မီးဖိုချောင်သုံး လက်နှီးစုတ်တွေနဲ့ ကိုယ့်မိသားစုကျန်းမာရေး

မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ပတ်သက်တာဆိုတော့ အိမ်မှုကိစ္စလုပ်နေတဲ့ လေဒီလေးတွေအနေနဲ့ စိတ်ဝင်စားမိမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အိမ်တိုင်းလိုလိုမှာ မီးဖိုချောင်းသုံးဆိုပြီး လက်နှီးစုတ်လေးတွေ ထားထားတာ တွေ့ဖူးကြမှာပါ။ အိုးခွက်ပန်းကန်တွေ ဆေးပြီးရင် ရေခြောက်အောင်သုတ်ဖို့၊ အဝတ်လျှော်စက်တွေကို တိုက်ချွတ်ဖို့၊ စဉ်းတီတုံး၊ ငရုတ်ဆုံတွေကို အသုံးပြုပြီးသွားတဲ့အခါမျိုးမှာဖြစ်ဖြစ်၊ ပန်းကန်စင်၊ ကြောင်အိမ်တွေကို တိုက်ချွတ် ဆေးကြောတဲ့အခါမျိုးတွေမှာ လက်နှီးစုတ်တွေ သုံးတတ်ကြပါတယ်။

 

ဒီနေရာမှာ တော်တော်များများ လုပ်မိတတ်ကြတဲ့အမှားက လက်နှီးစုတ်တွေကို သုံးပြီးတာနဲ့ မလျှော်ဘဲ ဒီအတိုင်းပစ်ထားလိုက်ပြီး ထပ်ခါတလဲလဲ အသုံးပြုတတ်ကြတဲ့ ပြဿနာပါပဲ။ မီးဖိုချောင်ဆိုတာ တကယ်တမ်း သမားရိုးကျကျ ပြန်တွေးကြည့်ရင် တော်တော်လေးကို ညစ်ပတ်တဲ့ နေရာတစ်ခု၊ သန့်ရှင်းရေးအမြဲလိုအပ်တဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ အသား၊ ငါးတွေကနေ ဘက်တီးရီးယားပိုးမွှားတွေ၊ အမှိုက်ပုံးကနေ ထွက်နေတဲ့ အမှိုက်နံ့၊ သိုးနေတဲ့ အစားအစာတွေ၊ လေထဲမှာ၊ မီးဖိုချောင်သုံးပစ္စည်းတွေမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေကို အမြဲသန့်ရှင်း နေရတာဖြစ်တဲ့အတွက် လက်နှီးစုတ်မှာ ဘက်တီးရီးယားပိုးပေါင်း သောင်းခြောက်ထောင် လောက်က ရှင်သန်ကျက်စားလျက်ရှိနေပါတယ်။

 

ဒီလိုလက်နှီးစုတ်တွေကို မလျှော်မဖွပ်ဘဲ လက်နဲ့ ကိုင်တွယ်အသုံးပြုလိုက်တဲ့အခါ နဂိုရှိနေတဲ့ ပိုးမွှားတွေက လက်ပေါ်ကို ရောက်သွားပါတယ်။ အဲ့မှာ ဟင်းချက်၊ သန့်ရှင်းရေးလုပ်နေတဲ့ လေဒီလေးတွေအနေနဲ့ လက်ကို သေချာမဆေးမိရင် တစ်မိသားစုလုံး တော်တော် ဒုက္ခရောက်နိုင်ပါတယ်။ ဒီလိုဘက်တီးရီးယားပိုးမွှားတွေ ဗိုက်ထဲကို ရောက်သွားတဲ့အခါ

 

ဗိုက်အောင့်ဗိုက်နာတာ

 

သန်ထတာ

 

အစာအဆိပ်သင့်တာ

 

ဝမ်းပျက်ဝမ်းလျှောဖြစ်တာ

 

နေမကောင်းဖြစ်တာ

 

အူရောင်ငန်းဖျားဖြစ်တာ စတဲ့ပြဿနာပေါင်းစုံ ဖြစ်လာနိုင်ပါတယ်။

 

