မိုးကြိုကာလတွင် သဘာဝဘေးအန္တရာယ်များကို သတိပြုစေလို

mdn

သတင်းဆောင်းပါး - မောင်သောင်းဝင်း(တမန်ဟောင်း)

 

မြန်မာနိုင်ငံတွင် မိုးကြိုကာလဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလတို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များ ဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။ ယခုနှစ်တွင်လည်း ဧပြီလ ၁၇ ရက်နေ့မှ စ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လေပြင်း တိုက်ခတ်မှုများ၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်ခဲ့ရာ လမ်းများပိတ်ဆို့ခြင်း၊ အဆောက်အဦများ ပျက်စီးခြင်း၊ လူနှင့် တိရစ္ဆာန်များ သေကျေ၊ ထိခိုက်ဆုံးရှုံး ခြင်းများ ဖြစ်ပွားခဲ့ရသည်။

 

ဖြစ်ပေါ်လေ့ရှိ

 

နှစ်စဉ် မိုးကြိုကာလတွင် “မိုးတိမ်တောင်များ ကြောင့် မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခြင်း၊ ရေဆင်နှာမောင်းတိုက်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခြင်း၊ ပင်လယ်မီးစုန်းတောက် ခြင်း”ဆိုသည့် ရာသီဥတု ၁၀ မျိုး ဖြစ်ပေါ်တတ်သည်။ ထိုရာသီဥတုဖြစ်စဉ်များကြောင့် မိုးသက်လေပြင်းများ တိုက်ခတ်ပြီး မိုးရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ် ခြင်းများ ဖြစ်ပေါ်လေ့ရှိသဖြင့် သစ်ပင်များလဲခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ လူနေအိမ်နှင့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းတို့အပြင် လူနှင့် တိရစ္ဆာန်များလည်း သေကျေ၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားတတ်သည်။

 

သဘာဝဘေးအန္တရာယ်များ

 

ဆိုရလျှင် ကမ္ဘာကြီးသည် တဖြည်းဖြည်း ပူနွေးလာလျက်ရှိသည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် လူသားတို့ သည် သဘာဝဘေးအန္တရာယ်မျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေ ကြရပြီ ဖြစ်သည်။ အမှန်တော့ သက်ရှိများမှီတင်းနေထိုင် လျက်ရှိသည့်ကမ္ဘာမြေကြီးတွင် သဘာဝအလျောက် ရုတ်တရက်ပြောင်းလဲဖြစ်ပေါ်လာသည့် ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု ခေါ်ဆိုကြသည်။ သာဓက အနေဖြင့် မြေငလျင်လှုပ်ခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲ ခြင်း၊ ဆူနာမီလှိုင်းများမြင့်တက်လာခြင်း၊ မိုးခေါင်ရေရှား ခြင်း၊ ရောဂါအသစ်အဆန်းများကျရောက်ခြင်း စသည့် အန္တရာယ်များပင် ဖြစ်သည်။ ထိုအန္တရာယ်များကြောင့် သေကျေး၊ ထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပါသည်။

 

ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအန္တရာယ် ကျရောက်မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန် များပြား လာခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြေငလျင်လှုပ်မှုများ၊ အင်အားပြင်းထန်သော လေမုန်တိုင်း ကြီးများ တိုက်ခတ်မှုများနှင့် အပူလှိုင်းဖြတ်မှုများသည် အကြိမ်ရေပိုမိုများပြားလာခဲ့သည်။ ထိုသဘာဝဘေး အန္တရာယ်များ ကြောင့် ထိခိုက်၊ သေကျေ၊ ပျက်စီးဆုံးရှုံးမှု များလည်း များပြားခဲ့သည်။ တချို့သောဒေသများတွင် မုန်တိုင်းဒဏ်ခံသောအဆောက်အဦများ ကြိုတင်ဆောက်လုပ်ထားသော်လည်း ဆုံးရှုံးမှုများရှိနေဆဲပင် ဖြစ်သည်။

 

