“မောင်တို့ချယ်ရီမြေ“ ရုပ်ရှင်ဇာတ်ကား စကားဝိုင်းကျင်းပ

၁၆  ဧပြီ

သင်္ကြန်ရင်ခုန်သံအစီအစဉ်

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် အစီအစဉ်မှူးအဖြစ် အကယ်ဒမီ ဆွေဇင်ထိုက်၊ ဇာတ်ကားတွင် ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်ခဲ့သော ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု၊ သရုပ်ဆောင် မယ်ဒဂုံမေမြင့်ရီ၊ လက်ထောက် ဒါရိုက်တာအဖြစ်ပါဝင်သူ အကယ်ဒမီ အောင်လွင်တို့၏ ပါဝင်ဆွေးနွေးခဲ့မှုများကို ဖော်ပြလိုက်ရပါသည်-

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ မမအနေနဲ့ ရုပ်ရှင် မင်းသမီး ကာရိုက်တာ ဇာတ်လည်းပါတယ်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေရဲ့ လွတ်လပ်မှုကို မြတ်နိုးတဲ့ ဇာတ်ကောင် စရိုက်ကနေ ပါတာဆိုတော့ ဒီဇာတ်ကောင်စရိုက်နဲ့ ပတ်သက်လို့ အမှတ်တရ ဘာများပြောချင်ပါလဲဆိုတာ နားထောင်ကြည့်ချင်ပါတယ်။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ အဲဒီတုန်းက ဆယ် ကျော်သက်ပေါ့။ ၁၇ နှစ်နဲ့ ၄ လလောက်ပဲရှိသေးတယ်။ ကိုဝင်းဦးနဲ့ဆိုရင် ဒုတိယကားပေါ့။ မန္တလေးရုပ်ရှင်နဲ့ရိုက်တာဆိုတော့ နည်းနည်းပျော်တာပေါ့။ နာမည်ကြီးရုပ်ရှင်ကုမ္ပဏီ ဆိုတော့လေ။ အစ်ကိုက နိုင်ငံခြားကနေယူလာတာ။ သူ မင်းသားဖြစ်ရင် ရိုက်မယ်ဆိုတဲ့ဇာတ်လေးပေါ့။ ပါဝင်ခွင့် ရတဲ့အတွက် ဝမ်းသာပါတယ်။ ရိုက်မှာကလည်း သင်္ကြန် ဇာတ်လမ်းလေး ဆိုတော့ ဝမ်းသာပြီး လက်ခံလိုက်တာပါ။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ သိပ်ကို လိုက်ပါတယ်။ ဦးဝင်းဦးနဲ့ မမနဲ့ နှစ်ယောက်အခန်းတွေက ဘယ်တော့မှ ကြည့်လို့မဝပါ ဘူး။ နှစ်တိုင်းနှစ်တိုင်း သင်္ကြန်တွေမှာဆိုရင်လည်း အမှတ် တရပေါ့။ ဒီကားက ဇာတ်ဖွဲ့စည်းပုံရော၊ သရုပ်ဆောင်တွေ ရော ကောင်းတဲ့အတွက်ကြောင့် အမှတ်တရအနေနဲ့ ဂန္ထဝင်အဖြစ်နဲ့ကို ဂုဏ်ယူပြီးပြရတာဖြစ်ပါတယ်။ အခုလို မျိုး လာပြီးပြောကြားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါ တယ်။ သင်္ကြန်လည်း အမှတ်တရဖြစ်ပါစေ။ နောက် နှစ်(၁၀၀)ရုပ်ရှင်ပွဲတော်အတွက်လည်း မမတို့လို အဖိုး တန်တဲ့ ပုဂ္ဂိုလ်များများဆီက ရနိုင်သရွေ့ လိုချင်တယ်ဆိုပြီး မေတ္တာရပ်ခံပါတယ်။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ ပြောနိုင်သရွေ့ ပြောသွားမှာပဲ။ ပြောချင် တာတွေက များနေတယ်။ ကိုယ်က ဒီဇာတ်ကားလေး ထဲမှာ ရုပ်ရှင်မင်းသမီးဖြစ်စဆိုတော့ အံကျသွားတာပေါ့။ ကိုဝင်းဦးကလည်း မင်းသားဖြစ်ချင်တဲ့ သူပေါ့နော်။ သူပြောတဲ့နောက်ကြောင်းလေးတွေမှာ ပေါ်ပါတယ်။ မနုက အဲဒီမှာ ရုပ်ရှင်မင်းသမီးရဲ့ ဘဝဆိုတာက အားလုံး က ချစ်ကြခင်ကြတယ်။ ရေပက်တယ်ဆိုရင်လည်း ခင်သန်းနုဆိုရင် အများကြီး မွန်းနေအောင် ပက်တာမျိုး ပေါ့။ အကျဉ်းအကျပ်တွေရှိနေတဲ့ ဘဝမျိုးကနေ လွတ်ထွက်ပြီးတော့ အရပ်သူလေးအဖြစ်နဲ့ ငါဘယ်ကို သွားလိုက်မယ်။ ဒါဆို ငါလွတ်လွတ်လပ်လပ်ရှိမယ်ဆိုတဲ့ ကလေးဆန်ဆန်စိတ်ပေါ့။ အဲဒါ ငယ်ငယ်တုန်းကပေါ့။ အခုပြန်ကြည့်တော့မှ ကြက်သီးထနေတယ်။ ငါ့ကို အစ်ကို က Character ထည့်ထားတာကိုက ရုပ်ရှင်မင်းသမီးသစ် ကလေး ခင်သန်းနုဆိုပြီးတော့ နည်းနည်းလွတ်လပ်ချင် တဲ့စိတ်ကလေးရှိတဲ့ အမျိုးသမီးသရုပ်မှာ ထည့်ထားတာ တော့ နည်းနည်းထူးခြားတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ သိပ်ကို ခေတ်ဆန်ပါတယ်။ ကျွန်မတို့ အခု ချိန်ထိကြည့်ရင် ဒီမြန်မာအမျိုးသမီးတစ်ယောက်ရဲ့ Character က Private Space ပေါ့။ သူရဲ့လွတ်လပ်မှုကို သူရအောင် ယူသွားတာကို ကျွန်မတို့ အားကျရပါတယ်။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ ရအောင် ယူတာတင်မကဘူး။ ပရိသတ် မေ့သွားအောင် ကိုယ်နဲ့ ကိုဝင်းဦးကြားမှာ ဒီ Effect တွေ မလာတော့ဘူး။ နဂိုက လူကြီးတွေ ဆုံးမတယ်မလား။ တစ်ယောက်တည်းသွားဖို့နေနေသာသာ သိပ်ပြီး အပြင် တောင် မထွက်စေဘူး။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ နောက်တစ်ခု ဆက်ပြီးမမဆီက ကြားချင်တာ ကတော့ အဲဒီတုန်းက လူတွေအများကြီးကြားထဲမှာ ရေပက် ခံရတဲ့အကြောင်းပါ။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ အဲဒါ ပြဿနာ။ မှန်တာပြောရင် ခင်သန်းနုက လည်း အကြမ်းခံရေစိမ်ဆိုပြီး ရွေးတယ်ထင်ပါတယ်။ သင်္ကြန်ဘာဖြစ်တုန်း ရိုက်၊ နားလိုက်၊ ရိုက်လိုက်ပေါ့။ မနုက Chest တွေ ဘာတွေ သိပ်မကောင်းဘူး။ ဒါပေမဲ့ ချေးမများ ဘူး။ ကိုဝင်းဦးကိစ္စဆိုလည်း ဦးအောင်လွင်က နောက်က ဘက်စုံဖြည့်ပေးတဲ့သူဆိုတော့ ဦးအောင်လွင်တို့ သိပါတယ်။ ပရိသတ်တွေကလည်း ကိုယ့်ကို အားပေးကြတယ်။ အစ်ကို ဝင်းဦးကလည်း အားပေးတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ အဲဒီတုန်းက ရေကစားကြတာ မဏ္ဍပ်တွေမှာ လူတွေ က စင်နဲ့မဟုတ်ဘူး။ မြေပြင်ပေါ်မှာပဲ ဖလားနဲ့ပက်ကြတာပေါ့။

ထပ်ဆင့်အကယ် ဒမီခင်သန်းနု။ ။ စင်မဟုတ်ပေမယ့်လည်း မျိုးစုံရှိတာပေါ့။ သူ့ခေတ် လေးတွေနဲ့ သူပေါ့။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ဖလားတွေနဲ့ ပက်ကြတာပေါ့။ ပက်ကြတဲ့ကြားထဲ ကနေ မမတို ့ဖြတ်သွားတဲ့အခန်းလေး ပြောပြပေးပါ။

