လူ့တန်ဖိုးမြှင့်တင်မှ လူမှုဘဝမြင့်မား

၁၉ ဒီဇင်ဘာ

 

လူသည် မိမိတန်ဖိုးကို မိမိကိုယ်တိုင်မြှင့်တင်မှ တန်ဖိုးရှိသော လူဖြစ်ပေလိမ့်မည်။ လူတိုင်းလူတိုင်း တန်ဖိုးရှိသော လူသားများဖြစ်နေမှ ထိုလူတို့၏လူ့ဘောင်လောက၊ လူမှုဘဝလည်း မြင့်မားတိုးတက်လာပေလိမ့်မည်။ လူ့တန်ဖိုးဟူသည်မှာ ထွေထွေထူးထူးမဟုတ်၊ စည်းကမ်းရှိခြင်း၊ စည်းကမ်းလိုက်နာခြင်းပင် ဖြစ်သည်။ 

 

လူတို့အနေဖြင့် သွားလာနေထိုင် စားသောက်သည်မှအစ ကိုယ်လက်သန့်စင်သည်အဆုံး နေရာတိုင်းတွင် စည်းကမ်းတကျ ပြုမူနေထိုင်သင့်သည်။စည်းကမ်းသည် လူ၏တန်ဖိုးဟု အဆိုရှိပါသည်။ စည်းကမ်းကြီးလေ တန်ဖိုးကြီးလေ၊ စည်းကမ်းများလေ တန်ဖိုးများလေ၊ စည်းကမ်းနည်းလေ တန်ဖိုးနည်းလေ၊ စည်းကမ်းမရှိလျှင် တန်ဖိုးမရှိဖြစ်မည်။ ထို့ကြောင့်တန်ဖိုးရှိသောလူ၊ တန်ဖိုးကြီးသောလူ ဖြစ်စေရန် စည်းကမ်းကို ကြပ်ကြပ်ရိုသေလေးစားလိုက်နာရန် တိုက်တွန်းချင်ပါသည်။ စည်းကမ်းကို ကြပ်ကြပ်လိုက်နာခြင်းသည် ချုပ်ချယ်ခြင်းမဟုတ်ဘဲ မိမိနှင့် လူ့ဘောင်လောကအတွက် တန်ဖိုးမြှင့်တင်ခြင်းသာ ဖြစ်ပါသည်။

 

စည်းကမ်းရှိသော တိုင်းပြည်များတွင် လူမှုဘဝမြင့်မားနေသည်ကိုတွေ့ရမည်ဖြစ်သည်။ ထိုတိုင်းပြည်ရှိ လူများမှာ များသောအားဖြင့်နိုင်ငံကြီးသား ပီသနေသည်ကို မြင်တွေ့နိုင်ပါသည်။ စည်းကမ်းမရှိသောတိုင်းပြည်များတွင် အမြင်မတင့်ဖွယ်ရာများ မြင်တွေ့တတ်ပြီး လူမှုဘဝများနိမ့်ကျနေသည်ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် စည်းကမ်းသည်လူ့တန်ဖိုး၊ နိုင်ငံ့တန်ဖိုးကို ပိုင်းဖြတ်သော ပေတံသဖွယ်ဖြစ်၍ အရေးကြီးပါသည်။

 

မျက်မှောက်ကာလတွင် ကမ္ဘာပေါ်ရှိ နိုင်ငံအများမှာ ပြည်သူဦးစားပေးသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာကြသည်။ ထိုအခါလွတ်လပ်ခွင့်အမျိုးမျိုး၊ ခံစားခွင့်အမျိုးမျိုးတို့ကို တောင်းဆိုလာနိုင်ကြသည်။ထိုသို့တောင်းဆိုလာစဉ် ဒီမိုကရေစီ၏ အခြေခံစံနှုန်းဖြစ်သည့် လူတို့လိုက်နာအပ်သော သက်ဆိုင်ရာစည်းကမ်းများကို မျက်ကွယ်ပြုလာကြသည်။ တစ်နည်းဆိုသော် Human Right ဆိုသော လူ့အခွင့်အရေးကိုတစာစာတောင်းဆိုကြပြီး Dignity ဆိုသော ၎င်းတို့ မြှင့်တင်ပေးရမည့်ဂုဏ်သိက္ခာနှင့် တန်ဖိုးတို့ကို မေ့လျော့လာကြသည်။

