မိုးဥတုမှာ ကျန်းမာရေးအတွက် သတိပြုစရာများ

ကြည်လွင်မြင့်(မုဒြာ)

 

 

ပူအိုက်နေရာမှ ရုတ်တရက်မိုးရွာချသဖြင့် အိပ်ကောင်းကောင်းနှင့် နံနက်စောစောထချိန်တွင် မထဘဲဆက်အိပ်သည်။ စနေနေ့ ရုံးပိတ်ရက် ကလေးများလည်း ကျောင်းမသွားရသဖြင့် နေမြင့်သည်အထိ ဆက်အိပ်လိုက်သည်။ ထိုသူသည် နံနက်အိပ်ရာထသည့် အချိန်မှစ၍ ခေါင်းအုံနေခဲ့သည်။ နံနက်စာစားပြီး ရင်ပြည့်သောအခါ ခေါင်းပို၍ကိုက်လာသည်။ နေ့လယ်စာကို ကောင်းစွာမစားနိုင်၍ တစ်နေကုန် နေမကောင်းဖြစ်ရသည်။

 

 

ပူသောအခါ ကျယ်ပြန့်နေသြွောကက်သားနှင့် သွေးကြောများသည် အေးလာသောအခါ ကျုံ့ ပြီး သွေးလေးလာတတ်သည်။ ထိုအခါ ပို၍ အိပ်ကောင်းသည်။ အိပ်ရာမှမထချင်ဖြစ်လေ့ရှိသည်။ အချိန်ပို၍အိပ်လိုက်ပြီးနောက် လှုပ်ရှားသောအခါနှလုံးသွေးလှည့်ပတ်မှု မမှန်ကန်၊ ဦးနှောက်သို့ သွေးအရောက်နည်းပြီး ဉာဏ်မရွှင် ထိုင်းမှိုင်းသွားခြင်းဖြစ်သည်။ ထိုင်းမှိုင်းနေသည်ကို အလုပ်ရှိ၍ အတင်းစဉ်းစားသောအခါ ခေါင်းကိုက်လာခြင်းဖြစ်သည်။

 

 

မိုးရွာနေချိန်တွင် စောင်ထူထူနှင့် ကွေးအိပ်သူတစ်ဦးမှာ ဖိအိပ်မိသောဘက်က လက်မောင်းတစ်ဖက် ကပ်သွားသည်ကိုတွေ့ရဖူးသည်။ ဖိအိပ်သည့်နာရီကြာသဖြင့် လက်မောင်းသို့ သွားသောသွေးကြောပိတ်ပြီး ဖြစ်ရခြင်းဖြစ်သည်။ နှစ်နာရီကျော်ကြာအောင် တစ်ဖက်သတ်အိပ်ခြင်းသည် မကောင်းပေ။ တစ်ဖက်စီ လှည့်စောင်းအိပ်ခြင်းကို သတိထားပြုမူသင့်သည်။

 

 

မိုးရွာနေချိန်တွင် နံနက်စာစားပြီး အပြင်ထွက်မည့်သူများ သတိထားရန်မှာ အစာကြေခဲသောအစာများ စားမသွားရန်ဖြစ်သည်။ နံနက်စာအစာခံအဖြစ် ကောက်ညှင်းပေါင်း၊ အကြော်စုံစားပြီး လက်ဖက်ရည်သောက်သွားသူတစ်ဦးမှာ မိုးရွာထဲတွင် ခြေထောက်ရေစိုပြီးနောက် မကြာမီ အစာအိမ်ရင်ညွန့်မှအောင့်လာသည်ကို တွေ့ရဖူးသည်။ ခြေအေးဝမ်းရောင်ဟု ရှေးလူကြီးများပြောလေ့ရှိသည့် စကားအတိုင်းဖြစ်သည်။ ကြာရှည်ခြေထောက်ရေစိုခြင်းကြောင့် အစာမကြေရောဂါ ဖြစ်နိုင်သည်။ မိုးရာသီတွင်စီးသည့် ဖိနပ်များကိုလည်း သတိထားရန်လိုသည်။ ကတ္တီပါဖိနပ်ကဲ့သို့ ရေစိုလျှင်လွယ်လွယ်နှင့် မခြောက်သည့် ဖိနပ်များကို ရှောင်သင့်သည်။

 

 