ထပ်ဆင့်အကယ် ဒမီခင်သန်းနု။ ။ အဲဒါက ပြောရရင် ကိုယ့်ပက်မယ့် အမျိုးသားတွေ အုပ်လိုက်ကြီး၊ ကိုဝင်းဦးကလည်း ချောချောလေ၊ မနုကတော့ သူ့ရှေ့ကနေ အရင်ပက်ခံရတာပေါ့။ အခုခေတ်နဲ့ တူလား၊ မတူလားတော့ မသိပါဘူး။ အခုခေတ် သင်္ကြန် ကတော့ ဘယ်လိုမှန်းတောင် မသိပါဘူး။ ကိုယ့်လည်း ယောကျ်ားတွေကပက်၊ သူ့လည်း မိန်းကလေးတွေက ပက်တော့ ယောက်ယက်ခတ်ပြီးတော့ သူက ကယ်လိုက် တာပေါ့။ ပထမဦးဆုံး ကယ်တင်ရှင်လုပ်လိုက်တာပေါ့။ ဇာတ်လမ်းအရ ကိုဝင်းဦးက ကယ်တင်ရှင်အနေနဲ့ မနုကို ဆွဲထုတ်တဲ့အခန်းလေးကလည်း အင်မတန်မှ ကောင်းပါ တယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ကြည့်လို့လည်း အလွန်ကောင်းပါတယ်။ ဂျစ်ကား လေးနဲ့ နှစ်ယောက်လည်ကြတယ်။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ ဂျစ်ကလည်း သူက အခြေအနေကြည့်ပြီး တင်သွားတာထင်တယ်။ မနုကလည်း အထာတွေ သိပ်ပေး နေရင် ခေါ်မှခေါ်မှာပေါ့။ မင်းက ဘာလို့ ရယ်နေတာတုန်းတဲ့။ ငါ့ကို မကြောက်ဘူးလားတဲ့၊ မကြောက်ပါဘူးလို့၊ ကိုယ် ကလည်း တကယ်လို့ ယောကျ်ားလေးက ကြောက်လားလို့ မေးရင် ဘာပြောရမလဲ၊ ကိုယ်ကတော့ ဘာမှ မဟုတ်ဘူး။ ကြောက်လားဆို မကြောက်ဘူးပေါ့။

အကယ်ဒမီအောင်လွင်။ ။ အတွေ့အကြုံရှိပြီးသားမင်းသမီး တစ်ယောက် အနေနဲ့ ပြောရတာပေါ့။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ သူက ပဲများပြောနေရသေးတယ် ပုံစံလေးပေါ့။ အဲဒါနဲ့ မကြောက်ဘူးဆိုတာနဲ့ ကားပေါ်ပါသွားရော။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ဇာတ်ကွက်တွေအကြောင်း ပြောကြည့်တာပေါ့။ ဇာတ်ကွက်တွေထဲမှာ မမရဲ့အစား သင်္ကြန်ကားကြီးပေါ်မှာ လူစားဝင်ပြီးတော့ မမမေမြင့်ရီက ပြီးတော့ ဝင်သွားတာတွေ့ တယ်။ အဲဒီအခန်းလေး မစခင်မှာလည်း ဦးဝင်းဦးကနေပြီး တော့ ခင်သန်းနုနဲ့တွေ့ချင်လို့ လာတဲ့အခါမှာ စိန်ဂျွန်း ဦးထွန်းရွှေကလည်း ထွက်လာတယ်။ စိန်ဂျွန်းဦးထွန်းရွှေရဲ့ သရုပ်ဆောင်မှုကလည်း အလွန်ကောင်းတယ်။ အဲဒီ ကားကြီး တစ်ကားလုံးမှာ တစ်ယောက်တည်းနဲ့ Shape Shifter လုပ်နေတာ တွေ့တယ်။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ မမမြင့်ကလည်း ပံ့ပိုးပေးပါတယ်။ ဦးသန်းနွဲ့ လည်း ပါသေးတယ်။ သူလည်းကောင်းတယ်။ ကိုအောင်မိုး လည်းပါတယ်။ အားလုံးချစ်စရာပဲလေ။ ကိုယ်က အသစ် ကလေးဆိုတော့ Experience ရှိပြီးသား။ သူတို့က ကူညီပေး လိုက်တဲ့အခါကျတော့ ကိုယ်က မြင့်တက်သွားတာပေါ့။ ကျေးဇူးတင်ပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ အစ်မတို့ နှစ်ယောက်တိုက်တဲ့အခန်းကို သတိထားမိတာကတော့ လူစားမလဲခင်မှာ သင်္ကြန်လျှောက်လည် ချင်တဲ့အကြောင်းကို ပြောတဲ့အခါ အဲဒီတုန်းက အမှတ် တရလေးတွေ ဘာများရှိလဲ ကြားချင်ပါတယ်။