 

မြန်မာနိုင်ငံသည်ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ပြီးဒီမိုကရေစီစနစ်ကိုစတင်အသွင်ကူးပြောင်းတည်ဆောက်နေဆဲကာလ ဖြစ်သည်။ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီစနစ်၊ စစ်မှန်ကောင်းမွန်ခိုင်ခံ့သော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရာတွင် စည်းကမ်းပြည့်ဝသော မြန်မာနိုင်ငံနှင့် ဆီလျော်လိုက်ဖက်သည့် ဒီမိုကရေစီစနစ်ကို တည်ဆောက်ကြရမည်ဖြစ်သည်။ တည်ဆောက်နေဆဲနိုင်ငံဖြစ်၍ လူတို့၏ ဂုဏ်သိက္ခာမြှင့်တင်ရေး၊ တန်ဖိုးမြင့်မားရေး၊ စည်းကမ်းလိုက်နာရေးတို့ကို ဦးစွာကြိုးပမ်းအားထုတ်သင့်ပြီး ပြီးလျှင် လူ့အခွင့်အရေးကို ရယူကြဖို့လိုအပ်ပေသည်။

 

နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နေသောကာလ ဝယ်တည်ဆောက်နေသော၊ တည်ဆောက်ပြီးသော လူ့ဘောင်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်မည့် လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုး၊ လူ့စည်းကမ်းများ ရှိဖို့လိုအပ်ပါသည်။ တည်ဆောက်ပေးထားသော ရုပ်ပိုင်းဆိုင်ရာ မပျက်စီးအောင် လိုက်နာဆောင်ရွက်ကြဖို့လိုသလို ပျက်စီးအောင်၊ စွန်းထင်းအောင်လုပ်ဆောင်မိသည့် တန်ဖိုးနည်းသော၊ ဂုဏ်သိက္ခာမရှိသော၊ စည်းကမ်းမဲ့သော အပြုအမူများ မပြုလုပ်မိဖို့လိုပါသည်။

 

သာဓကအားဖြင့် မြို့ပြသာယာလှပရေး၊ ပြည်သူများ သွားလာမှုလွယ်ကူရေး၊ အပန်းဖြေအနားယူရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ထိုဆောင်ရွက်ပေးထားသည်တို့ကို မပျက်စီးအောင်၊ မညစ်နွမ်းအောင် သတ်မှတ်ထားသော စည်းကမ်းများကိုလိုက်နာပြီး စည်းကမ်းရှိသော ပြည်သူများ၊ တန်ဖိုးရှိသော ပြည်သူများဖြစ်အောင် နေထိုင်ပြုမူကြဖို့လိုမည်ဖြစ်သည်။သို့ဖြစ်ရာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဖြတ်သန်းနေသောကာလ၌ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်း စည်းကမ်းသတ်မှတ်ချက်များအား လေးစားလိုက်နာဖို့ လိုအပ်မည်ဖြစ်သည်။

 

လူအများ လိုလားသော လူ့အခွင့်အရေးကို ရယူလိုပါလျှင် လူ့ဂုဏ်သိက္ခာ၊လူ့တန်ဖိုး၊ လူ့စည်းကမ်းများကို လေးစားလိုက်နာ မြှင့်တင်ကြိုးပမ်းအားထုတ်မှ လူမှုဘဝ မြင့်မားတိုးတက်လာမည်ဖြစ်ပါသည်။