ခြေထောက်ရေစိုခြင်း၏ အခြားနောက်ဆက်တွဲ ပြဿနာတစ်ခုမှာ နှာစေး၊ နှာပိတ်ခြင်းဖြစ်သည်။ အပူများ အထက်သို့တက်ရာမှ ရှူသွင်းသောလေအေးနှင့် ထိတွေ့သောအခါ အပူအအေး ဆန့်ကျင်ဘက်ဖြစ်ပြီး နှာပိတ်ခြင်း၊ နှာစေးခြင်းဖြစ်ရသည်။ နှာစေးခြင်းသည် ရေရှည်လာလျှင် ထိပ်ကပ်နာအထိဖြစ်နိုင်သည်။ ထိပ်ကပ်နာဆိုသည်မှာ နှာခေါင်းတွင်းမှ အပုပ်နံ့ရပြီး နှပ်ပုပ်ထွက်သည့် ရောဂါဆိုးဖြစ်သည်။

 

 

ကလေးဘဝငယ်စဉ်က ‘နေပူမိုးရွာ သူခိုးလာ၊ လာတဲ့သူခိုး၊ လှံနဲ့ထိုး’ ဟုဆိုကြသည်။ မြန်မာဗိန္ဓောဆရာကြီးတစ်ဦးက သူခိုးဆိုသည် ပုန်း၍ ငုပ်လျှိုးလာသောဓာတ်၊ အာကာသဓာတ်ရစေသော ရှောက်ရွက်၊ ရှောက်သီး၊ ဆူးပန်းရွက်၊ ကင်ပွန်းချဉ်ရွက် စသည်များကို ဟင်းရည်သောက်၊ ချဉ်ရည်ဟင်းချက်စားခြင်းဖြင့် မိုးဥတုတွင် အာကာသဓာတ်ရအောင် ဆောင်ရွက်ရမည်ဟု ဆိုလိုရင်းဖြစ်သည်ဟု ဆိုသည်။

 

 

နေပူသောအခါ ချွေးစိုနေသည်။ မိုးရွာသောအခါ ထိုချွေးငုပ်သွားတတ်သည်။ ခြေလက်များရေစို၍ အေးစက်သောအခါဝမ်းတွင်း၌ အခိုးငုပ်ပြီး ပူနေတတ်သည်။ အချိန်ကြာမြင့်စွာခြေလက်များ အေးစက်နေလျှင် ဗိုက်နာလာတတ်သည်။ အစာအိမ်တွင် လေပူငုပ်၍ အထက်မတက်၊ အောက်မသက်ဖြစ်သောအခါ ဗိုက်အောင့်လာခြင်းဖြစ်သည်။ ခြေအေး၍ အစာမကြေခြင်းကြောင့် ဝမ်းလည်းချုပ်တတ်သည်။ မကြေညက်သောအစာများ အူမကြီးအဆုံးသို့ရောက်သောအခါ စမြင်းခံ၍ ဝမ်းချုပ်ခြင်းဖြစ်သည်။ ဝမ်းချုပ်ခြင်း၏ နောက်ဆက်တွဲမှာ ညောင်းကိုက်ခြင်းနှင့် ဇက်ကြောတက်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ခြေထောက်ရေစိုလျှင် ဇက်ကြောတက်ရောဂါဖြစ်တတ်သည်ဟု ဆိုကြခြင်းဖြစ်သည်။ မိုးဥတုမှာဇက်ကြောတက်တတ်သူများ သတိထားစရာဖြစ်သည်။

 

 

မိုးဥတုနှင့် ရောဂါများ

အဆုတ်ပွရောဂါသည် မိုးဥတုတွင် အဖြစ်များသော ရောဂါဖြစ်သည်။ အဆုတ်လြွေပန်များအတွင်း ရေငွေ့များဝင်ရာမှ ပြန်မထွက်နိုင်သောအခါ အအေးပပ်ပြီး အဆုတ်အအေးပပ်ရောဂါ ဖြစ်သည်။ ထို့နောက် အဆုတ်ပွရောဂါ၊ အဆုတ်ရောင်ရောဂါများ ဆက်၍ဖြစ်လာနိုင်သည်။

 

 

မိုးရေထဲသွားနေသူများသည် ရှူသွင်းသောလေတွင် ရေငွေ့များပါသဖြင့် ကြာလာသောအခါ အဆုတ်အတွင်းတွင် ပြန်မထွက်နိုင်သော ရေငွေ့အမှုန်လေးများ စုမိလာသည်။ နှာချေခြင်းသည် ဖုန်နှင့် အမှုန်များဝင်မှမဟုတ်၊ ရေငွေ့များပြန်ထွက်စေရန်အတွက် အဆုတ်အတွင်းမှအမျှင်များက ခါထုတ်သဖြင့်လည်း ဖြစ်နိုင်သည်။ အဆက်မပြတ်နှာချေနေခြင်းသည်အဆုတ်အတွင်း ရေငွေ့များရှိနေခြင်း လက္ခဏာဖြစ်သည်။

