လုပ်ငန်းအားလုံးနှင့် သက်ဆိုင်သည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးအခန်းကဏ္ဍ

ကိုဖြိုး(သုဝဏ္ဏဘူမိ)

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းမှုအပေါ်မှာ တိုက်ရိုက်အချိုးကျတဲ့အတွက် လုပ်ငန်းများ တိုးတက်များပြားစေရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် နိုင်ငံများအနေနဲ့ မူဝါဒနဲ့လုပ်ငန်းအစီအစဉ်များကို ချမှတ်ဆောင်ရွက်ရပါတယ်။ လုပ်ငန်းများတိုးတက် ဖွံ့ဖြိုးဖို့အတွက် ငွေကြေးစနစ်၊ ဈေးကွက်စီးပွားရေးစနစ်၊ လုပ်သားဈေးကွက်စနစ်တို့ဟာ အဓိကကျတဲ့ အခြေခံစနစ်များဖြစ်ပါတယ်။ လုပ်သားဈေးကွက်စနစ်မှာ လုပ်ငန်းခွင်ထိခိုက်မှုနဲ့ လုပ်ငန်းခွင်ရောဂါများ လျော့နည်းကျဆင်းစေရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဟာအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့ ပူးပေါင်းပြုစုပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ Global Monitoring Report; Work-related Burden of Disease and Injury, 2000–2016 အရ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အရှေ့တောင် အာရှဒေသနဲ့ ပစိဖိတ်အနောက်ပိုင်းဒေသတို့မှာ အလုပ်နဲ့ဆက်စပ်တဲ့ သေဆုံးမှုတွေ အများဆုံး ဖြစ်ပွားခဲ့ပြီး သေဆုံးသူများမှာ အမျိုးသားဦးရေ များပြားကြောင်း၊ လုပ်ငန်းခွင်ထိခိုက်မှုနဲ့ လုပ်ငန်း ခွင်ဆိုင်ရာရောဂါ ဖြစ်ပွားသူဦးရေဟာ နှစ်စဉ်ပျမ်းမျှအားဖြင့် သန်း ၁၀၀ ခန့်ရှိကြောင်း၊ အလုပ်နဲ့ဆက်စပ်တဲ့သေဆုံးမှု နှစ်စဉ်ပျမ်းမျှအနေနဲ့ နှစ်သန်းခန့်ဖြစ်ပွားကြောင်း၊ လုပ်ငန်းခွင်ထိခိုက်မှုနဲ့ ရောဂါများကြောင့် ဆေးကုသစရိတ်နဲ့ ငွေကြေးအကျိုးခံစားခွင့်တွေ ပေးအပ်မှုများဟာ နှစ်စဉ် ပျမ်းမျှအနေနဲ့ ကမ္ဘာ့ဂျီဒီပီရဲ့ ၅ ဒသမ ၄ ရာခိုင် နှုန်းခန့်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်း အလုပ်နဲ့ ဆက်စပ်တဲ့သေဆုံးသူဦးရေ ၁ ဒသမ ၉ သန်းရှိပြီး သေဆုံးမှုများအနက် လုပ်ငန်းခွင်ရောဂါများကြောင့် ၈၁ ရာခိုင်နှုန်း၊ လုပ်ငန်းခွင်ထိခိုက်မှုများကြောင့် ၁၉ ရာခိုင်နှုန်းရှိကြောင်း၊ လုပ်ငန်းခွင်ရောဂါများကြောင့် သေဆုံးမှု ၁ ဒသမ ၅၂ သန်း၊ လုပ်ငန်းခွင် ရောဂါရရှိမှု ၆၃ ဒသမ၂၈ သန်း၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှု ၂၆ ဒသမ ၄၄ သန်း၊ လုပ်ငန်းခွင် ထိခိုက်သေဆုံးမှု ၀ ဒသမ ၃၆ သန်း စုစုပေါင်း ၉၁ ဒသမ ၆ သန်း ဖြစ်ပွားခဲ့ပြီး အရှေ့တောင်အာရှဒေသမှာ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုနဲ့ လုပ်ငန်းခွင် ရောဂါရရှိမှု ဦးရေ ၅၀၈၈၅၃၀၊ လုပ်ငန်းခွင်ထိခိုက်မှုနဲ့ လုပ်ငန်းခွင်ရောဂါရရှိမှုကြောင့် သေဆုံးမှု ၁၅၉၈၂၄ ဦး စုစုပေါင်း ၅၂၄၈၃၅၄ ဦးတို့ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ကာကွယ်ထိန်းချုပ်ရေး အစီအမံတွေ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့ ပူးပေါင်းပြုစုတဲ့ အစီရင်ခံစာမှာ လုပ်ငန်းခွင်ရောဂါများကြောင့် သေဆုံးမှုနဲ့ လုပ်ငန်းခွင်ရောဂါရရှိမှုတွေဟာ အများဆုံး ဖြစ်ပွားနေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာလည်း လုပ်ငန်းခွင်ရောဂါများကြောင့် သေဆုံးမှုနဲ့ လုပ်ငန်းခွင်ရောဂါရရှိမှုတွေ တိုးမြင့်လာတာကြောင့် ကာကွယ်ထိန်းချုပ်ရေး အစီအမံ တွေကို ကမ္ဘာ့နိုင်ငံတွေမှာ အလေးထားဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရပါတယ်။ လုပ်ငန်းခွင်ရောဂါတွေကြောင့် သေဆုံးမှုတွေမှာ အသက်ရှူလမ်းကြောင်းပိုင်းနဲ့ နှလုံးပိုင်းဆိုင်ရာရောဂါများ အများဆုံးဖြစ်ပွားခဲ့တဲ့အတွက် အဆိုပါလုပ်ငန်းခွင် ရောဂါများ မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ်ရေး အစီအမံတွေကို အထူးကြပ်မတ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အသက်ရှူ လမ်းကြောင်းတွင် ဖြစ်ပွားတတ်သော လုပ်ငန်းခွင် ဆိုင်ရာရောဂါများနဲ့ စပ်လျဉ်းပြီး မှီငြမ်းကိုးကား အသုံးပြုနိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရောဂါရှာဖွေ ဖော်ထုတ်ခြင်းဆိုင်ရာ အချက်အလက်များ (Diagnostic Crieria)ကို ပြုစုထုတ်ပြန်ထားရှိတာကို သိရှိရပါတယ်။ 

