မြိတ်တွင် နို့စားနွားမွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်လျှက်ရှိ

မြိတ်  ၁၁  ဇန်နဝါရီ 


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ယခင်က နို့စားနွားမွေးမြူရေးလုပ်ငန်းကို မိသားစု တစ်နိုင်တစ်ပိုင်အဖြစ် လုပ်ကိုင်သူများသာ ရှိခဲ့ရာမှ ယခုအခါ စီးပွားဖြစ် မွေးမြူသည့် နွားမွေးမြူရေးခြံ ၂၈ ခြံအထိ ရှိလာကြောင်း မြိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။ 

 

8636

 

“လွန်ခဲ့တဲ့ ၂၀ဝ၄ ခုနှစ်တုန်းကဆိုရင် မြိတ်မြို့မှာ နို့စားနွားမွေးမြူထားတဲ့ အကောင်ရေ ၃၀ဝ ဝန်းကျင်ပဲရှိတယ်၊ အခု အကောင်ရေ  ၅၄၅  ကောင်အထိ ရှိလာပြီး စီးပွားဖြစ် မွေးမြူရေးခြံ ၂၈ ခြံအထိ ရှိလာတယ်၊ ကျွန်တော်တို့ မွေးမြူရေးနွားတွေကို ခြောက်လတစ်ကြိမ်ကာကွယ်ဆေးတွေ ကွင်းဆင်းထိုးနှံပေးပါတယ်၊ အဓိကကတော့ ဒီဒေသမှာဆိုရင် လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး၊ ပေါင်ပုပ်လက်ပုပ် ကာကွယ်ဆေးတွေကို ပုံမှန်ထိုးနှံပေးပါတယ်” ဟု မြိတ်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းဇော်ဦး ကပြောသည်။

 

08616


လက်ရှိတွင် နို့စားနွားမွေးမြူရေး လုပ်ကိုင်သူများ အနေဖြင့် နွားနို့ညှစ်စက်များဖြင့် နွားနို့ညှစ်ခြင်းကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြပြီး လက်ဖြင့်နို့ညှစ်ခြင်းဖြင့် လက်အဆိပ်တက်ကာ နွားနို့များရောင်ခြင်း၊ လက်အပူလောင်ခြင်းနှင့် နို့အကျန်များကြောင့် နို့အကြိတ်များဖြစ်တတ်သဖြင့် နို့ညှစ်စက်ကိုအသုံးပြုလာကြပြီး အစားအစာများတွင် အသင့်သုံး အာဟာရ အစားအစာများကို တိုက်ကျွေးမှုများလည်း ရှိသည်။


“အစာစရိတ်ကတော့ ဈေးကြီးတယ်၊ အသင့်သုံး အစားအစာတွေ၊ နှမ်းဖတ်၊ ဆန်ကွဲ၊ ဆန်မှုန့်တွေနဲ့ရောစပ် အစားအစာတွေကို ကျွေးတယ်၊ ဒါအပြင် နွားစာအတွက် မြက်ကို မြို့ပြင်ကနေ ကားနဲ့သွားရိတ်သယ်ကြတာလည်း ရှိတယ်၊ လူခနဲ့ နွားစာမြက်အခ ပေးဝယ်တာလည်းရှိတယ်၊ နို့အထွက်နှုန်းကောင်းတော့ အစားအစာ စရိတ်ကြီးပေမယ့် တွက်ခြေကိုက်ပါတယ်” ဟု  မြိတ်မြို့၊ မြိတ်တောင် ကျေးရွာမှ နို့စားနွားကောင်ရေ ၅၀ ခန့် မွေးမြူလုပ်ကိုင်နေသည့် ကိုဆက်နိုင်ဦးကပြောသည်။

 

လက်ရှိအခြေအနေတွင် မွေးမြူရေး လုပ်ကိုင်သူများ အနေဖြင့် လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ရန် ဆန္ဒရှိသော်လည်း မြေနေရာ အခက်အခဲနှင့် စားကျက်မြေ အခက်အခဲရှိခြင်း၊  အစာစိုက်ခင်းမြေနေရာမရှိခြင်းတို့ကြောင့် နို့စားနွား မွေးမြူရေး လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နိုင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။


မြိတ်မြို့ရှိ မွေးမြူရေး လုပ်ငန်းရှင်များ အနေဖြင့် ဖရီရှန် (Friesian) နွားမျိုးများကို အများဆုံး မွေးမြူကြပြီး နွားများကို ရန်ကုန်နှင့် မုံရွာများအထိ သွားရောက် ဝယ်ယူမွေးမြူလျက်ရှိကာ ဈေးနှုန်းများမှာ နို့စားနွားမဒန်း တစ်ကောင်လျှင် ငွေကျပ် ၈ သိန်းခွဲမှ ၁၂ သိန်း အထိရှိကာ အသင့်နို့ညှစ်နွားမ တစ်ကောင်လျှင် ငွေကျပ် ၁၆ သိန်းမှ ၂၄ သိန်းအထိ ဈေးရှိသော်လည်း နို့အထွက်နှုန်း ကောင်းမှုနှင့် မြိတ်မြို့တွင် နွားနို့ဈေးကွက် ရှိနေခြင်းကြောင့် လုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေလျှက်ရှိသဖြင့် စားကျက်မြေနှင့် အစာစိုက်ခင်း မြေနေရာများ ရရှိပါက လုပ်ငန်းပိုမို တွင်ကျယ်လာနိုင်ကြောင်းနှင့် ဒေသတွင်း မွေးမြူရေးလုပ်ငန်းများ တွင်ကျယ်လာနိုင်ကြောင်း သိရသည်။


ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)