 

 

မိုးရွာထဲမှ ပြန်လာသောအခါ ပရုတ်ဆီအနည်းငယ်ကို ရေနွေးမတ်ခွက်တွင်ထည့်ဖျော်၍ အုပ်ထားပြီးဖွင့်လိုက်သောအခါထွက်လာသည့် ပရုတ်ငွေ့ကို ရှူပေးခြင်းဖြင့် အဆုတ်အအေးပတ်ခြင်းကို ကာကွယ်နိုင်သည်။ သို့မဟုတ် ချင်းတက်တစ်တက်ကို ထုထောင်းပြီး ရေနွေးမတ်ခွက်တစ်လုံးတွင် ထည့်၍ရှူခြင်းဖြင့်လည်း အဆုတ်အအေးပတ်ခြင်းမှ ကာကွယ်နိုင်သည်။

 

 

အဆုတ်ရေဝင်သည့်ရောဂါ၊ အဆုတ်ရေဝပ်သည့်ရောဂါကြောင့်၊ အဆုတ်အတွင်းတွင် ပိုးများပေါက်ပွားပြီး အဆုတ်ရောင်ရောဂါ နာတာရှည်ဖြစ်လာနိုင်သည်။ တငွေ့ငွေ့ ကိုယ်ပူ၍ ဖျားသောရောဂါသည် အဆုတ်ရောင်ခြင်းကြောင့် ဖြစ်နိုင်သည်။ ပိုးကြောင့်ဖြစ်သော အဆုတ်ရောဂါတော်တော်များများသည် အဆုတ်တွင် ရေဝပ်ရာမှ စတင်ဖြစ်လေ့ရှိသည်ကို တွေ့ရသည်။

 

 

အဆုတ်အတွင်း ရေငွေ့များနေသဖြင့် နှာချေခြင်း၊ ချောင်းဆိုးခြင်း အကြိမ်ရေများလာသောအခါ၊ ရက်ရှည်လာသောအခါ အဆုတ်နှင့် လြွေပန်အတွင်းမှ သွေးကြောငယ်လေးများပေါက်ပြီး သွေးပါလာသည်။ ချောင်းဆိုးသွေးပါရောဂါဟု ခေါ်သည်။ အခန်းအောင်းနေသူများ၊ နေရောင်ခြည်မရသည့်အခန်းတွင် ကြာရှည်ထိုင်ပြီး အလုပ်လုပ်ရသူများတွင် ဤရောဂါဖြစ်လေ့ရှိသည်။

 

 

နေရောင်ခြည်၏တန်ဖိုးကို မိုးဥတုတွင် သိရသည်။ ရက်ရှည်မိုးရွာ၍ စိုထိုင်းနေသောအဝတ်များသည် နေရောင်ခြည်ဖြင့်ထိတွေ့သောအခါ အခြောက်မြန်သည်။ အိမ်တွင်းအရိပ်တွင်အခြောက်ခံသော အဝတ်များ၊ ပန်ကာလေဖြင့် အခြောက်ခံသော အဝတ်များကဲ့သို့ အနံ့အသက်မကောင်းပေ။ နေရောင်ခြည်မှပေးသောအပူဓာတ်သည် ရောဂါပိုးတော်တော်များများကို သေစေနိုင်သောသတ္တိရှိသည်။ ဖြစ်နိုင်လျှင် ခြောက်သွေ့ပြီး အဝတ်ပင်ဖြစ်စေ နေရောင်ခြည်ထွက်လာသောအခါ ခေတ္တနေရောင်ပြပေးသင့်သည်။

 

 

အဝတ်အထည်များတွင် မှိုကပ်သောကြောင့်၊ မှိုစွဲခြင်းကြောင့် လူ၏ အရေပြားတွင်လည်း ယားယံခြင်း၊ ညှင်းပေါက်ခြင်း၊ သနပွေးခေါ် ပွေးကွက်ငယ်များပေါက်ခြင်း ဖြစ်လေ့ရှိသည်။ မိုးများသောအရပ်တွင် နေရောင်ခြည်ထွက်သောအခါ အဝတ်အထည်များသာမက စောင်၊ အိပ်ရာခင်းများကိုပါ နေရောင်ခြည်ပြပေးသင့်သည်။ အိမ်ခန်းအတွင်းသို့ နေရောင်ခြည်ဝင်အောင် ပြတင်းပေါက်များဖွင့်ပေးခြင်းဖြင့် ရေငွေ့ ဖြင့်ပေါက်ပွားမည့် ရောဂါများအ္တရာယ်မှလည်း ကာကွယ်နိုင်ပေသည်။ နေရောင်ခြည်မဝင်သောအခန်းများ ၊ အဲကွန်းအလုံခန်းများတွင် နေထိုင်သူများသည် မိုးဥတုတွင် အဆုတ်ပွရောဂါဖြစ်နိုင်သဖြင့် သတိပြုကြစေချင်သည်။