သရုပ်ဆောင် မေမြင့်ရီ။ ။ အဲဒီတုန်းက ခင်သန်းနုကသင်္ကြန် အလွန်လည်ချင်တာပေါ့။ အပြင်ကို လစ်ထွက်မယ်ဆိုပြီးထွက်တော့ မမြင့် ကလည်း သူ့အင်္ကျီပေါ်မှာ ကြယ်သီးလေးကိုတပ်တော့ အပ်စူးတဲ့အခါ တင်ချာသွားယူနေတုန်း သူက ဦးထုပ်ဆောင်း ပြီး ထွက်သွားပြီ။ ဟဲ့ ခင်သန်းနု ခေါ်တဲ့အခါကျတော့ မရှိ တော့ ဘယ်ရောက်သွားလဲဆိုပြီး လိုက်ရှာတော့ မတွေ့ဘူး။ မတွေ့တော့ အကြံရတယ်။ ခင်သန်းနု အဝတ်အစားတွေ ဝတ်ပြီးတော့ ပင်လယ်ဓားပြပုံစံ ထွက်တာပေါ့။ ကိုထွန်းရွှေ ကလာတော့ ခင်သန်းနုခေါ်လို့မရှိတော့ မမြင့်က မျက်နှာဖုံး လေးတပ်ပြီးတော့ ဒီမှာ ခင်သန်းနုပေါ့။ မေမြင့်ရီ ဘယ်လို ဖြစ်တာလဲပေါ့။ ခင်သန်းနုက သွားပြီဆိုတော့ ဒုက္ခပဲဆိုကာ မမြင့်ကို အစားထိုးတာပါ။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ အဲဒီတုန်းက ရုပ်ရှင်ကားတွေရဲ့ Promotion အနေ နဲ့လည်း ဒီ Character တွေကိုပါ စင်ပေါ်တင်ပြီး လှည့်လည် သွားလာတာက သိပ်ကို ခေတ်မီပါတယ်။ Plot အနေနဲ့လည်း သိချင်ပါတယ်။ တကယ်ဆိုရင် မမက ရုပ်ရှင်ထဲမှာ Celebrity ဖြစ်ပြီးသားပေါ့။ ဟိုက ရိုးရိုးလူတစ်ယောက်အနေနဲ့ပေါ့။ ရိုးရိုးလူတစ်ယောက်ကနေပြီး Celebrity မှန်းမသိဘဲနဲ့ ကိုကိုရေ၊ ချစ်ချစ်ရေဆိုပြီး ချစ်သွားကြတာလေ။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ ဒါကလည်း ဇာတ်ကောင်ရဲ့ ပရိယာယ်ကို ကိုယ်က သုံးလိုက်ရတာပေါ့။ တစ်ယောက်အကြောင်း တစ်ယောက် ပြောနေကြတုန်း အစ်ကို့အကြောင်းလေး ပြောပြပါဦးဆိုတော့ သူလည်းပြောတယ်။ ညီမအကြောင်း လည်း ပြောပါဦးဆိုတော့ ကိုယ်ကလွှဲပြီး ပြောတဲ့အခန်း လေးလည်း ကောင်းပါတယ်။ ကိုယ့်နာမည် ချစ်ချစ်လေ ဘာလုပ်စားလဲ၊ သူများတွေကို ညာတာလုပ်တယ်ဆိုတော့ မျက်လှည့်လားဆိုတော့ ဟုတ်တယ်။ နောက်ပြီး ပူလည်း ပူတယ်လေဆိုတော့ ပင်ပင်ပန်းပန်းလည်း လုပ်လားဆို တော့ ဟုတ်တယ်ဆိုပြီး Follow လိုက်ပြီး ဖြေသွားတာလေး ကလည်း ချစ်စရာလေး ဖြစ်သွားတာပါ။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ သတိထား မိပါတယ်။ Celebrity တစ်ယောက်ရဲ့ ဘဝကိုလေ။ အဲဒီ Character ဆိုတာ မြင်ရပါတယ်။ ခေါ်ကြတဲ့နာမည်တွေကလည်း ချစ်ချစ်နဲ့ ကိုကိုဆိုတော့ ခေတ်မီနေတုန်းပဲ ဖြစ်ပါတယ်။ နောက် အဲဒီလို Conflict တစ်ခုက ရှိတာပေါ့။ မင်းသမီးဆိုတာ သူသိသွားတဲ့အချိန် မှာ ပေါက်ကွဲကြတာပေါ့။ အဲဒီဇာတ်ဝင်ခန်း မှတ်မိ သလောက်ကနေပြောပြပါ။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ သူက ချစ်ချစ်လို့ပဲ တကယ်ထင်ပြီး အလိမ်ခံရသလိုဖြစ်တော့ ခင်သန်းနုကသိတယ်။ ခင်သန်းနုကတော့ ဘာမှမဖြစ်ဘူးလေ။ သူ့ကိုပဲ သွားဆွဲ ခေါ်တာ။ လာပါအစ်ကိုနဲ့၊ အခုဆို အဲဒီလို ခေါ်မလား။ ခေါ်လို့တောင် ချေနေကြဦးမှာ။ အဲဒီလိုခေါ်ပြီး ထိုင်တော့ ကိုယ်က စိတ်ဆိုးနေလားဆိုတော့ စိတ်မဆိုးပါဘူးတဲ့။ ဘာဆိုးစရာရှိမှာလဲတဲ့။ သူ့ကိုယ်သူ ဘာမှမဖြစ်သလို သူကလည်းနေတယ်။ ဖိတ်ထားတာလည်း လာမယ်လို့ ပြောတာပဲကို၊ ဘာတို့ပေါ့။ သူပြောတဲ့အပေါ်မှာ လိုက်ပြီး တော့ မေးခွန်းထုတ်တာတွေကလည်း ပညာသားလေးတွေ ဖြစ်ပါတယ်။ ဇာတ်ညွှန်းရေးသားတဲ့နေရာမှာ အလုပ်ဖြစ် အောင်၊ ဇာတ်ဖြစ်အောင်၊ ပြည်သူလူထုလက်ခံအောင် ရေးထားတဲ့ အစ်ကိုရဲ့စွမ်းအားတွေ တွေ့မယ်၊ မနုလို မင်းသမီးဖြစ်စလေး လှအောင်၊ ပအောင် ကင်မရာမီး Lighting တွေ ဂရုတစိုက်ဆိုတော့ ခင်သန်းနုက လှသလို ပေါ့။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ မမတို့နှစ်ယောက်စလုံး ဝတ်ထားတဲ့ အဝတ်အစားတွေမှာ ထုပ်ကြယ်သီး၊ ပန်းကြယ်သီးတွေနဲ့ ရင်ဖုံးအင်္ကျီက အခုပြန်ပြီး ခေတ်စား လာတာပေါ့။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ ကံကောင်းတာကလေ ၅၇ နှစ် ကြာသည့် တိုင်အောင် ဒီအင်္ကျီ Fashion ကလည်း မရိုးသွားဘူး။ ကြည့်လို့ကောင်းတုန်း။ ကိုဝင်းဦးကလည်း အသက် ၂၈ နှစ်ကျော်ပဲ ရှိသေးတယ်။ သူက နုပျိုတုန်း အလွန်လှတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။Fashion တွေကလည်း ခေတ်မီနေတုန်းပါပဲ။ သရုပ်ဆောင်ကြတဲ့ Acting တွေကလည်း ကြည့်ရတဲ့သူ တွေအတွက် ဟိုးကတည်းက မြန်မာ့ရုပ်ရှင်မှာ Method Acting ကို သုံးတယ်ဆိုတာ တွေ့ရပါတယ်။ ဘာလို့လဲဆို တော့ မျက်လုံးတွေမှာပြတဲ့ ခံစားချက်တွေက Coner of the Eye လို့ ခေါ်တဲ့ မျက်လုံးရဲ့ အစွန်းတွေထိပါ အလုပ် လုပ်နေတာ တွေ့ရတယ်။ အလွန်ပြောင်မြောက်တာ တွေ့ရပါတယ်။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ ဒါကိုယ့်ကံပဲပေါ့။ Theory တွေချည်း ပဲဖတ်နေတိုင်းလည်း မရဘူး။ ကိုယ့်ခံစားချက်က Feeling ရော၊ Mood ရော၊ ဇာတ်ကားစိတ်ဝင်စားမှုရော၊ Lighting ရော၊ Make-Up ရော ပြည့်စုံလိုက်ရင် အသွေးအသား တွေကနေ ပြပြီးလုပ်တဲ့အခါမှာ မင်းသားကလည်း သူကြိုးစားရတာ သူ့ဘက်က မနုကလည်း အစ်ကိုနဲ့ အပြိုင် လုပ်ရတာလေ။ အထူးတလည် ဒီလိုလုပ် ခင်သန်းနုလို့ မပြပါဘူး။ ဇာတ်အသားလေးပဲ ချပေးတော့မှ ကိုယ့် ဟာကိုယ် ထင်ရာမြင်ရာလုပ်ပြီး ကယ်မပြီးလုပ်ရတာ။ သူလည်း ကိုယ့်မကယ်နိုင်ဘူး။ ကိုယ်လည်း သူ့မကယ် နိုင်ဘူး။ ဆရာ ဦးတင်ယုက Lighting ကို သေချာလှအောင် ရိုက်ပေးတယ်။ နင်တို့ကောင်းအောင်ကြည့်လုပ်ကြ၊ ဇာတ်ညွှန်းအတိုင်းပဲ လုပ်ကြဆိုတော့ ကိုယ်လည်း ရေထဲ ကို ကန်ချခံလိုက်ရတဲ့ သားသမီးတွေလိုပဲ ယက်ကန် ယက်ကန်နဲ့ ဒီလိုနဲ့ ၅၇ နှစ်တိုင်အောင် “မောင်တို့ ချယ်ရီမြေ” က ထင်ပေါ်နေတာပေါ့။ ဝမ်းသာမိပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ သတိထားမိတာDialo-gue လို့ခေါ်တဲ့ စကား လုံးတွေ၊ ဒီစကားလုံးတွေက တစ်ခုနဲ့တစ်ခု ချိတ်သွား တယ်။ Junk ဆိုတဲ့ အပိုတစ်ခုမှ မပါဘူး။ ဦးဝင်းဦးက ရေးပေးလိုက်တဲ့စကားလုံးတွေကို မနုအနေနဲ့ သရုပ်ဆောင်တဲ့အခါမှာ အခက်အခဲများ ဘာရှိခဲ့သလဲ။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ ဘာမှ မရှိပါဘူး။ အစ်ကိုကလည်း တိုတိုလေးမေးတယ်။ မနုကလည်း တိုတိုလေးဖြေတယ်။ အစ်ကိုကလည်း တစ်မျိုးပဲနော်၊ သူက ဖြေတယ်။ အင်း၊ သူကလည်း တစ်မျိုး၊ နှစ်ယောက်ဆိုတော့ နှစ်မျိုးပေါ့နော် အစ်ကိုဆိုတော့ ဘာခက်တာမှတ်လို့၊ Dialogue က ခက်မ နေဘူး။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ နောက်ဆုံး သီချင်းလေးက Romantic ဖြစ်ပါတယ်။ အခုခေတ်ကလေးတွေ ပြောနေတဲ့ စကားနဲ့ဆို ရိုတယ်ပေါ့။ ဒီလိုပြောရမှာပေါ့။ သီချင်းလေး ရိုက်ခဲ့တဲ့အခါတုန်းက အကြောင်းလေး ပြောပြပါဦး။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ နန်းသီတာ ဟိုတယ်မှာ တွေ့တဲ့အခန်းလေးမှာ ၁၀ နာရီလာမယ်လို့ ကြိုမပြောဘူး။ သူလာရင် လည်း လာမှာပေါ့လို့ပြောမှ ပေါ်ရတာ။ စကားတွေက မလိုအပ်ဘဲနဲ့ ကြိုမပြောဘူး။ အဲဒါကလည်း ကောင်း တယ်။ ဇာတ်ညွှန်းက လိုရင်းတိုရှင်းပဲသွားတာ။ မင်းသမီး အသစ်အတွက် သက်လည်းသက်သာတယ်။ အိုက်တင်လည်း သဘောကျကြတယ်။ မပိုမလိုလေး လုပ်နိုင်တာပေါ့။ တော်လို့မဟုတ်ပါဘူး။ ဒါက ဦးဝင်းဦး၊ ဦးတင်ယု၊ ဦးအောင်လွင်တို့ အကုန်လုံးကတော်တော့ ကိုယ်က အသာလေးပဲ။ မမမြင့်တို့၊ ဦးထွန်းရွှေတို့၊ ဦးသန်းနွဲ့တို့ကလည်း ပံ့ပိုးပေးတော့ ခင်သန်းနုက မြင့်မြင့်သွားတာပေါ့။