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့အနေနဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးကို အလုပ်သမားများရဲ့ အခြေခံရပိုင် ခွင့်အဖြစ် သတ်မှတ်ထားရှိပြီး ကမ္ဘာ့နိုင်ငံများမှာလည်း လုပ်သားထုရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးနဲ့ ကျန်းမာရေးကို အလေးထားဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရပါတယ်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ အားနည်းမှုတွေကြောင့် အလုပ်သမားတွေအနေနဲ့ ထိခိုက်ဒဏ်ရာရရှိခြင်း၊ လုပ်ငန်းခွင်ဆိုင်ရာရောဂါ ရရှိခြင်း၊ အသက်သေဆုံးခြင်းတို့ဖြစ်ပွားပြီး လူမှုစီးပွားဘဝထိခိုက်ခြင်း၊ လုပ်ငန်းပိုင်ရှင်တွေအနေနဲ့ ဆေးကုသစရိတ်နဲ့ လျော်ကြေးငွေပေးအပ်ရခြင်း၊ ကျွမ်းကျင်လုပ်သားဆုံးရှုံးခြင်း၊ ကုန်ထုတ်လုပ်မှု ကျဆင်းခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ နိုင်ငံတော် အနေနဲ့လည်း လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းတို့ကို ဖြစ်ပေါ် စေပါတယ်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ကျန်းမာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အစိုးရအနေနဲ့လည်းကောင်း၊ လုပ်ငန်းများအနေနဲ့လည်းကောင်း ခွဲခြားဆောင်ရွက်ရပါတယ်။ အစိုးရအနေနဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်များချမှတ်ခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ခြင်း၊ စစ်ဆေးစည်းကြပ် ခြင်း၊ ဒေသတွင်း၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ သတင်းအချက် အလက်များ ပေးအပ်ခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ပြန်လည်သုံးသပ်၍ ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဆောင်ရွက်ရပါတယ်။ လုပ်ငန်းများအနေနဲ့ အစိုးရရဲ့ ထုတ်ပြန်ချမှတ်မှုများအပေါ် လေးစားလိုက်နာခြင်း၊ လုပ်ငန်းအမျိုးအစားအလိုက် သင့်လျော်တဲ့ အစီအမံများပြုစုပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်အလိုက် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်း၊ သတင်း အချက်အလက်များ ပေးအပ်ခြင်းနဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအစီအမံများ ပြုစု၍ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို လုပ်ကိုင်ရပါတယ်။

ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်

မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးကို လုပ်ငန်းနယ်ပယ်အလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများက စည်းကြပ် လျက်ရှိတဲ့ ဥပဒေများနဲ့အညီ ဆောင်ရွက်ရာမှာ အမျိုးမျိုး ကွဲပြားခြားနားနေတဲ့အတွက် စုစည်း ဆောင်ရွက်နိုင်ရန် ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်မှာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာဥပဒေကို ပြဋ္ဌာန်းဆောင်ရွက် ခဲ့ပါတယ်။ ဒီဥပဒေမှာ သက်ဆိုင်ရာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားနဲ့ ကျွမ်းကျင်သူကိုယ်စား လှယ်များနဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာကောင်စီဖွဲ့စည်းရန် ပါရှိ သဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးကို စုစည်းပြီး ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဥပဒေနှင့်စပ်လျဉ်းတဲ့ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများကို ပြုစုရေးဆွဲခြင်း၊ အခြားလိုအပ်တဲ့ လုပ်ငန်းစဉ်များကို ဆောင်ရွက်နေရခြင်းတို့ကြောင့် လက်ရှိအချိန်မှာတော့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့  ကျန်းမာရေးဆိုင်ရာဥပဒေကို အကောင်အထည်ဖော် ကျင့်သုံးနိုင်မှု မရှိသေးကြောင်း သိရှိရပါတယ်။