 

 

မိုးဥတုမှာ စားသုံးသင့်သော ဓာတ်စာများ

မိုးဥတုတွင် ကျန်းမာရေးမကောင်းသဖြင့် အခန်းတွင်းအောင်းနေရသည့် လူကြီးများ၊ သက်ကြီးရွယ်အိုများကို မိုးတိတ်ပြီး လေကောင်းလေသန့်ရသည့်နေရာ၌ တစ်နာရီခန့် နေပူစာလှုံပေးသင့်သည်။ လမ်းမလျှောက်နိုင်သူကို တွဲ၍သော်လည်းကောင်း၊ ဝှီးချဲဖြင့်သော်လည်းကောင်း နေရောင်ခြည် ပြပေးသင့်သည်။

 

 

လူကြီးများသည် အသက်အရွယ်ကြောင့် အဆုတ်ပွလွယ်သည်။ ရေငွေ့များအောင်းပြီး နေရောင်ခြည်မဝင်သည့်အခန်းတွင် အနေကြာလျှင် အဆုတ်ပွ၊ အဆုတ်ရောင်၊ ချောင်းဆိုး၊ ရင်ကျပ်၊ တငွေ့ငွေ့ကိုယ်ပူသော အဖျားရောဂါများ ဝင်လာနိုင်သည်။ နေရောင်မဝင်သောအခန်းတွင် ရောဂါပိုးမွှားပေါက်ပွားလွယ်သည်ဟု ဆိုသည်။

 

 

အဆုတ်ရေငွေ့ဝင်၍ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အဆုတ်အအေးပပ်ခြင်းမှ ကာကွယ်နိုင်သော မီးဖိုချောင်သုံးအစားအစာမှာ ကြက်သွန်ဖြူဖြစ်သည်။ ကြက်သွန်ဖြူဥတစ်လုံးကိုမီးဖုတ်၍ ဖြစ်စေ၊ ဥအမြွှာများကို သီတံဖြင့် တံစို့ထိုးမီးကင်၍ဖြစ်စေ နေ့စဉ်တစ်ဥ (သို့မဟုတ်) ခုနစ်မြွှာခန့် စားပေးလျှင် အဆုတ်အအေးပပ်ခြင်းမှ ကာကွယ်နိုင်သည်။ ငွေကုန်ကြေးကျ မများ၊ ပိုးသတ်ဆေးများလည်းမသောက်ရသည့် သဘာဝ ကိုယ်ခံအားဓာတ်စာဖြစ်သည်။

 

 

အဆုတ်ပွ၍ဖျားလျှင် တငွေ့ငွေ့နှင့် ရက်ရှည်ပြီး အစားအသောက်မစားချင် ခံတွင်းပျက်သည့်ရောဂါပါ ဝင်လာတတ်သည်။ အဆုတ်သည် နှလုံးမှပေးပို့သော သွေးညစ်များကိုပြင်ပမှ ရှူသွင်းသည့်လေနှင့် ထိတွေ့ပေးပြီး သွေးသစ်ဖြစ်အောင် သန့်စင်ပေးရာဌာနဖြစ်သဖြင့် ကျန်းမာရေးအတွက် အလွန်ပင် အရေးကြီးသည်။ အဆုတ်မကောင်းလျှင် သွေးလည်းမသန့်စင်နိုင်ပေ။ အလွန်အရေးကြီးသည့် ကိုယ်တွင်းအင်္ဂါ ဖြစ်သည်။

 

 

ကြက်သွန်နီသည်လည်း အအေးပပ်ခြင်းမှ ကာကွယ်ပေးသည့် အာနိသင်ရှိသည်။ ဟင်းချက်ရာတွင် ကြက်သွန်နီပါသော်လည်း အပူပေးသဖြင့် ဥမှထွက်သော အခိုးအငွေ့အာနိသင်ပျက်သွားသည်။ အစိမ်းစားခြင်းဖြင့် စူးရှသော အခိုးအငွေ့ကိုရနိုင်သည်။ ကြက်သွန်နီတစ်ဥကို ပါးပါးလှီးပြီး ရှောက်ရည်(သို့မဟုတ်)သံပရာရည်ဆမ်းပြီး ထမင်းစားသည့်အခါတိုင်း စားသုံးပေးခြင်းဖြင့် ရောဂါပိုးများစွာကို ကာကွယ်နိုင်သည်။ ကြက်သွန်နီ ဥကိုလှီးပြီးလျှင် ရေအကြိမ်ကြိမ်မဆေးဘဲ တစ်ကြိမ်ခန့်သာဆေးပြီး မွှန်သည့်အနံ့ကို ထိန်းထားသင့်သည်။

