မြိုလူမျိုးတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ(၂)

မြိုလူမျိုးတို့၏ ဆင်းသက်လာပုံ သမိုင်းကြောင်းကိုမရေးသားခင် ကမ္ဘာ့သမိုင်း မှတ်တိုင်များစာအုပ် ပထမတွဲစာ ၃ ၌ပါသော လူမျိုးများဆင်းသက်လာပုံ သမိုင်းကြောင်းကို ဖော်ပြလိုပေသည်။ ၎င်းစာအုပ်၌ လူမျိုးတစ်မျိုး၏ ဆင်းသက်လာရာလမ်းကြောင်း၊ ဆင်းသက်လာသည့် မူလအစကို ဖော်ထုတ်ခြင်းသည် ထိုလူမျိုး၏ အတိတ် သမိုင်းကို ဖော်ထုတ်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ထိုလူမျိုးနွယ်စုတို့၏ ဖြတ်သန်းကျော်လွှား ခဲ့ရသော အကြောင်းအရာ အဖြစ်အပျက်များကို သိလိုသောဆန္ဒအာသီသဖြင့် စူးစမ်းဆင်ခြင်လေ့လာ သုံးသပ်ခြင်း သည်ပင် ထိုလူမျိုး၏သမိုင်းကို ဖော်ထုတ်ခြင်းဟု ဆိုနိုင်သည်။ မျိုးနွယ်တစ်စု တစ်ခု၏ သမိုင်းမှသည် လူသားထု တစ်ရပ်လုံး၏ သမိုင်းခရီးစဉ်ကြီးအထိ အတိတ်၏အကြောင်းအရာ အဖြစ်အပျက်များသည် ဆန်းပြားရှုပ်ထွေး၍ ဒဏ္ဍာရီဆန်လှ၏။

 

လူသားတို့၏ သမိုင်းအစကို မည်သူကမျှ တိတိကျကျ မပြောနိုင်သကဲ့သို့ သမိုင်း၏ခရီးစဉ်အဆုံးကိုလည်း မည်သူကမျှကြိုတင်၍ ဟောကိန်းထုတ်နိုင် ကြမည်မဟုတ်ပေ။ လူ့သမိုင်းသည် ကမ္ဘာပေါ်၌ လူဟူ၍ ပေါ်ထွန်း ကတည်းက အစပျိုးခဲ့ပြီးလျှင် လူသားများဆိတ်သုဉ်းသွားသည့်အခါတွင် ထိုသမိုင်းသည် နိဂုံးချုပ်လိမ့်မည် ဟူသည့်အချက်ကား အငြင်းမပွားနိုင်သောအချက်ဖြစ်သည် ဟူ၍ဖြစ်ပေသည်။

 

လူသားတို့၏ သမိုင်းအစကို တိကျမှန်ကန်စွာ ပြောနိုင်ရန်ခက်ခဲသလို လူသားမျိုးနွယ်စု တစ်စုတစ်ခုစီတို့၏ ဆင်းသက်လာပုံအစသမိုင်းကို တိကျမှန်ကန်စွာ ပြောနိုင်ရန်လည်း ခက်ခဲပေသည်။ အချို့မျိုးနွယ်စုတို့ ဆင်း သက်လာပုံ သမိုင်းကြောင်းများသည် ယုံတမ်းစကားကဲ့သို့ ဒဏ္ဍာရီဆန်လှသည်ကို တွေ့ရပေသည်။ ထိုဒဏ္ဍာရီဆန်လှသော ဆင်းသက်လာပုံ မျိုးနွယ်စုများထဲမှာ မြိုမျိုးနွယ်စုသည်လည်း ပါဝင်ပေသည်။

 

မည်သို့ပင် ဒဏ္ဍာရီသဘောဆန်လှသည်ဖြစ်စေ၊ ယနေ့အချိန်ထိ မြိုမျိုးနွယ်စုများ ထင်ရှားရှိနေသည်မှာ အတိတ် ကရှုပ်ထွေးဆန်းပြားစွာ ဖြတ်သန်းလာခဲ့သော အကြောင်းတရားများကြောင့် ဖြစ်သည်ကိုတော့ ငြင်းဆန်၍ မရနိုင်သော အမှန်တရားပင်ဖြစ်ပေသည်။