အကယ်ဒမီ အောင်လွင်။ ။ Team Work ပေါ့။ သူငယ်ချင်းတွေ အကုန်လုံး ချစ်ချစ်ခင်ခင်လုပ်တဲ့အတွက် ပိုကောင်းတာလို့ မြင်မိပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ သီချင်းဆိုတဲ့ အခန်းအကြောင်းလေး ပြောပြပါ။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ တကယ်တော့ ချစ်သူဆို နည်းနည်းလေးဖက်ရရင် တော်ရောပေါ့။ တော်ရုံတန်ရုံ မင်းသားက မင်းသမီးရဲ့ဆံပင်ကို ဖွတယ်ဆိုတာ တိုင်ပင်ပြီးမှ ငါဖွမယ်လို့ ပြောမှလေ။ အခုက ဘာမှမပြောဘဲနဲ့ ရိုက်မယ်ဆိုပြီး လုပ်တော့ မလုပ်တတ်ရင် ကိုယ့်မှာ တစ်ဒုက္ခပဲ။ ဆံပင်တွေ ပွတ်တော့ ကိုယ်ကလည်း ကိုယ့်ဆံပင် အလှပျက်မှာဆိုးတော့ ပြန်ဆွဲချရတယ်။ အဲဒီလိုလုပ်တာ သူ့ကိုလည်း ကျေးဇူးတင်ရတာ၊ ကိုယ်လည်း အမူအရာ ရတာပေါ့။ အပေးအယူဆိုတာ အဲဒါပါပဲ။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ သင်္ကြန်ရောက်တိုင်း သင်္ကြန်ရောက်တိုင်း မောင်တို့ချယ်ရီမြေဇာတ်ကားကို ဂန္ထဝင်ကားအဖြစ်နဲ့ တင်ဆက်ရတာပေါ့။ တင်ဆက်တဲ့နေရာမှာ ကားကြီးရဲ့ တွဲဖက်ဒါရိုက်တာ အနေနဲ့ပါလာတဲ့ ဦးအောင်လွင်အနေနဲ့လည်း ဘာများ မှတ်ချက်ပေးချင်ပါသလဲ။

