မိုးသီးနှံထွန်ယက်စိုက်ပျိုးရန် ခက်ခဲနေသောတောင်သူများအား ကျောက်ပန်းတောင်း စက်မှုလယ်ယာ ဦးစီးဌာနမှ စိုက်ပျိုးရေး ဝန်ဆောင်မှုများ ကူညီဆောင်ရွက်ပေးလျှက်ရှိ

ကျောက်ပန်းတောင်း   ၂၃   မေ

 

ကိုဗစ်-၁၉ ကူးစက်ရောဂါကာလနှင့် မိုးဦးကာလ ထွန်ယက်စိုက်ပျိုးရန် တိုက်ဆိုင်နေသည်နှင့်အညီ ကျောက်ပန်းတောင်းမြို့နယ်အတွင်း တောင်သူများ မိုးသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရန်၊ နယ်ကျော် ဒေသကျော်များ စက်ယန္တရားငှားရမ်း အသုံးပြုရန်အခက်အခဲရှိနေသည့် တောင်သူများ၏ ယာမြေများအချိန်မီထွန်ရက်စိုက်ပျိုးနိုင်ရန် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း မြို့နယ်အတွင်းရှိ တောင်သူများ မိုးဦးကျရာသီ စိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲမဖြစ်ပေါ်စေရန်အတွက်၊ ဌာနပိုင် SONALIK-90 H.P လယ် ထွန်စက်ကြီး(၁၀)စီးဖြင့်၊ စိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

တောင်သူများကိုယ်တိုင် လက်ဝယ်ပိုင်ဆိုင်၍ လယ်ယာလုပ်ငန်းခွင်တွင်စက်ကရိယာများ ပိုမိုတိုးတက်သုံးစွဲနိုင်ရန် အတွက်၂၀၂၀ခုနှစ်၊ဧပြီလနှင့်မေလ အတွင်း SONALIK-90 H.P ထွန်စက်ကြီး (၄)စီးနှင့် လက်တွန်းထွန်စက် (၁၄) စီးရောင်းချပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်အောင်က ပြောသည်။ 

 

ကူးစက်ရောဂါကာလ မိုးဦးကျရာသီအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် တောင်သူများမှလည်း လုပ်ငန်းအဆင်ပြေခဲ့ကြကြောင်းသိရပြီး “ ကျွန်တော်တို့ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ ကျွန်တော်တို့လိုဝေးလံပြီး ပြင်ပစက်တွေ ငှားရမ်းဖို့ ခက်ခဲတဲ့ကျေးရွာတွေကို စက်မှုလယ်ယာဦးစီးဌာနက ရွှေ့ပြောင်းစက်မှုလယ်ယာစီမံချက် သဘောနဲ့လာရောက်ကူညီဆောင်ရွက်ပေးတဲ့အတွက် လုပ်ငန်းတွေအချိန်မီပြီးစီးပြီး အပြင်စက်တွေ မမောင်းချင်တဲ့ ခက်ခဲတဲ့ ကွင်းတွေကို စေတနာထားပြီး မောင်းနှင်ထွန်ယက်ပေး တဲ့အတွက် စက်မှုလယ်ယာဦးစီးဌာနကို ကျေိးဇူးတင်ပါတယ်” ဟု ဆားတုံးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ပွ ကပြောပါသည်။

 

နေအောင်(ပြန်/ဆက်)