သိပ္ပံပညာရှင်များ၊ ဘူမိဗေဒပညာရှင်များ၊ မိုးလေဝသ ပညာရှင်များနှင့် မုန်တိုင်းစောင့်ကြည့် လေ့လာသူများ သည် ကြီးမားသောသဘာဝဘေးအန္တရာယ်များကို ကြိုတင် ခန့်မှန်းရန် အခက်တွေ့လျက်ရှိကြသည်။ ခေတ်မီနည်း ပညာများဖြင့် မုန်တိုင်းများ၊ နှင်းမုန်တိုင်းများ၊ ဆိုင်ကလုန်း မုန်တိုင်းများနှင့် မိုးလေဝသနှင့်ဆက်စပ်သော အခြား သဘာဝဘေးများကိုသာ ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ မမျှော်လင့်သည့်အချိန် တွင် ဖြစ်ပေါ်လာနိုင်သည့် မြေငလျင်လှုပ်ခတ်မှုများ၊ တောမီးလောင်မှုများ၊ မြေပြိုမှုများနှင့် မီးတောင်ပေါက်ကွဲ မှုများသည် လူသားတို့ကို ပျက်စီးဆုံးရှုံးမှုကြီးမားစေသော သဘာဝဘေးအန္တရာယ်များအဖြစ် ဆက်လက် ခြိမ်းခြောက် လျက်ရှိသည်။

 

တိရစ္ဆာန်များက သတိပေး

 

ယခုနှစ်နွေရာသီအပူချိန်သည် စံချိန်တင်မြင့်တက် လျက်ရှိသည်။ အကျိုးဆက်အနေဖြင့် အပူချိန် မြင့်တက်မှု ဒဏ်ခံရခြင်း၊ သောက်သုံးရေရှားပါးခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မီးဘေး အန္တရာယ် ကြုံတွေ့ရခြင်း စသည့်သဘာဝဘေးအန္တရာယ်မျိုးစုံနှင့် ကြုံတွေ့ရလေ့ရှိသည်။ ထို့အပြင် မိုးကြိုကာလ တွင် မိုးတိမ်တောင်များကြောင့် မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းတို့ ဖြစ်တတ်သည်။ မိုးကြိုးပစ်ခြင်းကြောင့် လူနှင့်တိရစ္ဆာန်များ သေကျေ။ ထိခိုက်ခြင်း၊ မိုးကြီးခြင်း ကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခြင်းကြောင့် ခရီးသည်တင်သင်္ဘောများနှင့် ငါးဖမ်းလှေများ တိမ်းမှောက်ခြင်း၊ လူများပျောက်ဆုံးခြင်း၊ မိုးရွာသွန်းမှုကြောင့် တောင်ပေါ်ဒေသများတွင် မြေပြိုခြင်း၊ ချောင်းရေ များ ပြည့်လျှံပြီး လူနှင့်တိရစ္ဆာန်များ မျောပါခြင်းများ ဖြစ်ပွားတတ်ပေသည်။ ထို့ကြောင့် မိုးကြိုကာလတွင် ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင် သတိပြုသွားစေလိုပါသည်။

 

စာရေးသူတို့ငယ်စဉ်က မိဘများသည် မိုးဦးလေဦး ကာလအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လေ့ရှိသည်။ တိရစ္ဆာန်များ၊ အထူးသဖြင့် ငှက်များ၏နေထိုင်မှုပုံစံကို ကြည့်၍ လေပြင်းတိုက်ခတ်နိုင်သည်။ မိုးကြီးနိုင်သည်ကို ကြိုတင်သိနိုင်သည်။ သာဓကအနေဖြင့် ကျီးကန်း များသည် အသိုက်ကို သစ်ပင်ခွဆုံတွင် လုပ်ထားမည်။ ထူထူထဲထဲ အသိုက်ဆောက်ထားမည်ဆိုလျှင် ထိုနှစ်တွင် လေပြင်း မုန်တိုင်းကျတတ်ပြီး မိုးလည်းကြီးတတ်သည်။

 

ငှက်များသည် သစ်ပင်ကိုင်းဖျားတွင် အသိုက်လုပ် ထားမည်ဆိုလျှင် လေပြင်းအန္တရာယ်ကို စိုးရိမ်စရာမလိုပေ။ ပုရွက်ဆိတ်များသည် အုပ်စုလိုက်အမြင့်ပိုင်းကို ရွှေ့နေမည် ဆိုလျှင်၊ အစာများကိုသယ်နေမည်ဆိုလျှင် မိုးကြီးမည်။ ရေကြီးမည်ဖြစ်သည်။ ငလျင်လည်း လှုပ်တတ်သည်။ ရေထည့် ထားသောစဉ့်အိုးများအောက်မှ ဖားများအဆက် မပြတ်အော်နေပြီဆိုလျှင် ပုစဉ်းရင်ကွဲများ အဆက်မပြတ် အော်နေပြီဆိုလျှင်၊ ပျံလွှားများ ခပ်နိမ့်နိမ့် ပျံနေပြီဆိုလျှင်၊ ပုစဉ်းများမြေကြီးနှင့်ကပ်လျက် ပျံနေပြီဆိုလျှင်၊ ညဘက်တစ်ရက်နှစ်ရက်အတွင်း မိုးရွာတော မည်ဖြစ်သည်။တိရစ္ဆာန်များ အိပ်တန်းစောစောဝင်နေပြီဆိုလျှင် လေပြင်း တိုက်ခတ်တော့မည် ဖြစ်သည်။