 

မြိုလူမျိုးကို မြန်မာအဘိဓာန်၌ မြို/မရို လူမျိုး၊ တိဗက်မြန်မာအုပ်စုဝင် ဘာသာစကား တစ်မျိုးကိုပြောသော မြန်မာတိုင်းရင်းသားတစ်မျိုး (ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် နေထိုင်သည်)ဟူ၍ ဖော်ပြထားပေသည်။ ပြည်နယ်နှင့် ချင်းပြည်နယ်တွင် နေထိုင်သည်) မြိုလူမျိုးများ၏ ဆင်းသက်လာပုံသမိုင်းကြောင်းကို မိဘ ဘိုးဘွားစသည်တို့၏ စဉ်ဆက်ပြောဆို ထိန်းသိမ်းလာခဲ့သော ရိုးရာသီချင်း၊ ဝတ္ထု၊ ပုံပြင်စသော နှုတ်မှတ်တမ်း ဖြင့် သိရပေသည်။

 

နှုတ်မှတ်တမ်းဟု ဆိုသော်လည်း အချို့နှုတ်မှတ်တမ်းသည် အချို့ရခိုင်သမိုင်း၌ ဖော်ပြခြင်းထက်ပို၍ သဘာဝ ယုတ္တိရှိသည်ကို တွေ့ရပေသည်။ သဘာဝယုတ္တိရှိပုံကား ကစ္ဆပနဒီမြစ်ကို ရခိုင်သမိုင်းများ၌ ကစ္ဆပနဒီ မြစ်ဖျား တွင် လိပ်ကျောကုန်းသဏ္ဌာန်ကဲ့သို့သော ကျောက်ခဲကျောက်လုံးများရှိ၍  ထိုကျောက်ခဲ ကျောက်လုံး မျာကို အစွဲပြု၍ ပစ္ဆပ-လိပ်၊ နဒီ-မြစ်။ ကစ္ဆပနဒီ-လိပ်ကျောကုန်းကဲ့သို့ ခဲလုံးများရှိသော မြစ်ဟူ၍ ခေါ်တွင်ကြောင်းကို တွေ့ရပေသည်။ဤသမိုင်းမှတ်တမ်းအတိုင်း လိပ်ကျောကုန်းသဏ္ဌာန်ကဲ့သို့ ကျောက်ခဲများရှိ၊ မရှိကို ရှေးလူကြီးသူမများကို မေးကြည့်ရာ မတွေ့ဖူးကြောင်းဟူသော အဖြေကိုသာရရှိပေသည်။

 

မြိုလူမျိုးတို့၏ စဉ်ဆက်ပြောဆိုကြသော ပါးစပ်ရာဇဝင်၌ကား ကစ္ဆပနဒီဟူသည် ကတ်စာ ပနဒဲပီကနေ ပြောင်းလဲလာသောစကားဖြစ်သည်ဟူ၍ မြိုလူမျိုးတို့၏ ဘာသာစကားဖြင့် ကစ္ဆပ(ကတ်စာပ)ဟူသည် ငါ့သား ဟူသော အဓိပ္ပာယ်ကိုရ၍ နဒီ(နဒဲပီ)ဟူသည် ချစ်စရာ လေးဟူသော အဓိပ္ပာယ်ကိုရပေသည်။

 

ကစ္ဆပ(ကတ်စာပ)နဒီ (နဒဲပီ) ချစ်စရာ ကောင်းသော ငါ့သားကလေးဟူသော အဓိပ္ပာယ်ကို ရရှိပေသည်။ စာရေး သူတွေးမိသည်မှာ မြိုသင်းကြီး ငအောင်လာက မာရယုမင်းသားကို ကောက်ရခြင်းကို ခေါ်နေသလားဟူ၍၊ မည်သို့ပင်ဆိုစေ သမိုင်းမှတ်တမ်းထက် ပို၍သဘာဝကျ၊ ယုတ္တိတန်လှသည်ကိုတော့ ငြင်း၍မရနိုင်ပေ။ တောင်ပေါက်ကြီး ကျောက်စာ၌ကား ဂစ္ဆပဖြင့် တွေ့ရပေသည်။

 

