လီဆူတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဝတ်စုံနှင့် ရိုးရာဂျပ်ခုတ်လွယ်အိတ်လုပ်ငန်း

စိုင်းဇော်လတ် (လင်းခေး)

 

လီဆူတိုင်းရင်းသားလူမျိုးတို့သည် မိမိတို့၏ ရိုးရာဝတ်စုံများနှင့် ဂျပ်ခုတ်လွယ်အိတ်တို့ကို လှပဆန်းသစ်စွာဖြင့် ၎င်းတို့ကိုယ်ပိုင် ချုပ်လုပ်ရက်လုပ်၍ ဝတ်စားဆင်ယင်အသုံးပြု လေ့ရှိကြကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

 

လီဆူရိုးရာလွယ်အိတ်

 

ချည်အနီရောင်နှင့် အဖြူရောင်တို့ကိုအသုံးပြု၍ လီဆူအမျိုးသမီးတို့ကိုယ်တိုင် ဂျပ်ခုတ်ရက်လုပ်ကာ ရိုးရာလွယ်အိတ်များကို အသုံးပြုလေ့ရှိကြသည်။

 

၎င်းလွယ်အိတ်ရက်လုပ်ရန် ချည်ကိုသီးသန့်ဝယ်ယူကြရသည်။ လွယ်အိတ် ကိုယ်ထည်အလုံး၌ ချည်အနီနှင့် အဖြူရောင်ကိုသာ ရောစပ်ထားသော်လည်း ပခုံးလွယ်ကြိုးတွင်မူ အပြာရောင်၊ ခရမ်းရောင်နှင့် အစိမ်းရောင် ချည်မျှင်တို့ဖြင့် ရောစပ်ရက်လုပ် အသုံးပြုကြသည်။

 

နှစ်ရက်အကြာ ဂျပ်ခုတ်နိုင်လျှင် လွယ်အိတ်သုံးလုံးပြီးစီးသည်။ တစ်လုံးလျှင် တန်ဖိုးငွေကျပ် သုံးသောင်းမှ သုံးသောင်းခွဲ ဝန်းကျင်ဖြစ်သည်။ အပ်ချည်အနီ၊ အဖြူအလုံး တစ်လုံးဖြင့် လွယ်အိတ် တစ်လုံးရက်လုပ် ဂျပ်စင်တင်နိုင်သည်။ ဂျပ်ခုတ်အနေအထားမှာ အရောင်စပ်ချည်အလိုက်သူ့နေရာနှင့်သူ စီထည့်ပြီး ဝါးလုံးတန်းတင်၍ စတင်ရက်လုပ်နိုင်သည်။ ဂျပ်မခုတ်မီ ချည်စင်တင်ရန်မြေကြီး ငုတ်ရိုက် ချည်ကြိုးအရောင်အလိုက်အား ချည်ငင်ပြင်ဆင်ယူရသည်။
ယင်းနောက်ဂျပ်စင်ပေါ်တင် ရက်လုပ်ခြင်းဖြင့် လှပသောလီဆူတိုင်းရင်းသားလူမျိုး ရိုးရာလွယ်အိတ် တစ်လုံးအဖြစ် အသုံးပြုနိုင်ကြောင်း မိုင်းပန်မြို့နယ် ကိုးမိုင်လီဆူကျေးရွာရှိ ဂျပ်ခုတ်လွယ်အိတ်လုပ်ငန်းတစ်ခုမှ လေ့လာခဲ့ရသည်။

 

လီဆူးလူမျိုးတို့၏ ရိုးရာဝတ်စုံများ

 

လီဆူလူမျိုးစုတို့သည် ၎င်းတို့ရိုးရာအဝတ်အစား၊ အခြားအထည်အသုံးအဆောင် ပစ္စည်းများကိုလည်း မိမိတို့ကိုယ်တိုင် ချုပ်လုပ်ဝတ်ဆင်အသုံးပြုကြကြောင်း ဆက်လက်တင်ပြလိုပါသည်။

 