 

ကြိုတင်ပြင်ဆင်ထားသင့်

 

မိုးကြိုကာလတွင်ဖြစ်ပေါ်တတ်သော သဘာဝဘေး အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား သင့်သည်။ အထူးသဖြင့် ကျေးလက်နေ တောင်သူဦးကြီး များသည် ကောက်ပဲသီးနှံများနှင့် ကျွဲ၊ နွားများအတွက် မြက်ခြောက်များ၊ ကောက်ရိုးများကို အမိုးအကာအောက်သို့ လုံခြုံစွာရွှေ့ပြောင်းထားသင့်သည်။ လူနှင့်တိရစ္ဆာန် များအတွက် သောက်သုံးရေစုဆောင်းထားသင့်သည်။ ထို့အပြင် စားနပ်ရိက္ခာလုံလောက်အောင်လည်း ကြိုတင် စုဆောင်း ထားသင့်ပေသည်။ ရေလုပ်သားကြီးများအနေဖြင့် ကမ်းခြေနှင့် ဝေးကွာလွန်းသောနေရာများသို့ ငါးဖမ်းမထွက်သင့်ပေ။ ငါးဖမ်းလှေများကို ခိုင်ခံ့စွာချည်ထားခြင်း၊ ကျောက်ချထား ခြင်းများ ဆောင်ရွက်သင့်သည်။ မိုးသက်မုန်တိုင်းကျရောက်လျှင် မီးပြတ်တတ်သည်မှာ သဘာဝပင် ဖြစ်သည်။ ထို့ကြောင့် ဓာတ်မီး၊ မီးခြစ်၊ ဖယောင်းတိုင်၊ မီးသွေးစသည့် အထောက်အကူပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားသင့်သည်။ ထိခိုက်ဒဏ်ရာ ရရှိလျှင် အရေးပေါ်ပြုစုကုသနိုင်ရန်အတွက် အိမ်တွင်းသုံးဆေးဝါးများ၊ ပတ်တီးများကိုလည်း အသင့်ပြင်ထား သင့်ပေသည်။

 

အထူးသဖြင့် လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့နေသဖြင့် မိုးကြိုကာလတွင် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များကြောင့် တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် တိုက်တွန်းအကြံပြုချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များကိုသာ  အတိအကျလိုက်နာသွားမည်ဆိုလျှင် ကပ်ရောဂါဆိုးကြီးကို အလိုအလျောက် ကာကွယ် နိုင်သလို မိုးကြိုကာလတွင် ကြုံတွေ့ရတတ်သည့် အပူရှပ်ခြင်း၊ ခရမ်းလွန်ရောင်ခြည်သင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်းအပါအဝင် ကူးစက်ရောဂါမျိုးစုံကို ကြိုတင်ကာကွယ်သွားနိုင်ပါသည်။

 

မိုးကြိုကာလ သဘာဝ ဘေးအန္တရာယ်များ သတိပြုစေလို

 

ဆိုရလျှင် နွေရာသီတွင် ပူပြင်းခြောက်သွေ့လွန်းသဖြင့် လေပြင်း တိုက်ခတ်ပြီး မိုးရွာသွန်းလာလျှင် ကလေးများသည် မိုးရေထွက်ချိုးတတ်ကြသည်။ လူကြီးများသည် ကလေးများကို ထိုသို့ မိုးရေမချိုးခိုင်းသင့်ပေ။ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းများ ဓာတ်တိုင်ပေါ်သို့ ပြုတ်ကျရာမှ ဓာတ်ကြိုးများ ပြတ်တောက်ပြီး မြေကြီး ပေါ်သို့ ကျနေတတ်သည်။ မိုးရေချိုးနေသောကလေးသည် လျှပ်စစ်စီးဝင်နေသော ဓာတ်ကြိုးစနှင့်ထိမိမည်ဆိုလျှင် ဓာတ်လိုက်ခံရမည်ဖြစ်သည်။ ဗို့အားပြင်းလျှင် သေဆုံး မည်ဖြစ်သည်။

 

