လူသားချင်းစာနာထောက်ထားမှုဖြင့် ကူညီ

နေပြည်တော် ၃ ဇွန်

 

 

မြန်မာနိုင်ငံအတွင်း ပြည်တွင်းပဋိပက္ခများကြောင့် နေရပ်မှစွန့်ခွာသွားကြသူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ဒေသမရွေး၊လူမျိုးမရွေး တစ်ပြေးညီကူညီစောင့်ရှောက်ပေးလျက်ရှိသည်ကို တွေ့ရသည်။လက်ရှိတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားကြသူများနှင့် ကချင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသွားကြရသော ပြည်သူများကို တွေ့ရ မည်ဖြစ်သည်။

 

 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားကြသူများအနက် မိမိတို့သဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများအား ၎င်းတို့၏ မူလနေထိုင်ရာနေရာများ သို့မဟုတ် အနီးစပ်ဆုံးနေရာများသို့ နေရာချထားပေးလျက် ရှိသည်ကို တွေ့ရသည်။ ထို့အပြင် ၎င်းတို့အား နိုင်ငံသားလျှောက်ထားသည့် အစီအစဉ်တွင် ပထမအဆင့် NV card ကိုင်ဆောင်ခြင်း၊တစ်ပြိုင်တည်းမှာပင် နိုင်ငံသားစိစစ်မှုကို ဥပဒေနှင့်အညီ ခံယူရန်လိုအပ်သော လျှောက်လွှာများဖြည့်ခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ်တွင် ကျန်ရှိသော ၎င်းတို့၏မိသားစုဝင်များအားသံတမန်နည်းလမ်းဖြင့် ဆက်သွယ်ခေါ်ယူပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်၊ ဆီ၊ ဆား၊ပဲရိက္ခာနှင့်မိသားစုအသုံးအဆောင်များ ထောက်ပံ့ပေးဝေခြင်းတို့အပြင်နေထိုင်ရန်အတွက် အိမ်ရာများပါ စီစဉ်ပေးနေသည်ကိုတွေ့ရသည်။တစ်ဆက်တည်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ နေရပ်ပြန်သူများအား လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု၊ လူမှုကာကွယ်စောင့်ရှောက်မှုနှင့် လူမှုပေါင်းစည်း နည်းပညာများဖြင့် ဆက်လက်ပံ့ပိုးကူညီရန် စီစဉ်နေခြင်းသည်လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်အပြည့်ဖြင့် ကူညီဆောင်ရွက်ပေးနေခြင်းပင် ဖြစ်သည်။

 

 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကို ကူညီဆောင်ရွက်ပေးနေသလို ကချင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာကြရသော ပြည်သူများကိုလည်း ပစ်ပယ်ထားခြင်းမရှိချေ။ နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်၌ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်းမှအသင်းအဖွဲ့များ၊လုပ်ငန်းများနှင့် ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကချင်ပြည်နယ်တွင်နိုင်ငံတော်အစိုးရနှင့်အတူ ပြည်တွင်းမှအသင်းအဖွဲ့များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း ကူညီထောက်ပံ့ပေးနေသည်ကို တွေ့ရ သည်။

 

 

ပြီးခဲ့သည့်လပိုင်းက ကချင်ပြည်နယ်အတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ပြည်သူများသည် ၎င်းတို့၏ကျေးရွာများမှ စွန့်ခွာသွားခဲ့ရကာ ဆင်းရဲဒုက္ခရောက်ကြရသည်။ စားဝတ်နေရေးအတွက် အခက်အခဲများဖြစ်ကြရသည်။ ဇွန်လ ၁ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ ဒုက္ခသည် များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရန်ငွေကျပ် သိန်း ၄၀ဝ ကို ပေးအပ် လှူဒါန်းခဲ့ရာ နေရပ်စွန့်ခွာရသောပြည်သူများ၏ စားဝတ်နေရေးအတွက် အထောက်အပံ့တစ်ခု ဖြစ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

 

 

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကြောင့်အတိဒုက္ခရောက်ကြရသော ပြည်သူများအား နိုင်ငံတော်အစိုးရနှင့်အတူကူညီထောက်ပံ့ဆောင်ရွက်ပေးမှုများသည် ဘာသာလူမျိုးမခွဲခြားဘဲ လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်အပြည့် ဆောင်ရွက်ပေးနေသည်ကို သိမြင်နားလည်ကြပေလိမ့်မည်။ လူတစ်ဦးတစ်ယောက်ဒုက္ခရောက်နေချိန်တွင် ကူညီဆောင်ရွက်ပေးခြင်းသည် မွန်မြတ်သော အမှုဖြစ်သည်ကို လူသားတိုင်း သိရှိနားလည်ထားကြပြီးဖြစ်ရာ မှန်ကန်သောရပ်တည်ချက်များဖြင့် ကူညီထောက်ပံ့မှုများတွင် ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု ယုံကြည်ထားပါသည်။ ။

 

 

ကြေးမုံ