၎င်းအလို ဂစ္ဆပကို ဂစ္ဆံ အာပေတီတိ ဂစ္ဆပေါ့ ဟုပြ၍ ဂစ္ဆံ ချုံတောသို့၊ အာပေတိ၊ ရောက်နေ သောကလေး၊ ဂစ္ဆပေါ၊ ချုံတောသို့ ရောက်နေသော မာရယုမင်းသားကလေးဟု ဤသို့ကြံဆောင်ပါက ကစ္ဆပဟူသော သမိုင်းမှတ်တမ်းထက်ပို၍ သဘာဝကျသည် ပြောရပေမည်။

 

ဆင်းသက်လာကြသည်ဟု ရိုးရာသီချင်းစသည်များအရ သိရပေသည်။ ထိုသို့ဆင်းသက်လာကြစဉ် ''ရွီစာပတိ'' ဦးဆောင်သော “ရွီစာပတိ''ဦးဆောင်သော ရှေ့သွားအုပ်စုနှင့် ခေါဒတ်(ဒက်)ဦးဆောင် နောက်လိုက် အုပ်တို့ သည် လမ်းခရီးကြမ်းမှု၊ တော၊ တောင်ထူထပ်မှု၊ အကွေ့အကောက်များမှုကြောင့် လမ်းခရီးကွဲသွားကြ သည်ဟုဆိုသည်။ ရွီစာပတိဦးဆောင်သော အရှေ့သွားအုပ်စုမှာ ချင်းပြည်နယ် မတူပီ၊ ရှေ့သွားအုပ်စုမှာ ချင်းပြည်နယ် မတူပီ၊ ပလက်ဝဒေသနှင့် ရခိုင်ဒေသသို့ရောက်ရှိကြ၍ ခေါဒက်(ဒက်) ဦးဆောင်သော နောက်လိုက်အုပ်စုမှာကား အာသံမဏိပူရမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသသို့ ရောက်ရှိခဲ့ကြသည်ဟု ရာဇဝင်၊ သီချင်း၊ ပုံပြင်များအရ သိရပေသည်။ အခြားလူမျိုးများက ဒက်တောင်မြိုဟူ၍ ခြားလူမျိုးများက ဒက်တောင်မြိုဟူ၍ လည်းကောင်း၊ မရူစာဟူ၍လည်းကောင်းခေါ်ဆိုကြသောလူမျိုးမှာ စစ်တ ကောင်းဒေသသို့ ရောက်သွားကြသော ခေါဒက်(ဒက်) ဦးဆောင်သော နောက်လိုက်အုပ်စုများပင် ဖြစ်ပေသည်။

 

မာရယုနှင့်ဗေဒါရာဇဝင်ရှင်းတမ်း စာအုပ်စာမျက်နှာ ၁၅ ၌ မြိုလူမျိုးတို့၏ ဝတ်ပုံမှာ ပုဆိုးရှည်အလျား ၁၂ တောင်၊ အနံတစ်တောင်ခန့်ရှိ၏။ တစွန်ကိုဝတ်လျက် တစွန်ကို ခါးတောင်းကျိုက်၏။ အမြီးအရှည်ကြီးထား တတ်၏။ ဆင်းရဲသားများမှာ မြေကြီးမှာ တစ်တောင်ခန့် လူးလိမ့်လျက် တွဲလဲကျနေ၏။ တောင်မင်းကြီး(ဝါ) တောင်ရှင်ဘုရင်ဖြစ်ခဲ့လျှင် အမြီးမှာ ငါးတောင်ခန့်ရှိ၏။ တောင်မင်းကြီးများသွားလျှင် အမြီးကို မြိုသုံးယောက် ပွေ့မလျက်လိုက်ရ၏။ သူတို့ကို အမြီးရှည်သောကြောင့် တစ်ဖက်လူမျိုးများ ''ဗန္ဓရဇာတိ'' ဟုခေါ်ကြ၏။ ဗန္ဓရဇာ တိဟူသော စကားသည် မျောက်အမျိုးဟု ဆိုလိုသည်။

 