မိုးရေထဲတွင်ရေချိုးရင်း ဓာတ်လိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခုကို စာရေးသူငယ်စဉ်က စိတ်မကောင်း ဖွယ်ရာ ကြုံတွေ့ခဲ့ဖူးသည်။ ထိုစဉ်က ကလေးတစ်ယောက် သည် မိုးရွာနေစဉ် ရေထွက်ချိုးရာမှ ပြတ်ကျနေသော ဓာတ်ကြိုးစကို ထိမိသဖြင့် ဓာတ်လိုက်သေဆုံးခဲ့ရသည်။ ဓာတ်လိုက်ခံရသည့် ထိုကလေးကိုဝင်ဆွဲသည့် ဖခင်ဖြစ်သူ လည်း ဓာတ်လိုက်သေဆုံးခဲ့ရသည်။ ဖခင်နှင့်သား နှစ်ဦး စလုံးသည် တစ်နေရာတည်းတွင် ချက်ချင်းသေဆုံးခဲ့ရ သည်။ မည်သူမျှမကူညီနိုင်ဘဲ စိတ်မကောင်းစွာဖြင့် ကြည့်နေခဲ့ရသည်။ မိခင်ဖြစ်သူမှာ သောကဝေခဲ့ ရသည်။

 

အမှန်တော့ မိဘများသည် ကလေးများကို အလို မလိုက်သင့်ပေ။ မိုးရေချိုးချင်လျှင် ရေပုံးဖြင့်ခံ၍ ချိုးလျှင် | ရသည်။ တတ်နိုင်ပါက မိုးသက်လေပြင်းတိုက်နေလျှင် အပြင်သို့မထွက်တာ အကောင်းဆုံးဖြစ်သည်။ လွင်တီး ခေါင်ကွင်းပြင်များသို့ထွက်မည်ဆိုလျှင်၊ သစ်ပင်ကြီးများ အောက်သို့ဝင်မည်ဆိုလျှင် မိုးကြိုးပစ်ခံရတတ်သည်။ ထို့အပြင် မိုးကြီး၊ လေကြီးကျနေချိန်တွင် လွင်တီးကွင်းပြောင်၌ တယ်လီဖုန်းပြောဆိုလျှင် မိုးကြိုးပစ် ခံရတတ်သည်။

 

ထိုသို့မိုးရွာသွန်းပြီးချိန်တွင် ညဘက်၌ ဓာတ်မီးမပါဘဲ အမှောင်ထဲသွားမည်ဆိုလျှင် မြွေဆိုးနှင့် အဆိပ်ပြင်းသော ကင်းတို့၏အန္တရာယ်ကို ကြောက်ရသည်။ တွင်းအောင်းသတ္တဝါများဖြစ်သည့် မြွေနှင့် ကင်းတို့သည် မိုးရွာပြီးသည် နှင့် အပြင်သို့ထွက်တတ်ကြသည်။ ထို့အပြင် မိုးသက်လေ ပြင်းတိုက်နေလျှင် လျှပ်စစ်မီးခလုတ်များ၊ တီဗွီများကို လည်း ပိတ်ထားသင့်သည်။ နေအိမ်အတွင်းသို့ဝင်သည့် ဘရိတ်ကာများကို ချထားသင့်ပေသည်။

 

ဆိုရလျှင် မိုးကြိုကာလတွင် မိုးတိမ်တောင်များကြောင့် မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ လေဆင်နှာ မောင်းတိုက်ခြင်း၊ ရေဆင်နှာမောင်းတိုက်ခြင်း၊ စိုက်ဆင်း လေပြင်းတိုက်ခြင်း၊ ပင်လယ်မီးစုန်းတောက်ခြင်းတို့ ဖြစ် ပေါ်တတ်သည်။ ထိုသို့ဖြစ်လျှင် နောက်ဆက်တွဲသဘာဝ ဘေးအန္တရာယ်များကိုလည်း ကြုံတွေ့ရတတ်သည်။ အကျိုးဆက်အနေဖြင့် လူနေအဆောက်အအုံများ ပျက်စီး ခြင်း၊ လူနှင့် တိရစ္ဆာန်များ သေကျေ၊ ထိခိုက်ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် မိုးကြိုကာလ တွင်ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များ အတွက် အကောင်းဆုံးကြိုတင် ပြင်ဆင်ထားသင့်ပေသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံသားအားလုံးအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးအပါအဝင် မိုးကြိုကာလတွင် ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်များကို သတိရှိရှိဖြင့် ကျော်လွှားသွားနိုင်ကြပါစေ။ ။