လူငယ်များ နစ်ကိုတင်းသားကောင်မဖြစ်ရေး

mdn

နေပြည်တော် ၃၁ မေ

 

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေသည်ဆိုသော စာတန်းကလေးကို မကြာမကြာ တွေ့ဖူးကြမည် ဖြစ်သည်။ စီးကရက်ဘူးခွံပေါ်တွင်လည်းကောင်း၊ ရုပ်ရှင် ရုပ်မြင် ဇာတ်လမ်းဇာတ်ဝင်ခန်းများတွင် လည်းကောင်း တွေ့ရတတ်သည်။ အဆိုပါ စာတန်းကလေးက ဆေးလိပ်သောက်နေသူများကို လည်းကောင်း၊ အတုမြင် အတတ်သင်ဆိုသလို ဆေးလိပ်သောက်ရန် အစပျိုးနေသူတို့ကိုလည်းကောင်း သတိပေးနေခြင်း ဖြစ်သည်။

 

ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးကို မည်ကဲ့သို့ ဆိုးဆိုးရွားရွား ထိခိုက်စေသနည်းဟုဆိုလျှင် သောက်သုံးသူ၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းအားလုံးလိုလိုကို ထိခိုက်စေသည်ဟု ပင် ဖြေဆိုရမည်ဖြစ်သည်။ ဆေးလိပ်ငွေ့တွင် ပါဝင်သည့် ဓာတု ပစ္စည်းများက သွေးကြောများကို ကျဉ်းစေသည်။ သွေးလှည့်ပတ်မှု ကို ထိခိုက်စေပြီး နှလုံး၏ ပုံမှန်အလုပ်ကိုလည်း အနှောင့်အယှက် ပြုသည်။ နှလုံးသွေးကြော၊ ဦးနှောက်သွေးကြောတို့ ကျဉ်းစေ၊ ပိတ်စေခြင်းတို့ကြောင့် အမောဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ မြင့်မားလာစေသည်။ အစာအိမ်ကင်ဆာ၊ ကျောက်ကပ် ကင်ဆာတို့နှင့်လည်း ဆက်စပ်သည်။ အရေပြားတို့ကို ရင့်ရော်စေ၍ မြန်မြန်ဆန်ဆန် အိုမင်းစေသည်။ အဆုတ်ကင်ဆာမှသည် အသက်ရှူလမ်းကြောင်းနှင့် အဆုတ်ရောဂါများ ကိုလည်း ဖြစ်ပေါ်စေသည်။ ခံတွင်း၊ လည်ချောင်း၊ သွားနှင့် သွားဖုံး၊ နှုတ်ခမ်းတို့လည်း မလွတ် စေရ။ ခံတွင်းကင်ဆာအများစုက ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဆေးလိပ် သောက်ပါက မျိုးပွားခြင်း မျိုးအောင်ခြင်းတို့ကို ထိခိုက်ပျက်စီးစေသည်။

 

ဆေးလိပ်ကြောင့် ထိခိုက်နိုင်သည့် ကျန်းမာရေးအကြောင်း မည်သို့ပင် ပညာပေးပေး နှစ်ကိုတင်းအစွဲအလမ်းက ကြီးမားသည့် အတွက်ကြောင့် ပညာပေးမှုများကို မသိယောင်၊ မမြင်ယောင် မဆောင်သွားစေသည်။ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ခြောက်နှစ် ခန့်က ကောက်ယူခဲ့သည့် စစ်တမ်းအရ အသက် ၂၅ နှစ် မှ ၆၄ နှစ် အတွင်းရှိ အမျိုးသားဦးရေ၏ ၄၃ ဒသမ ၈ ရာခိုင်နှုန်းမှာ ဆေးလိပ် မသောက်သူများ ဖြစ်သည်။ အလုပ်လုပ်သည့် အရွယ်ကောင်း အမျိုးသားဦးရေထက်ဝက်ခန့်မှာ ဆေးလိပ်သောက်သူများဖြစ်ကြပြီး မဆေးလိပ်သောက်သုံးမှု နှုန်းမှာလည်း မြင့်တက်လျက်ရှိခြင်းကြောင့် လက်ရှိအခြေအနေတွင်မူ အဆများစွာ ပိုမိုမြင့်မားနေပြီဟု ယူဆ မရဖွယ်ရှိသည်။ ဆေးလိပ်တွင် ပါဝင်သည့် နစ်ကိုတင်းကို စွဲလမ်းသည့် အတွက်ကြောင့် ဆေးလိပ်သောက်သူ အရေအတွက် အချိုးအစား ကြီးမားလျှင် ကြီးမားသလောက် နိုင်ငံတွင်ရော မိသားစုများတွင်ပါ ကျန်းမာရေး ဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ပိုမိုများပြားလာမည်ဖြစ်ရာ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုတို့ကို လျှော့ချနိုင်ရေး အဘက်ဘက်မှ ဆောင်ရွက်သွားရမှာဖြစ်သည်။