မြိုတို့နေသောတောင်၌ ရေရှားသဖြင့် သတ္တဝါများသုံးဆောင်နိုင်အောင် ချောင်းကိုပိတ်လျက် တစ်ဖက် ဆည်ကန်ကြီးအဖြစ်ဆည်ကြ၏။ ထိုဆည်၌ ရေတို့သည် မိုးရောနွေပါ သုံးသောက်နိုင်၏။ ၎င်းဆည်ကို တစ်ဖက် လူမျိုးများက ''ဗန္ဓရဗန်''ဟုဆိုသည်။ ဗန္ဓရ-မျောက်၊ ဗန်-ဆည်သည်၊ အဓိပ္ပာယ်မှာ မျောက်ဆည် သည်ဟု ဆိုလိုသည်။ ယခုတိုင် ထိုမြိုမင်းကြီးနေခဲ့သော တောင်စဉ်တောင်ဝှမ်းကို မြိုတောင်ဟု ငါတို့ရခိုင်များက ခေါ်ကြ လေသည်။ ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးစုများ(အောင်ဘန်း၊ ကြီးငွေစကားရည် လုပွဲ) စာအုပ်၌လည်း အထက်ပါအတိုင်း ဆွေးနွေးကြသည်ကို တွေ့ရပေသည်။

 

ဤရေးသားချက် ဆွေးနွေးချက်များအရဆိုလျှင် မြိုဖြစ်လာမည့် လူမျိုးများသည်၊ တိဗက်ကုန်းမြင့် ဒေသမှတစ်ဆင့် ချင်းပြည်နယ်၊ ရခိုင်ဒေသသို့ ရောက်ရှိလာခြင်း မဖြစ်နိုင်ပေ။ တိဗက်ကုန်းမြင့်ဒေသမှ တစ်ဆင့်အနောက်မဇ္ဈိမ ဒေသသို့ ဟိမဝန္တာတောင်တန်းကို ဖြတ်ကျော်ကာ အိန္ဒိယတောင်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများ၌ အခြေချနေထိုင်ခဲ့ပြီး ထိုမှတစ်ဆင့် ချင်းပြည်နယ်နှင့် ရခိုင်ဒေသသို့ ဝင်ရောက်လာ ခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမျိုးများက မြိုလူမျိုးခေါ်တွင်လာမည့် လူမျိုးစုကို ဗန္ဓရဇာတိမျောက်အမျိုးဟု ခေါ်ဆိုနေကြပုံကို ထောက်၍ပြောနိုင်ပေသည်။

 

ရခိုင်တိုင်းရှိ တိုင်းရင်းသားလူမျိုးနွယ်များ၏ အကြောင်းစာတမ်း ၂၇ ၌ကား မြိုဟုတွင် လာမည့်လူမျိုးများသည် အနောက်မဇ္ဈိမဒေသတွင် မြို့ပြတည်ထောင်ပြီး နေထိုင်ခဲ့ကြသည်ဟု ယူဆရပါသည်။ မဇ္ဈိမဒေသမြို့ပြ နိုင်ငံများစွာထဲတွင် ကုသဝတီပြည်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဤတိုင်းပြည်ကို ဘုရင် ဝရဓမ္မတူမင်းကြီးအုပ်စိုးခဲ့သည်ဟု ဆိုပါသည်။ ထိုစဉ်က မည်သည့်လူမျိုးခေါ်တွင်သည်ကိုမူ မသိရပါ။ သို့ရာတွင် ယင်းအချိန်ကာလ အနောက်မဇ္ဈိမဒေသ၌ အာရိယန် ယဉ်ကျေးမှု မထွန်းကားမီ ကာလဖြစ်မည်ဟု ဆိုနိုင်ဖွယ်ရှိပါသည်။ အာရိယန်ယဉ်ကျေးမှု မထွန်းကားမီအချိန်တွင် အနောက်မဇ္ဈိမဒေသရှိ မြို့ပြတိုင်း ပြည်များမှာ ယဉ်ကျေးမှု အယူအဆကွဲပြားလာမှုကြောင့် အချင်းချင်း စစ်တိုက်ယူကြသည့် အချိန်ဖြစ်ပါသည်။ ထိုသို့ စစ်မက်ပြု၍ အနိုင့်အထက်ပြုကြသော အချိန်တွင် ကုသဝတီပြည်ကြီးကိုလည်း အခြား တစ်ပါးသော မင်းများက စစ်ခင်းလေသည်။ ပြည်ကြီးပျက်စီး၍ ဘုရင်ဝရဓမ္မတူသည်လည်း ထွက်ပြေးတိမ်း ရှောင်ရလေသည်။

