“မှော်ဝင် သမန်းကျား” ရုပ်ရှင်ဇာတ်ကား နိုဝင်ဘာ ၂ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

ရန်ကုန် ၂၈ အောက်တိုဘာ 

 

“ကျောက်ဆူး” ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးထားသည့် “မှော်ဝင် သမန်းကျား” ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲကို အောက်တိုဘာ ၂၈ ရက် နံနက် ၇ နာရီခွဲက ရန်ကုန်မြို့၊ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး နိုဝင်ဘာ ၂ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။

 

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က “၂၀၁၃  ခုနှစ် ဒီဇင်ဘာလက ရိုက်ခဲ့တာပါ။ ပထမတော့ ကျားကို 3D အားကိုးပြီးရိုက် ဖို့လုပ်ထားတာ။ လက်တွေ့မှာတော့ အဆင်မပြေလို့ ထိုင်းနိုင်ငံ ဘုန်းကြီးကျောင်းက တကယ့်ကျား အစစ်တွေနဲ့ရိုက်ခဲ့ရတယ်။ အဲဒီတုန်းက သိထားတဲ့အသိအရ အကောင်းဆုံး လုပ်ထားပါတယ်။ ဒီဇာတ်ကားကိုကြည့်မယ်ဆိုရင် ထူးခြားတဲ့မြင်ကွင်းတွေကို တွေ့ရမယ့်အပြင် မိဘမေတ္တာကိုခံစားရမှာပါ” ဟုပြောသည်။

 

အဆိုပါ ဇာတ်ကားတွင် ရန်အောင်၊ မင်းမော်ကွန်း၊ သူထူးစံ၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်၊ ခွန်းဆင့်နေခြည်နှင့် အခြားသော အနုပညာရှင်များ ပါဝင်ပြီး ကျားအစစ်တို့ဖြင့် ထိုင်းနိုင်ငံတွင် သွားရောက်ရိုက်ကူးထားသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကားဖြစ်သည်။ 

 

သရုပ်ဆောင် လင်းဇာနည်ဇော်က “မင်းမော်ကွန်းရဲ့ အမျိုးသမီး နေရာကနေပါဝင်ထားတာပါ။ နှစ်ယောက်လုံးက ဆရာဝန်တွေပါ။ မိခင်တစ်ယောက်ဖြစ်လာတဲ့  အခါမှာ မိခင်စိတ် ဆရာဝန်စိတ်နဲ့ နူးနူးညံ့ညံ့လေးနေရတဲ့ ပုံစံမျိုးလေးပါ။ ဒီကားရိုက်ခဲ့တာ ငါးနှစ်ကျော်လောက်ရှိပြီ။ ဒီကြားထဲမှာ အစ်မမတော်တဆမှု ကြီးကြီးကျယ်ကျယ်တစ်ခု ဖြစ်ခဲ့တယ်။ အဲ့ဒီလိုဖြစ်ပြီးတော့မှ ပြန်ရိုက်ရတဲ့ အခန်းတချို့လည်းရှိတယ်။ ဥပမာ ကလေးကိုကျားဆွဲတဲ့ အခန်းဆိုရင် မတော်တဆမှုဖြစ်ပြီးမှ ရိုက်ခဲ့ရတာပါ။ တကယ့်ကို ရင်တထိတ်ထိတ်နဲ့ မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ကား လေးလို့ပြောလို့ရပါတယ်” ဟု ပြောသည်။

 

သရုပ်ဆောင် ခွန်းဆင့်နေခြည်က “အနှစ်နှစ်အလလ ကြိုးစားခဲ့ရတဲ့ ဇာတ်ကားလေးပါ။ ပရိတ်သတ်ကို ချပြခွင့်ရတော့မယ်ဆိုတော့ ဝမ်းသာပါတယ်။ ဒီဇာတ်ကားမှာ အခက်အခဲကတော့ ဇာတ်ကား စရိုက်စဉ်တုန်းက တကယ့်ကျားအစစ်တွေ ထည့်ရိုက်ဖို့ အစီအစဉ်မရှိဘူး။ Animation အခက်အခဲကြောင့် ကျားပါဝင်တဲ့ ဇာတ်ရုပ်တွေကို ကျားအစစ်တွေနဲ့ သွားရိုက်ခဲ့ရတယ်။ အစ်မဆိုရင် ကြောက်စိတ်တွေကို မြိုသိပ်ပြီးတော့ ရိုက်ခဲ့ရတယ်။ ဇာတ်ဝင်ခန်းအတိုင်း ပီပြင်အောင် ကြိုးစားခဲ့ရတယ်။ ဇာတ်လမ်းကတော့ ဒါရိုက်တာမောင်မျိုးမင်း ဖန်တီးထားတာပါ” ဟုပြောသည်။

 

ဇာတ်ညွှန်း ထူးနွယ်အိမ်က “ထမံသီ ကျားဆိုပြီး ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းကို အဖေရေးထားတာ တော်တော်ကြာခဲ့ပါပြီ။ ပထမဆုံး ကိုယ်တိုင်ဇာတ်ညွှန်းရေးထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ အဖေစိတ်ကူးပြီး ရေးထားတဲ့ဇာတ်လမ်းကို ကိုယ်တိုင် ဇာတ်ညွှန်းရေးခဲ့တာပါ။ အရင်ကတည်း ကလည်းနားရည်ဝပြီးသား အကြောင်းအရာ ဖြစ်နေတော့ သေချာလေးရေး ဖြစ်သွားတာပါ။ ဒီဇာတ်ကားမှာ စကားပြောတာတွေ အများကြီးမပါပါဘူး။ အပြဇာတ်ဝင်ခန်း တွေပဲများပါတယ်” ဟုပြောသည်။

 

အဆိုပါဇာတ်ကားသည် ရိုးရာအရကျားဆေးထိုးပြီး ကိုယ်တိုင်ကျားတစ်ကောင်ဟု ထင်မှတ်နေသူ တစ်ဦးနှင့် ကျားသတ္တဝါနှင့် အတူကြီးပျင်းနေထိုင်ခဲ့ရသဖြင့် ကိုယ်တိုင်ကျားတစ်ကောင် ဟု ထင်မြင်နေသူတို့၏ အဖြစ်အပျက်များ ကျားသတ္တဝါကြောင့် သမီးနှင့် မိန်းမတို့ ဆုံးရှုံးသွားခဲ့မှုအပေါ် နာကျည်းမုန်းတီးမှု၊ လက်စား​​​​ချေမှုများနှင့်အတူ မိခင်မေတ္တာကို ဖော်ကျူးထားသည့် ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။

 

သတင်း- ဇော်ကြီး(အနုပညာ)