အပြင်က မသန့်ရှင်းတဲ့ လမ်းဘေးစာတွေ မစားချင်လို့ အိမ်မှာပဲ ကိုယ့်ဘာသာလုပ်စားရာကနေ ဒီလိုမျိုးအဖြစ်တွေ ကြုံလာရင်တော့ ကိုယ်လည်း အိမ်ရှင်မတစ်ယောက်အနေနဲ့ စိတ်ထဲ ဘယ်ကောင်းနိုင်ပါတော့မလဲ။

 

လက်နှီးစုတ်ကနေ ရောဂါပိုးတွေ ကူးစက်မခံရစေဖို့ ဘယ်လိုကာကွယ်ကြမလဲ။

 

လက်နှီးစုတ်ဆိုတာမျိုးက မီးဖိုချောင်အတွက် မသုံးလို့လည်း မဖြစ်တဲ့အရာမို့ ကိုယ့်အနေနဲ့ သိထားသင့်တဲ့အရာတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားမယ်ဆိုရင်တော့ အပေါ်မှာ ပြောထားတဲ့ ကျန်းမာရေးပြဿနာတွေကနေ ကာကွယ်ပေးနိုင်မှာပါ။ ဒါဆိုဘာတွေ လုပ်သင့်လဲဆိုတာ ပြောပြပေးမယ်နော်။

 

၁။ ဖုန်သုတ်တဲ့ လက်နှီးစုတ်နဲ့ ပြင်ဆင်ချက်ပြုတ်နေတဲ့ အစားအစာနဲ့ မထိမိအောင် သေချာဂရုစိုက်ပါ။

 

၂။ မီးဖိုချောင်သုံးဖို့အတွက် လက်နှီးစုတ်တစ်ထည် သီးသန့်ထားပေးပါ။ တစ်ခြားနေရာတွေမှာ အသုံးမပြုပါနဲ့။

 

၃။ တစ်ခါသုံးပြီးတိုင်း အမြဲအဝတ်လျှော်ဆပ်ပြာနဲ့ သေချာလျှော်ဖွပ်ပြီး နေလှန်ပေးထားပါ။ တစ်နေ့တစ်ခါ မလျှော်နိုင်ရင်တောင် ၃ရက်တစ်ကြိမ်လောက်တော့ လျှော်သင့်ပါတယ်။

 

၄။ လက်နှီးစုတ်ကို အသက်ငယ်သေးတဲ့ ကလေးတွေ မထိမိ၊ မကိုင်မိစေဖို့ သတိပေးပါ။ သူတို့ လက်လှမ်းမမီလောက်တဲ့ နေရာမှာ လက်နှီးစုတ်ကို တင်ထားပါ။ အသက်ကြီးတဲ့ လူကြီး မိဘတွေကိုလည်း ပေးမကိုင်ပါနဲ့။

 

၅။ လက်နှီးစုတ်နဲ့ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးကြောပေးပါ။

 

၆။ လက်နှီးစုတ်ကို ၃-၄ လတစ်ကြိမ် သို့မဟုတ် မှိုစွဲပြီးအနံ့ထွက်နေရင် လွှင့်ပစ်ပြီး အသစ်တစ်ထည် ပြန်လဲပါ။

 

အိမ်ထောင်ရှင်လေဒီလေးတို့လည်း ကိုယ့်မီးဖိုချောင်မှာရှိနေတဲ့ လက်နှီးစုတ်တွေကို သေချာသန့်ရှင်းပေးဖို့ မေ့လျော့နေတာမျိုး မလုပ်သင့်ဘူးနော်။ ကိုယ့်မိသားစုရဲ့ ကျန်းမာရေးသည် ကိုယ့်လက်ထဲမှာရှိတာမို့ အမြဲတမ်း အသေးစိတ်ကစလို့ အရာရာကို သတိထားပြီး ဂရုစိုက်မှ အဆင်ပြေမှာပါ။

 

အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းမြေ့ဖွယ်ရာ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

 

ရေးသားသူ Ye Myo Myat ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်