လီဆူလူမျိုးစုတို့သည် ၎င်းတို့လူမျိုးအချင်းချင်း ရှေးရိုးရာအမွေအနှစ် ဓလေထုံးတမ်းစဉ်လာများအား ထိန်းသိမ်းခြင်းနှင့် စားသောက်နေထိုင်ကြသော သဘာဝအနေအထားများ၊ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများကား တူညီကြသည်ဟု ၎င်းတို့ကဆိုသည်။

 

သို့သော် နေထိုင်ရာဒေသန္တရအလိုက် ရိုးရာဝတ်စုံများ ချုပ်လုပ်ဝတ်ဆင်ကြပုံများ၊ ပုံစံအမျိုးမျိုး၊ အရောင်အမျိုးအစားများ အနည်းငယ်စီမတူ တစ်မူကွဲပြားခြားနားကြကြောင်း လေ့လာတွေ့ရှိရသည်။

 

ထို့ကြောင့် ဒေသန္တရအလိုက် လီဆူအမျိုး သား၊ အမျိုးသမီးတို့၏ အဝတ်အစားတို့သည်လည်း ဒီဇိုင်းအမျိုးမျိုးဆန်းသစ် တီထွင်ချုပ်လုပ်ဝတ်ဆင်လာခဲ့ကြသည်။ မြန်မာပြည် မြောက်ဘက်ခြမ်း ကချင်ပြည်နယ်အတွင်းရှိ လီဆူလူမျိုး၊ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးကုတ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်ဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ မိုင်းရှူး၊ နမ့်စန် (ဟိုက်ဖတ်)ဒေသ၊ မိုင်းပန်ဒေသများနှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသအသီးသီးတို့၌ရှိကြသော လီဆူရိုးရာဝတ်စုံများ၏ အရောင်အဆင်း အနည်းငယ်စီ ကွဲပြားသွားခဲ့ကြလေသည်။ မည်သို့ပင်ဆိုစေကာမူ လီဆူတို့ရိုးရာဝတ်စားဆင်ယင်မှုပြုကြရာတွင် လီဆူအမျိုးသား၊ အမျိုးသမီးများ၏ အင်္ကျီ၊ ဘောင်းဘီ၊ ထဘီများအား ပိတ်စဝယ်ယူ ချုပ်လုပ်ဝတ်တတ်ကြသည့်အပြင် အသုံးအဆောင်အမျိုးမျိုးဖြစ်သည့် ဦးထုပ်၊ ပိုက်ဆံအိတ်နှင့် လွယ်အိတ်များ စသည်တို့ကို ရိုးရာဂျပ်ခုတ်စနစ်ဖြင့် ၎င်းတို့ကိုယ်တိုင် ရက်လုပ်ကြကာ ဝတ်စားဆင်ယင်တန်ဆာဆင်လေ့ရှိ ကြသည်။ လီဆူအမျိုးသားများအတွက် အစင်းကွက်ပါအင်္ကျီ အနက်ရောင်၊ အပြာရောင်၊ အနီအရောင်စပ်၊ အစိမ်းအရောင်စပ်၊ အစိမ်း၊ အပြာရောင်ဘောင်းဘီနှင့် ခါးပတ်အရောင် အမျိုးမျိုးတို့ကို ချုပ်ဝတ်လေ့ရှိကြကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။

 

လီဆူအမျိုးသမီးတို့ဝတ်စုံ

 

ရောင်စုံ သုံးမျိုးဆက်ရင်ဖုံးအင်္ကျီ၊ ခြေစွပ်၊ ခေါင်းပေါင်း၊ ခါးပတ်တို့ကို ချုပ်လုပ်ဝတ်ဆင်ကြသည်။ အမျိုးသား ဝတ်စုံအင်္ကျီ၊ ဘောင်းဘီရှည်နှင့် အမျိုးသမီးထဘီ၊ ခေါင်းပေါင်းတို့ကို ချုပ်လုပ်ရသည်မှာ လွယ်ကူသော်လည်း လီဆူအမျိုးသမီးများ၏ ရင်ဖုံး၊ ခြေစွပ်တို့အား လက်ချုပ်ဒီဇိုင်းဖော် ပြုလုပ်ကြသည့်အခါ လှပဆန်းသစ်သော ဒီဇိုင်းများအား လက်ချုပ်ပညာဖြင့်သာ အဓိကတီထွင်ပုံဖော် ပြုလုပ်ကြသည်။ သူတို့ရိုးရာ သူတို့အကြိုက် ပိတ်သား ချည်သားများနှင့် ငွေထည်ဒန်ထည် ပစ္စည်းများအပြင် ပုလဲ၊ ပုတီးတို့ကဲ့သို့ အလှအပ တန်ဆာတင်ရသော လီဆူတို့အသုံး အဆောင်အထည်များတွင် အမည်စုံအောင် အစီအရီထည့်သွင်း ချုပ်လုပ်ရသည်မှာ ခက်ခဲလက်ဝင်စွာ ပုံဖော်ကြရသည်ကို တွေ့ရှိရသည်။