အကယ်ဒမီ အောင်လွင်။ ။ ထူးထူးခြားခြား မရှိပါဘူး။

အကုန်လုံးက သူငယ်ချင်းတွေလို အင်မတန်မှရင်းနှီးချစ်ခင်ပြီးတော့ ပြောမနာဆိုမနာ ဖြစ်တဲ့အတွက် မခင်သန်းနုက ဘာလုပ်ချင်တယ်ဆိုရင် ဘာလေးပံ့ပိုးပေးပေါ့။ တစ်ယောက်ကိုတစ်ယောက် အကူ အညီပေးပြီးတော့ မေမြင့်ရီကိုဆိုလည်း ကိုအောင်မိုးနဲ့ ပတ်သက်လာရင် ညီအစ်မအရင်းတွေလိုဖြစ်နေတော့ အကုန်လုံးထွေးနေတဲ့အတွက် အလုပ်လုပ်ရတာ ပိုကောင်း ပါတယ်။ ဆရာ ဦးတင်ယုကလည်း ဖလင်တည်းဖြတ်တဲ့အခါ ကိုယ့်သဘောနဲ့ကိုယ် ဆက်ခွင့်ရတဲ့အတွက် ဝမ်းသာစရာ ကောင်းပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ မမနုအနေနဲ့ ဦးဝင်းဦးနဲ့ ဇာတ်ကား ဘယ်နှကား ရိုက်ခဲ့ပါလဲ။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ ၁၂ ကားလောက် ရှိပါတယ်။

