လျှပ်စစ်မိုးပျံကား ထုတ်လုပ်မည့် အစီအစဉ်အား ရိုးရိုက်စ်(ROLLS-ROYCE) က FARNBOROUGH လေကြောင်းပြပွဲတွင် ထုတ်ဖော်ပြသ

လန်ဒန် ၁၇ ဇူလိုင်

 

ဗြိတိန်တွင် ဇူလိုင်လ ၁၆ ရက်ကနေ ၂၂ ရက်ထိ ကျင်းပသွားမယ့် Farnborough အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲတွင် ဗြိတိန်ကားကုမ္ပဏီ ရိုးရိုက်စ်(Rolls-Royce) က လေပေါ်မှာ ပျံသန်းနိုင်ပြီး ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်တဲ့ လျှပ်စစ် စွမ်းအင်သုံး မိုးပျံကားအား ငါးနှစ်အတွင်း ထုတ်လုပ်သွားမည့် အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။

 

ကုမ္ပဏီအနေနဲ့ Rolls-Royce EVTOL  လို့ အမည်ပေးထားတဲ့ ရှေ့ပြေးပုံစံကို နောက် ၁၈ လအတွင်း ထုတ်လုပ်သွားဖို့ရှိပြီး ၂၀၂၀ အစောပိုင်းလောက်မှာ ကောင်းကင်တွင် ပျံသန်းနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ရှေ့ပြေးပုံစံယာဉ်မှာတော့ တစ်နာရီကို မိုင် ၂၀ဝ နှုန်းနဲ့ မိုင် ၅၀ဝ ထိ ပျံသန်းနိုင်မှာ ဖြစ်ပြီး ခရီးသည် ၄ ဦးကနေ ၅ ဦးထိ တင်ဆောင်နိုင်ကြောင်း သိရပါတယ်။

 

 

“နောက်နှစ် နှစ်အကုန်ပိုင်းလောက်မှာ စတင်ပျံသန်းနိုင်မှာပါ။ ၂ နှစ်အတွင်းမှာ ပျံသန်းမှုစနစ်ကို ချပြသွားမယ်။ ဈေးကွက်အတွင်းမှာ နောက် ၃ နှစ်ကနေ ၅ နှစ်အတွင်း ဒီလိုပုံစံ ပျံသန်းမှုတွေ မြင်ရတော့မှာပါ။” လို့ ရိုးရိုက်စ်(Rolls-Royce) မှ အီလက်ထရောနစ်ကျွမ်းကျင်အဖွဲ့ အကြီးအကဲ Rob Watson ကပြောခဲ့ပါတယ်။

 

မိုးပျံ လျှစ်စစ်ကား ထုတ်လုပ်ရေးအတွက် စတာလင်ပေါင် သန်းပေါင်းများစွာ အကုန်အကျခံထားပြီး သမာရိုးကျ တာဘိုင်အင်ဂျင်နှင့် လျှပ်စစ်စွမ်းအင် စနစ်သုံးပြီး မောင်းနှင်သွားမှာ ဖြစ်ပါတယ်။

 

“မြို့တွင်း သွားလာရေးမှာ လျှစ်စစ်စနစ်က နည်းလမ်းကျပါတယ်။ ဒါပေမဲ့ မိုင် ၂၀ဝ၊ မိုင် ၃၀ဝ နီးပါး ခရီးထွက်ချင်ရင်ဖြစ်ဖြစ်၊ လန်ဒန်ကနေ ပဲရစ်ကို သွားချင်ရင်ဖြစ်ဖြစ်၊ အခြားတစ်နေရာရာကို လှည့်ပတ်သွားချင်တယ်ဆိုရင်တော့ မိုးပျံကားက ပို့ဆောင်ပေးနိုင်မှာပါ။ ကျွန်တော်ထင်ပါတယ် မကြာခင် ဈေးကွက်အတွင်းမှာ လျှပ်စစ်မိုးပျံကားတွေကို ခင်ဗျားတို့ မြင်ရတော့မှာပါ” လို့ Rob Watson ကပြောကြားခဲ့ပါတယ်။

 

“ ကားစက်မှု လုပ်ငန်းတွေလိုပဲ တွေးကြည့်ပါ။ အစဉ်အဆက် လူတွေဟာ စွမ်းအင် လောင်ကျွမ်းတဲ့ အင်ဂျင်တွေကို အသုံးပြုခဲ့ကြတယ်။ အချိန်တွေကြာလာတာနဲ့အမျှ လျှပ်စစ် စွမ်းအင်ရဲ့ အသုံးဝင်ပုံကို ပေါင်းထည့်လိုက်မယ်။ အဲဒိနောက်မှာ  လျှပ်စစ်ကားတွေကို ခင်ဗျားတို့ စပြီးမြင်တွေ့ရမှာပါ။ အခုမိုးပျံကားကိုလည်း အဲဒီနည်းအတိုင်းပဲ ဈေးကွက်အတွင်း ချပြသွားမှာပါ” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

 

မိုးပျံကား ထုတ်လုပ်နိုင်ရေးအတွက် ရိုးရိုက်စ်(Rolls-Royce) ကုမ္ပဏီအပြင် အမေရိကန် အငှားကား ဝန်ဆောင်မှု ကုမ္ပဏီ Uber နှင့် Google က ကျောထောက်နောက်ခံပြုထားသည့် Kitty Hawk အပါအဝင် အခြားကုမ္ပဏီကြီးများကလည်း သုတေသနပြု လေ့လာမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

 

တကယ့်ဈေးကွက်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်မှုပေးနိုင်ဖို့ ခရီးသည် ၁၀ ဦးကနေ ၁၅ ဦးထိ လိုက်ပါနိုင်ရန် အဆင့်မြင့်ပြီး ထုတ်လုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

SMZaw (MDN)
ကိုးကား - AFP