 

မြိုလူမျိုးဟု တွင်လာမည့် လူစုကိုမင်းကြီး၏ သားတော် ခေါ်စာပတိ ဦးဆောင်ကာ မြောက်ဘက် အာသံပြည်သို့ ခိုလှုံရန်ထွက်ပြေး လာခဲ့ကြသည်။ ၎င်းအာသံပြည်၌ နေစဉ်အတွင်း မိမိတို့ လူစုမကွဲပြားစေရန်နှင့် သဘာဝ ဘေးအန္တရာယ်၊ သားရဲတိရစ္ဆာန်များ၏ရန်မှ ကာကွယ်ရန်အလို့ငှာ ခြံစည်းရိုး ခုနစ်ထပ်ကာရံပြီး နေထိုင်ခဲ့ ကြလေသည်။ မင်းသားခေါ်စာပတိသည် မိမိ၏ နောက်လိုက်အပေါင်းအပါများ စားဝတ်နေရေး ခက်ခဲလာ သည်က တစ်ကြောင်း၊ အာသံပြည်တွင် ဆက်လက်နေထိုင်ခွင့် မရတော့၍တစ်ကြောင်းတို့ကြောင့် မိမိ၏လူစု များကို ရေကြည်ရာမြက်နုရာဒေသများသို့ ထွက်ခွာသွားလာခြင်းပြုခဲ့လေသည်။

 

ဤသည်ကို ခြံစည်းရိုးအတွင်းမှ ထွက်ခွာပြီး အိုးသစ်အိမ်သစ်ထူထောင်ခြင်းဟု သတ်မှတ်ခဲ့ကြလေသည်။ လူစုခွဲ၍ အိုးသစ် အိမ်သစ် ထူထောင်ရန်လာကြသော လူအများမှာ အချို့က ကုလားတန်မြစ်ဖျားဒေသမှာ အခြေစိုက်နေထိုင်ခဲ့ပြီး ယင်းမှမြစ်ရိုးအတိုင်း စုန်ဆင်းလာကြသည်။ အချို့မူကား အာသံပြည် တောင်ဘက်သို့ အနည်းငယ်ဆင်းလာပြီး ကလက်ချောင်းမှ ဝင်ရောက်လာကြလေသည်။ အချို့မှာ ဥဿလင်းချောင်းမှ ဝင်ရောက်လာကြသည်၊ အချို့က ချင်းလက်ချောင်းအတိုင်း စုန်ဝင်လာကြသည်။

 