အကယ်ဒမီ အောင်လွင်။ ။ မှုံရွှေရည်၊ ရုပ်ရှင်ရူးမလေး၊ မောင်တို့ ချယ်ရီမြေ၊ ကိုယ့် ချစ်သူဘယ်မှာရှိလဲ၊ ရည်းစားဓားပြကားတွေ စတာတွေပေါ့။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ ဓာတ်ပုံတွေ ဘာတွေရိုက်ပြီး မရိုက်ဖြစ်တဲ့ ကားလည်းရှိပါတယ်။ သက်တန့်ပေါ်က လူတစ်ယောက်၊ သိုး၊ မေတ္တာပန်း၊ ချစ်ဥယျာဉ်တို့ဖြစ်တယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ဦးဝင်းဦးကို အစောပိုင်းကာလကတည်းက အတူတူ ရိုက်လာခဲ့တာဟာ ဦးဝင်းဦးရဲ့ နောက်ဆုံးမပြီးလိုက်တဲ့ ရုပ်ရှင်ကားအထိ ရိုက်ဖြစ်ခဲ့တာ ပြောပြပေးပါ။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ ဦးဆုံးကားမှာလည်း မမနုပဲ။ နောက်ဆုံး ခိုင်မာလာနှင်းဆီကျတော့လည်း သူနဲ့ရိုက်ရင်း မမနုကို အကြွေးဆပ်မှာပေါ့။ မှုံရွှေရည်တုန်းက အကယ် ဒမီရတော့ နင့်လည်းငါအကယ်ဒမီရအောင် လုပ်ပေးမယ်ဆိုတော့ ဝမ်းသာတာပေါ့။ ဒါပေမယ့် သူဆုံးပါးသွားတဲ့ အခါကျတော့ ရှိတာလေးနဲ့ ဆက်ရိုက်သွားရတာပေါ့။ ဝမ်းနည်းစရာပေါ့။

အကယ်ဒမီ အောင်လွင်။ ။ အဲဒါကိုဖြည့်ပြီး ရန်အောင်နဲ့ ပြန်ရိုက်ရသေးတယ်။

ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု။ ။ ပြန်ရိုက်တော့ အောင်မြင်ပါတယ်။ ကောင်းလည်းကောင်းပါတယ်။ ခိုင်မာလာနှင်းဆီက နှစ်ကိုယ်ခွဲလုပ်ရတာဖြစ်တော့ သူလုပ်စေချင်တဲ့ အတိုင်း၊ သူပြောထားတဲ့အတိုင်း မနုကတော့ အကုန် လုပ်ပေးပါတယ်။ Team Work ဘာလို့ကောင်းသလဲဆိုတော့ မင်းသမီးကလည်း ကျွန်မသင်္ကြန်မှာ ဘယ်ရက်ပဲရမယ်။ ဘယ်အချိန်ပဲရမယ်ဆိုတာ မရှိဘူး။ နေ့လည်းမနား ညလည်းမအိပ်ဘဲလုပ်ကြတဲ့ဆန္ဒတွေ တူညီနေတဲ့အခါ ကျတော့ ဒီကားကကြွရွနေတာပေါ့။ ကြည့်လို့ကောင်းတာပေါ့။ ၅၇ နှစ် ကြာသည်အထိ ဒီလိုထင်ပေါ်ကျော်ကြား ပြီး ပရိသတ်က စိတ်ဝင်စားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကံလို့ပဲ အောက်မေ့ပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်။ ။ ကောင်းလို့လည်း ဖြစ်ပါတယ်။ ကြိုးစားထားလို့လည်း ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ကတော့ မြန်မာ့ ရုပ်ရှင်ဟာ နှစ် ၁၀၀ အထိ ရောက်လာခဲ့ပြီ။ ပါလာတဲ့လူ တွေကလည်း တောက်လျှောက်တာဝန်ကျေစွာနဲ့ လုပ်လာခဲ့တဲ့လူမှ ဆန်ခါတင်ကျန်ခဲ့တာပါ။ ကျန်ခဲ့တဲ့ လူတွေလည်း အများကြီးရှိပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို စပြီးတော့ သူ့ဦးနှောက်ထဲကနေ ဖန်တီးလာခဲ့တဲ့ ဦးဝင်းဦးကို ကျွန်မတို့အားလုံးက လေးစားစွာ ဂါရဝပြုပါ တယ်။ ယခုစကားဝိုင်းမှာလည်း လာရောက်ပါဝင်ပေးခဲ့ ကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ အမှတ်တရ တွေအများကြီးနဲ့ ဦးဝင်းဦး အလွမ်းပြေဖြစ်ပါစေလို့ ဆုတောင်းရင်းနဲ့ အဆုံးသတ်လိုက်ပါတယ်။ ။

မှတ်တမ်း - အောင်ကျော်ထက်(ပြန်/ဆက်)