားရိုးရာခေါင်းပေါင်းသည် အပွင့်မပါ ရိုးရိုးပုံစံဖြင့် ပြုလုပ်ပြီး ယခုအခါတွင် ခေါင်းပေါင်းမှာ ဘော်ကြယ်များဖြင့် ဒီဇိုင်းဖော်ပြီး ဆင်မြန်းကြသည်။ လားဟူ တိုင်းရင်းသားတို့၏ အမျိုးသားအင်္ကျီမှာ ကော်လံပါအဖြူ အင်္ကျီအပေါ်တွင် လက်တိုအပေါ် ကုတ်အင်္ကျီအနက် ထပ်၍ ဝတ်ဆင်သည်။ ထိုကုတ်အင်္ကျီပေါ်တွင် ဘူးသီးထဲမှ ပေါက်ဖွားလာသည်ကို ကိုယ်စားပြုသော ဘူးသီးပုံကို ချည်ဖြင့်ထိုးပြီး ဆင်မြန်းကြသည်။ ဘောင်းဘီမှာ ရှမ်းဘောင်းဘီကဲ့သို့ ခြေချင်းဝတ်နားတွင် အဝခပ်ကျယ်ကျယ်ရှိသည့် အနက်ရောင်ဘောင်းဘီကို ဆင်မြန်းသည်။ ဘောင်းဘီ၏ အောက်အနားကွက်၌ တောင်ပေါ်မှာ နေထိုင်သည့်လူမျိုးဟု အဓိပ္ပာယ်ကို ဖော်ကြသည့်အနေဖြင့် ပန်းပွင့်များဖြင့် အရောင်မျိုးစုံကို ဒီဇိုင်းပုံဖော်၍ ဆင်မြန်းသည်။

 

လားဟူရိုးရာအမျိုးသမီးများ၏ ခေတ်ဟောင်းဝတ်စုံမှာ အမိတ်ပါ ခေါင်းပေါင်း၊ ကိုယ်ထည်မှခြေသလုံး တစ်ဝက်ကျော်ကျော်ထိ အရှည်ရှိပြီး ခါးမှခြေသလုံးထိ ဘေးနှစ်ဖက်ကို ခွဲထားသော ရင်ဖုံးအင်္ကျီလက်ရှည်နှင့် လုံချည်တို့ကို ဆင်မြန်းကြပါသည်။ ယခုခေတ် လားဟူအမျိုးသမီးများ၏ ဝတ်စုံသည် အမိတ်ပါ ခေါင်းပေါင်း၊ အင်္ကျီသည် ရင်စေ့လက်ရှည်ဖြစ်သည်။ အင်္ကျီ၏အရှည်သည် တင်ပါးတစ်ဝက်ခန့်သာရှည်ပြီး အောက်ခံ ထဘီကို ဝတ်ဆင်ကြသည်။ လားဟူအမျိုးသမီး ဝတ်စုံအားလုံးသည် အနက်ရောင်ကို အခြေခံ၍ ချုပ်ထားကြသည်။

 

အဓိကအားဖြင့် အင်္ကျီအနားပတ်သည် ထဘီအနားပတ်လည်တို့တွင် ဝါ၊ စိမ်း၊ နီ၊ ပြာ ပိတ်စရောင်များဖြင့် တြိဂံပုံ၊ စက်ဝိုင်းပုံများအဖြစ် သရုပ်ဖော်၍ လှပစွာချုပ်ထားကြပါသည်။ လားဟူတိုင်းရင်းသားတို့၏ ဝတ်စား ဆင်ယင်မှုမှာ အပျို၊ အအိုဟု ခွဲခြားသိနိုင်ပါသည်။ ခေါင်းပေါင်းတွင် အမြိတ်နှစ်ခုပါရှိပြီး အမြိတ်နှစ်စုံချပါက အအိုဖြစ်ပြီး အမြိတ်တစ်ခုတည်းချပါက အပျိုဖြစ်သည်။ ထို့အပြင် အင်္ကျီနှင့် ထဘီတို့တွင် အရောင်စုံများဖြင့် လှပစွာပုံဖော်ချုပ်ရာတွင် အအိုတို့မှာ စက်ဝိုင်းပုံ သင်္ကေတများ ပုံဖော်ပြီးဆင်မြန်းသကဲ့သို့ အပျိုတို့သည် တြိဂံပုံသင်္ကေတတို့ဖြင့် ပုံဖော်၍ ဝတ်ဆင်ကြသည်။ အပျိုများ၏ အင်္ကျီတွင် ငွေပြားများဖြင့် လှပစွာတန်ဆာဆင်ကြသော်လည်း အိမ်ထောင်သည်များမှာ ငွေပြားများဖြင့် တန်ဆာဆင်ခြင်းမပြုရပါ။ ယခုခေတ်တွင် ငွေပြားအစား ဘော်ကြယ်များကိုသာ လှပစွာတန်ဆာဆင်ချုပ်ထားကြသည်။ အရောင်မျိုးစုံဖြင့် ပုံဖော်ထားသောတြိဂံသည် လားဟူတိုင်းရင်းသားတို့၏ အမဲလိုက်မုဆိုးဘဝဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ပုံကို ဖော်ဆောင်ခြင်းဖြစ်ပြီး တောတောင်၊ မြားထိပ် တောင်ပံ၊ ခွေးသွား စသည့်သုံးမျိုးကို ကိုယ်စား ပြုခြင်းဖြစ်သည်။

 

စက်ဝိုင်းပုံသင်္ကေတမှာ လပြည့်နေ့ည လမင်းဖြစ်သည်။ ဝိုင်းစက်ထွန်းလင်း တောက်ပအေးမြသကဲ့သို့ ပြီးပြည့်စုံသော အိမ်ထောင်သည်ဘဝ ဖြစ်မြောက်ပြီဟု အဓိပ္ပာယ်ကို ဖော်ဆောင်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။