 

အင်္ကျီပိတ်သား အရောင်အဆင်းနှင့် လိုက်ဖက်ညီသော ဖြူ၊ နီ၊ ပြာ၊ စိမ်းရောင်စုံ ပိတ်သား၊ ချည်သားများ တစ်မျိုးနှင့် တစ်မျိုးမတူ တစ်မူထူးခြား၍ သစ်ဆန်းလှပစွာ ဝေဝေဆာဆာ လက်ချုပ်တီထွင် ချုပ်လုပ်ဝတ်ဆင် ကြသည်ကို လေ့လာတွေ့ရှိနိုင်ပေသည်။

 

လီဆူအမျိုးသားများဝတ်စုံအတွက် အင်္ကျီရှေ့အနားတပ်ဆင် ချုပ်လုပ်ရာတွင်လည်း လက်မှုပညာ မြှောက်လှကြောင်း လေ့လာတွေ့ရှိရပေသည်။ အများအားဖြင့် အနက်ရောင်၊ အနီရောင်၊ ပန်းရောင်နှင့် အပြာရင့်ရောင် ပိတ်စများကို လီဆူတို့ ပိုမိုကြိုက်နှစ်သက် ကြသည်။

 

လီဆူတို့၏ ရိုးရာဝတ်စုံများ၏တန်ဖိုးများသည် အမျိုးသား၊ အမျိုးသမီးတို့၏ ရိုးရာဝတ်စုံ တစ်စုံလျှင် ငွေကျပ် တစ်သိန်းခွဲမှ ငွေကျပ် သုံးသိန်းအထက်ရှိကြောင်း၊ အမျိုးသားအင်္ကျီ၊ ဘောင်းဘီတန်ဖိုးတစ်ထည်နှုန်း ကျပ် ၈၀ဝဝမှ ကျပ် ၁၀ဝဝဝမှာ အနိမ့်ဆုံးဈေးဖြစ်ကြောင်း လီဆူရိုးရာဝတ်စုံ ချုပ်လုပ်သူများက ပြောသည်။

 

လီဆူအမျိုးသား၊ အမျိုးသမီးဝတ် ခြေစွပ်တစ်စုံလျှင် ကျပ် ၁၅၀ဝဝ၊ ဦးထုပ်(ရိုးရိုး) တစ်လုံး ငွေကျပ်၂၀ဝဝဝ၊ အမျိုးသမီးလည်ဆွဲ တစ်ကုံး ၅၀ဝဝဝ၊ ခါးပတ်တစ်ခု ၅၀ဝဝဝ၊ အမျိုးသမီးတို့၏ အပေါ်ရုံအင်္ကျီ ငွေကျပ် တစ်သိန်းခွဲမှ ငွေကျပ် သုံးသိန်းနှင့် လီဆူ အမျိုးသားတို့၏ ရိုးရာခါးပတ်တန်ဖိုးမှာ ငွေကျပ်၂၅၀ဝ၀ အထိ တန်ဖိုးရှိပါကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် ကိုးမိုင်ကျေးရွာတွင် နေထိုင် လျက်ရှိကြသော လီဆူတိုင်းရင်းသားလူမျိုးစုတို့၏ လီဆူရိုးရာအဝတ်အထည်အသုံးအဆောင်များ ချုပ်လုပ်ငန်းခွင်သို့ စာရေးသူရောက်ရှိခဲ့စဉ်က လေ့လာမှတ်သားရခဲ့သည်များမှ တစေ့တစောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။