လကမ္ဘာပေါ်တွင် လမ်းလျှောက်ခဲ့သည့် လေးယောက်မြောက် အာကာသယာဉ်မှူး သေဆုံး

နာဆာ ၂၇ မေ

 

ပန်းချီဆရာတစ်ယောက်လည်းဖြစ်ပြီး လကမ္ဘာပေါ်မှာ လမ်းလျှောက်ခဲ့တဲ့ လေးယောက်မြောက် အမေရိကန် အာကာသယာဉ်မှူး  အလန်ဘင်း(န်)ဟာ အသက်(၈၆)နှစ်အရွယ်မှာ သေဆုံးသွားပြီဖြစ်ကြောင်း မေ ၂၇ ရက်မှာ နာဆာက ထုတ်ပြန်လိုက်ပါတယ်။

 

အလန်ဘင်း(န်)ဟာ လွန်ခဲ့တဲ့ ရက်သတ္တတစ်ပတ်က ရုတ်တရက် နာမကျန်းဖြစ်ခဲ့ရာကနေ စနေနေ့ကပဲ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ၁၉၆၃ ခုနှစ်က နာဆာရဲ့ တတိယမြောက် လက်ရွေးစင် အာကာသယာဉ်မှူး အုပ်စုတွင် ပါဝင်ခဲ့သူဖြစ်ပြီး အမေရိကန် ရေတပ်တွင်လည်း လေယာဉ်မှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

 

အလန်ဘင်း(န်)ကို ၁၉၃၂ ခုနှစ် မတ်လ ၁၅ ရက်နေ့က မွေးဖွားခဲ့ပြီး ၁၉၅၅ ခုနှစ်မှာ လေကြောင်း အင်ဂျင်နီယာ ဘာသာရပ်ကို တက္ကဆက်တက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်က အပိုလို-၁၂ အာကာသယာဉ်ဖြင့် လကမ္ဘာပေါ် ဆင်းသက်ရာတွင် လည်းကောင်း၊ ၁၉၇၃ ခုနှစ်က အမေရိကန်ရဲ့ ပထမဆုံး အာကာ သ အခြေစိုက်စခန်း စကိုင်းလက်(ဘ်)သို့သွားရာတွင် ပထမအဆင့် အာကာသယာဉ်မှူးအဖြစ် လည်း ကောင်း နှစ်ကြိမ်တိုင်တိုင် အာကာသသို့ ခရီးထွက်ခဲ့သူ ဖြစ်ပါတယ်။ ဒုတိယမြောက် ခရီးစဉ်မှာ ၅၉ ရက် ကြာမြင့်ပြီး မိုင်ပေါင်း ၂၄ ဒသမ ၄ သန်း ပျံသန်းခဲ့ကာ စံချိန်တင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ နာဆာကနေ အနားယူသွားခဲ့ပြီး ပန်းချီအနုပညာရှင် တစ်ဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။

 

“အင်ဂျင်နီယာ၊ တိုက်လေယာဉ်မှူး၊ အာကာသယာဉ်မှူး၊ အနုပညာရှင် စတဲ့ နယ်ပယ်ပေါင်းစုံမှာ ဝင်ဆံ့နိုင်တဲ့ ပါရမီအခံရှိသူပါ” လို့ အလန်ဘင်း(န်) ရဲ့ လုပ်ဖော်ကိုင်ဖက်  ဟယ်ရီဆန်ရှမစ်က ပြောပါတယ်။

 

အပိုလို-၇ အာကာသခရီးစဉ်တွင် ပါဝင်ခဲ့ပြီး အလန်ဘင်း(န်)နဲ့  (၅၅) နှစ်နီးပါး ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်း ဖြစ်သူ ဝေါ့လ်ကန်နီဂန်ကတော့ “ စီးပွားရေးလောကမှာ သူငယ်ချင်းတွေ ဆုံးရှုံးရတာ ပုံမှန်လိုဖြစ်နေပါပြီ။ ဒါပေမယ့် အလန်ဘင်း(န်)ကို ဆုံးရှုံးခဲ့ရတာတော့ ခက်ခဲပါတယ်”  လို့ ဆိုပါတယ်။

 

အလန်ဘင်း(န်)ဟာ ကျန်ရှိတဲ့ သူ့ဘဝသက်တမ်းတစ်ဝက်အား အနုပညာနယ်ပယ်မှာအချိန်ပေးဖို့ တွန်း အားဖြစ်စေခဲ့တဲ့ အခြားလောကီရေးရာ ရှုထောင့်အမြင်တွေကို အာကာသအတွင်း တွေ့မြင်ခဲ့ပြီး အခြား လုပ်ဖော်ကိုင်ဖက်တွေကို အံ့အားသင့်စေခဲ့ကြောင်း ၁၉၉၄ ခုနှစ်က နယူးယော့တိုင်းမ်နဲ့ အင်တာဗျူး တစ်ခုမှာ ပြောပြခဲ့ပါတယ်။

 

“အနုပညာရှင်တိုင်းမှာ ကိုယ်ပိုင်ကမ္ဘာ၊ ကိုယ်ပိုင်စိတ်ကူး စိတ်သန်းတွေ ရှိပါတယ်။ အဲဒါတွေက သူတို့ရဲ့ ပန်းချီကားတွေအပေါ်မှာ လှုံ့ဆော်မှုပေးပါတယ်။ ကျွန်တော့မှာလည်း ကိုယ်ပိုင်ကမ္ဘာကြီးနဲ့ စိတ်ကူး စိတ်သန်းတွေ ရှိပါတယ်။ ပြီးတော့ ကျွန်တော်က လကမ္ဘာကို ပိုင်ဆိုင်တဲ့ ပထမဆုံး အနုပညာရှင်လည်း ဟုတ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

 

စိုးမိုးဇော် (MDN)
ကိုးကား - AFP