ရရှိတဲ့အကျိုးကျေးဇူးများ

လုပ်ငန်းများအနေနဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရာမှာ  ထိပ်ပိုင်းစီမံခန့်ခွဲသူများရဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်  ကင်းရှင်းရေးနဲ့ ကျန်းမာရေးအပေါ် စိတ်ပါဝင်စားမှု၊ အလေးထားမှုများဟာ အလွန်အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ထိုသို့ဖြစ်ပေါ်လာစေရေး ထိပ်ပိုင်းစီမံခန့်ခွဲသူများအနေနဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးရဲ့ အရေးပါမှုနဲ့ ထိုသို့ဆောင်ရွက်ခြင်း ကြောင့် ရရှိတဲ့အကျိုးကျေးဇူးများကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်ထိခိုက်မှုများနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိမှုတွေဟာ အလုပ်သမား၊ အလုပ်ရှင်၊ လုပ်ငန်းနဲ့ နိုင်ငံအစရှိတဲ့ အဆင့်တိုင်းမှာ ထိခိုက်ဆုံးရှုံးမှုတွေကိုသာ ဖြစ်ပေါ်စေပါတယ်။ မြင်သာတဲ့ ထိခိုက်ဆုံးရှုံးမှုတွေထက် ရေရှည်မှာ မမြင်သာတဲ့ ထိခိုက်ဆုံးရှုံးမှုတွေက ပိုမိုများပြားတဲ့ အတွက် ထိခိုက်ဆုံးရှုံးမှုတွေကို တွက်ချက်ရာမှာ ရရှိတဲ့အချက်အလက်တွေထက် အများကြီး ပိုမို ဆုံးရှုံးတာကို သတိပြုဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးမှာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် လုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုထက် အဆပေါင်းများစွာ သာလွန်တဲ့ အကျိုးကျေးဇူးတွေရရှိမှာကို သိရှိနားလည်ဖို့ လိုအပ်ပါ တယ်။
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ကျန်းမာရေးကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် လုပ်ငန်းခွင်ထိခိုက်မှုနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိမှုများ လျော့နည်းကျဆင်းသွားခြင်း၊ ထိခိုက်မှုနဲ့ရောဂါရရှိမှုတို့ကြောင့် ကုန်ကျမယ့်စရိတ်များ သက်သာခြင်း၊ ကုန်ထုတ်စွမ်းအားတိုးတက်ခြင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်တဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချနိုင်ခြင်း၊ လုပ်ငန်းခွင်ထိခိုက်မှုနဲ့လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိမှုများ ကျဆင်းတဲ့အတွက် အာမခံကြေးများ သက်သာခွင့်ရရှိခြင်း၊ အလုပ်သမားများအနေနဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက် ပေးနေမှုများကို သိရှိနားလည်ပြီး လုပ်ငန်းအပေါ် ပိုမိုယုံကြည်အားကိုးလာခြင်း၊ အလုပ်သမားများမှ တစ်ဆင့်အများပြည်သူတို့ထံမှာလည်း မိမိလုပ်ငန်းရဲ့ပုံရိပ် ပိုမိုကောင်းမွန်လာခြင်း၊ အာဏာပိုင် အဖွဲ့အစည်းများရဲ့ အသိအမှတ်ပြုမှုကိုရရှိခြင်း၊ လုပ်ငန်းရဲ့ပုံရိပ် ကောင်းမွန်လာတဲ့အတွက် လုပ်ငန်းပိုမိုတိုးတက်ဖွံ့ဖြိုးလာခြင်း၊ အခြားလုပ်ငန်းများကလည်း မိမိလုပ်ငန်းအပေါ် ပိုမိုယုံကြည်လာခြင်း၊ ရင်းနှီးမြှုပ်နှံလိုသူများကို ဆွဲဆောင်နိုင်ခြင်း၊ အလုပ်သမားများရဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ စွမ်းဆောင်ရည်တိုးတက် မြင့်မားလာခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုရရှိမှာ ဖြစ်ပါတယ်။

လုပ်ငန်းများအနေနဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးကို ဆောင်ရွက်ရာမှာ မိမိလုပ်ငန်းနဲ့သင့်လျော်တဲ့ မူဝါဒနဲ့ လုပ်ငန်းအစီအမံ များ ချမှတ်ခြင်း၊ တာဝန်ဝတ္တရားများ သတ်မှတ်ခြင်း၊ အသိပညာ မြှင့်တင်ပေးခြင်း၊ လုပ်သားများအား ပူးပေါင်းပါဝင်စေခြင်း၊ လုပ်ငန်းခွင်အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ မှတ်တမ်းများကို ထိန်းသိမ်းခြင်းနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းဆောင်ရွက်မှုများ အပေါ် ပြန်လည်သုံးသပ်ခြင်းစတဲ့ အခြေခံလုပ်ငန်းစဉ် တွေကိုလုပ်ကိုင်ရပါတယ်။ ဒီလို ဆောင်ရွက်ခြင်းဖြင့် အလုပ်သမားများအတွက်လည်းကောင်း၊ အလုပ်ရှင် များအတွက်လည်းကောင်း၊ လုပ်ငန်းများအတွက် လည်းကောင်း၊ အများပြည်သူအတွက်လည်းကောင်း၊ နိုင်ငံတော်အတွက်လည်းကောင်း ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကိုရရှိစေမှာ  ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။