 

တစ်ဖက်တွင်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီး ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများမှာ အကျိုးအမြတ် ကြီးမားစွာ ရရှိကြသည့် လုပ်ငန်းများဖြစ်သည့်အလျောက် ရာစုနှစ်နှင့်ချီပြီး လုပ်ကိုင်လာကြသည့် ကုမ္ပဏီကြီး များမှာ ၎င်းတို့ရရှိနေသည့် အကျိုးအမြတ်များကို မစွန့်လွှတ်လိုသည့်အတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထုတ်ကုန်များ ရောင်းချနိုင်ရန် ဈေးကွက်နည်းပရိယာယ်များစွာ တို့ကို နည်းမျိုးစုံအသုံးပြုလျက်ရှိကြသည်။ အထူးသဖြင့် ဆေးလိပ်သောက်သုံးမည့် မျိုးဆက်သစ်များ ရရှိရေးအတွက် လူငယ်များအကြားသို့ နည်းလမ်း မျိုးစုံဖြင့် ဝင်ရောက်ကာ ဈေးကွက်သစ်များ ရှာဖွေနေခြင်းပင် ဖြစ်သည်။ လူငယ်များ၏အကြိုက်၊ လူငယ်များ၏ စရိုက်သဘာဝတို့နှင့် ကိုက်ညီမည့် ဆေးလိပ်နှင့် ဆေးရွက်ကြီး အပါအဝင် နစ်ကိုတင်း ထုတ်ကုန်အမျိုးမျိုးတို့ကို ထုတ်လုပ်ကာ လူငယ်ထုအား ပစ်မှတ်ထား၍ ဈေးကွက်ချဲ့ထွင်လျက်ရှိရာ မြန်မာနိုင်ငံတွင် အခြေခံပညာ အလယ်တန်းကျောင်းသား ကျောင်းသူများ အတွင်း၌ပင် ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှုအစပြုနေကြကြောင်း စစ်တမ်းကောက်ယူမှုမှ တွေ့ရှိခဲ့ရသည်။ သို့ဖြစ်သည့်အလျောက် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုအန္တရာယ် ပညာပေးအစီအစဉ် များကို အခြေခံပညာကျောင်းသားအရွယ်မှပင် စတင်ပညာပေးပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းအမျိုးမျိုး ထုတ်လုပ်မှု၊ တင်သွင်းမှု၊ ရောင်းချမှုအဆင့်တိုင်းမှာ ထိထိရောက်ရောက် ထိန်းချုပ် သွားရန် လိုအပ်လျက်ရှိသည်။

 

နစ်ကိုတင်း အစွဲအလမ်းကို ငယ်ရွယ်စဉ်က စတင်တားဆီးနိုင် ခြင်းအားဖြင့် လူငယ်များ၏ ပညာသင်ယူမှုကို ကောင်းမွန်၌ဖြူး စေမည်ဖြစ်သလို ကျန်းမာသန်စွမ်းသည့် လူစွမ်းအားအရင်းအမြစ် များအဖြစ် နိုင်ငံကို အကျိုးပြုစေနိုင်မည်ဖြစ်ရာ လူငယ်များအား ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်မှ ကာကွယ်ရေး ဝိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း