မြစ်ကြီးနားမြို့နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများ လက်ခံလျက်ရှိ

မြစ်ကြီးနား  ၂၈  အောက်တိုဘာ
 
 
နိုဝင်ဘာ ၃ ရက်တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်အတွက် ကြိုတင်မဲများကို အောက်တိုဘာ ၂၄ ရက်မှ စတင်လက်ခံလျက် ရှိနေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှ သိရသည်။
 
 
ကြိုတင်ဆန္ဒမဲ လက်မှတ်များ လက်ခံခြင်းနှင့်ပတ်သက်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဒေါ်ဝင်းသီတာအောင်က “ကြိုတင်မဲများကို အပိုင်း(၂)ပိုင်းနဲ့ ဆောင်ရွက်နေပါတယ်၊ တစ်ပိုင်းကတော့ အောက်တိုဘာ ၂၄ ရက်ကနေ နိုဝင်ဘာ ၂ ရက်နေ့အတွင်း တာဝန်နှင့် ထွက်ခွာရမယ့် ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်များဖြင့် သွားလာမယ့်သူများ ပါဝင်ပါတယ်၊ နောက်တစ်ပိုင်းကတော့ နိုဝင်ဘာ ၁ ရက်နဲ့ (၂)ရက်နေ့တွေ ဖြစ်ပါတယ်၊ အဲဒီအပိုင်းမှာတော့ ရွေးကောက်ပွဲကာလမှာ မဖြစ်မနေ တာဝန်နဲ့ ခရီးထွက်ခွာရမယ့်သူတွေ ပေးရမှာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။ 
 
 
ဆက်လက်ပြီး “လက်ရှိအနေနဲ့ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲ တွေကိုတွေကို ပုံစံ(၁၅)နဲ့ တောင်းခံထားတာဆိုရင် ၁-၁ က (၈)ဦးရှိပါတယ်၊ ၁-၃ က တော့ ၃ ဦးရှိပြီး စုစုပေါင်း (၁၁)ဦး ပြန်ပို့လာတာရှိပါတယ်၊ အဲဒီ မဲလက်မှတ်တွေကို ပြီးခဲ့တဲ့ (၁၈)ရက်နေ့မှာ စေ့စပ်ညှိနှိုင်းရေး ကော်မတီရှေ့မှာပဲ မဲပုံးထဲထည့်ပြီး လုံခြုံရေးကြိုးချည်ပိတ်ထား ပြီး ဖြစ်ပါတယ်” လို့ ကြိုတင်မဲ သိမ်းဆည်းမှု အခြေအနေကို ၎င်းက ပြောကြားသည်။
 
 
ကြားဖြတ်ရွေးကောက်ပွဲ ကာလအတွင်း မြစ်ကြီးနားမြို့နယ်အတွင်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၂)သိန်းကျော်ရှိနေပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်နေရာအတွက် မြို့ပေါ်ရပ်ကွက်ပေါင်း (၂၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၂)အုပ်စု၊ တာလော ကြီး နယ်မြေအတွင်း (၅)အုပ်စု၊ ဆင်ဘိုဒေသအတွင်း (၁၅)အုပ်စုတို့ဖြင့် စုစုပေါင်း နေရာ (၆၀)တို့တွင် မဲရုံပေါင်း (၁၁၄)ရုံ ရှိကြောင်းနှင့်  ကိုယ်စားလှယ်လောင်း နေရာအတွက် ကချင်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနီ(တိုင်းလိုင်) နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်း ညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ စသည့် ပါတီ(၅)ခုမှ ကိုယ်စားလှယ်လောင်း(၅)ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း(၁)ဦးတို့ ရွေးကောက်ခံ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
 
 
မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ မဲရုံများသို့ ဆန္ဒမဲလက်မှတ် ထုတ်ပေးခြင်း၊ မဲရုံသုံး ပစ္စည်းများ ထုတ်ပေးခြင်းနှင့် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားမှုများကို ကြိုတင်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
 
(ပြည်နယ် ပြန်/ဆက်)