ထိုဒေသများတွင် ပျံ့နှံ့နေထိုင်ပြီး အနောက်တောင်ဘက်သို့ တဖြည်းဖြည်း တိုးချဲ့အခြေစိုက် နေထိုင်ခဲ့ ကြလေသည်ဟု ရေးသားထားသည်ကို တွေ့ရသလို၊ တိုင်းရင်း သားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ (ချင်း) စာအုပ်၌လည်း အချို့မှာ ပလက်ဝနှင့် မတူပီ နယ်စပ်ရှိ ခန်းလုံးတောင်သို့ ရောက်လာကြပြီး ဆမီးချောင်း၊ မီးချောင်း၊ ရန်းချောင်းနှင့် သရီချောင်းအတိုင်း စုန်ဆင်းလာကြသည်ဟု ရေးသားထားသည်ကို တွေ့ရပေသည်။ ခူးမီး မျိုးနွယ်စုဝင် သမိုင်းစာအုပ်၌လည်း မြိုခေါ် ခမီး(အဝခူမီး)များ ဝင်ရောက်လာပုံနဲ့ပတ်သက် ၍ လွန်ခဲ့သည့် အနှစ် ၅ဝဝဝ ခန့်က ဝရဓမ္မ တူ၏သား (ခွီးစပတီး)သည် နောက်လိုက် ဗိုလ်ပါ တစ်သောင်းခန့်ဖြင့် အာသံပြည်မှ တစ်ဆင့် ကစ္ဆပနဒီမြစ်ညှာတစ်ခုသော နေရာတွင် ခြံစည်းရိုး ခုနစ်ထပ် ကာရံကာနေထိုင်ခဲ့ကြောင်း မြိုခေါ်ခမီးတို့၏ ပါးစပ်ရာဇဝင်တွင် ဆိုရိုးပြုကြသည်ကို တွေ့ရသည်ဟူ၍ ရေးသားထားသည်ကို တွေ့ရပေ သည်။ ဤအရေးအသားများအရ မြိုလူမျိုးတို့သည် တိဗက်ကုန်းမြင့်ဒေသမှ ဆင်းသက်လာခြင်း မဟုတ်သည်ကို တွေ့ရသလို အနောက်မဇ္ဈိမဒေသ ကုသဝတီပြည်မှ ဆင်းသက်လာခြင်းဖြစ်သည်ကို တွေ့ရပေ သည်။ ရှုပ်ထွေးလှသော မြိုလူမျိုးတို့၏အစဦး ဆင်းသက်လာရာသမိုင်းကြောင်းကို အတိအကျ မပြောနိုင်သော်လည်း ယနေ့အချိန်အထိ မြိုလူမျိုးများ အထင်အရှားရှိနေခြင်းသည် ငြင်းဆို၍ မရသော အမှန်တရားပင်ဖြစ်ပေသည်။ မြိုလူမျိုးဟူ၍ ဖြစ်လာပုံမှာ ဘေးအန္တရာယ်ကာကွယ်ရန် အလို့ငှာခြံစည်းရိုး ခုနစ်ထပ် ကာရံ၍နေကြ၏။ ၎င်းခြံစည်းရိုး ခုနစ်ထပ်ကာရံခြင်းကို မြိုလူမျိုးတို့၏ ဘာသာစကားဖြင့် ''မရုနေ့ ဆာရိကာအတ်ဒတ် စစ်ဆေးရန်နှင့် အန္တရာယ် လုံခြုံရေး''ဟု ခေါ်ပြီး ၎င်းခြံစည်းရိုးအတွင်း၌ နေလာကြသော မြိုလူမျိုးတို့သည် အစာရေစာ ရှားပါးမှုဒဏ်နဲ့ ကြုံတွေ့လာပေသည်။

 

ထိုအခါ ခြံစည်းရိုးအတွင်းမှ ထွက်ခွာခွင့် ပြုလေသည်။ ထိုသို့ထွက်ခွာခွင့်ပြုသော ကာလမှစ၍ မရုမှ မာရို၊ မာရိုမှမြိုဟူ၍ အဆင့်ဆင့် ပြောင်းလဲလာခြင်းဖြစ်ပေသည်။ နိရယမှ နိရယ်၊ နိရယ် မှနရဲ၊ နရဲမှငရဲဟု အဆင့်ဆင့် ပြောင်းလဲလာပုံ သဘောကဲ့သို့ပင်ပြောရပေမည်။ ထို့ကြောင့် မြိုဟူသော ဝေါဟာရ အဓိပ္ပာယ်မှာ ခြံစည်းရိုး အထပ်ထပ်ကာရံလျက် နေတတ်သောဓလေ့မှ စွန့်ခွာလာကြသော လူမျိုးဟူသော အဓိပ္ပာယ်ကိုရပေသည်။

 

မြိုဟူသော အမည်ဖြစ်ပေါ်လာရန်အတွက် စတင်သန္ဓေတည်ပေးသောသူမှာ မင်းသားခေါ်စာပတိဖြစ်သည်ကို အထက်ပါ သမိုင်းမှတ်တမ်းများအရ သိရပေသည်။

 

ကျမ်းကိုးစာရင်း

၁။မြိုဘာသာစကား၏ စကားသံများကို အသုံးချသတ္ကဗေဒအမြင်နှင့်လေ့လာချက်။

၂။ခူမီးမျိုးနွယ်စုဝင်သမိုင်း။

၃။မာရယုနှင့်ဗေဓာရာဇဝင်ရှင်းတမ်း။

၄။ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးစုများ။

၅။မြို(မရို)တို့ဓညဝတီဌာနေ။

၆။မြိုတို့အကြောင်း ရှေးဖြစ်ဟောင်း ။မြိုတို့အကြောင်း ရှေးဖြစ်ဟောင်း ဆောင်းပါးစုများ။ 

 

ဦးဉ္ဇင်းကုသလ (မာလာမြေ)