လွှတ်တော်အဆောက်အဦများတွင် တပ်ဆင်ထားသော လျှပ်စစ်ပိုင်းဆိုင်ရာ စနစ်တကျရှိစေရေးအတွက် ဗဟိုကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၁ ဩဂုတ် 
 
 
လွှတ်တော်အဆောက်အဦများတွင် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်ပိုင်းဆိုင်ရာများ စနစ်တကျရှိစေရေးနှင့် စစ်ဆေးပြုပြင်ရေးအတွက် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
 
 
အစည်းအဝေးသို့ လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ နာယကများ ဖြစ်ကြသည့်  ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
 
 
အစည်းအဝေးတွင် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနာယကများက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယဝန်ကြီးက လျှပ်စစ်ပိုင်းဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးသည်။ ယင်းနောက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီ အသီးသီးက ရှင်းလင်းတင်ပြခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ကြပြီး ပြည်ထောင်စုလွှတ်တော် နာယက က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
 
 
(သတင်းစဉ်)