 

 

ကြက်သွန်နီသည် ဆီးကောင်းစေသဖြင့် မိုးရာသီတွင် ခြေထောက်ရေစို၍ ခြေအေးခြင်း၊ အပူငုပ်၍ ဆီးပူခြင်း၊ ဆီးအောင့်ခြင်းများအတွက်ပါ ကာကွယ်ပေးနိုင်သည်။ ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်အတွက်ပါ ကောင်းသော မီးဖိုချောင်မှ ဆေးစွမ်းကောင်းဖြစ်သည်။

 

 

မိုးရာသီတွင် အဓိကစားသင့်သည့်အရသာမှာ အခါးဟုရှေးဓာတ်စာဆရာကြီးများက ဆိုသည်။ အပြင်တွင် အေးပြီးအအေးပပ်သဖြင့် ကိုယ်တွင်းငုပ်နေသော အပူဓာတ်နှင့်တွဲလျက်ဖြစ်ပေါ်လာသော လေပူအထက်သို့ ကန်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်း ပူခြင်း၊ အဆုတ်အပူအောင်းခြင်းတို့ကို အခါးအရသာစားပေးခြင်းဖြင့် သက်သာစေနိုင်သည်ဟု ဆိုသည်။ ခွေးတောက်ရွက်၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီးတို့ကို သင့်တင့်ရုံစားပေးခြင်းဖြင့် ကျန်းမာရေးအတွက်ကောင်းမွန်စေနိုင်ကြောင်း မိုးရာသီဓာတ်စာအဖြစ် တင်ပြလိုက်ရပေသည်။

 

 

မိုးစိုခြေအေး သွေးတိုး သတိပြု

မိုးဥတုတွင် နေအိမ်ပြင်ပထွက်ပြီး နေ့စဉ်သွားလာအလုပ်လုပ်ရသူများသည် ခြေထောက်ရေစိုရာမှ နောက်ဆက်တွဲအဖြစ် ခြေအေးဝမ်းရောင် (ခေါ်) အစာမကြေဝမ်းဗိုက်လေပွရောဂါနှင့် အသက် ၄၀ ကျော်သူများမှာ သွေးတိုးရောဂါဝင်လာတတ်သည်ကို သတိပြုကြရန် တင်ပြလိုပါသည်။

 

 

သွေးတိုးရောဂါသည် အစားမှားမှ၊ အငန်စားမှမဟုတ် ပြင်ပအအေးပပ်ဖွဲ့ ခြင်း၊ မိုးမိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သွေးစီးဆင်းမှုကြောင့် ပုံမှန်ပူနွေးနေသောသွေးကြောသည် အအေးဓာတ်ကြောင့် ကျုံ့သွားပြီး ဖိအားတစ်ခုဖြစ်လာကာသွေးမသွားနိုင်ဖြစ်ရသည်။ ထိုအခါ သွေးပုံမှန်သွားစေရန်နှလုံးမှ ပို၍ညှစ်အားပေးရသည်။ ထိုအားကို သွေးပေါင်ချိန်ကိရိယာဖြင့် တိုင်းသောအခါ BP 140/90 mm Hg.(အပေါ်သွေးဖိအား ၁၄၀ နှင့် အောက်သွေး ၉၀ မီလီမီတာ /ပြဒါး)အထိ ခံနိုင်ရည်ရှိသောအနေအထားဖြစ်သည်။ အပေါ်ရောအောက်ပါ ထိုထက်ဖိအားပိုလာလျှင် သွေးတိုးရောဂါဟုသတ်မှတ်သည်။

 

 

မိုးဥတုတွင် နေအိမ်မှ ထွက်သွားချိန်နှင့် ပြန်လာချိန်များကိုသွေးပေါင်ချိန် (သွေးဖိအား) မှတ်တမ်းထားရှိ လေ့လာကြည့်သောအခါ အိမ်မှမထွက်ခွာမီ ပုံမှန်ဖြစ်သော်လည်း ပြန်ရောက်လာချိန်တွင် မိုးရေစိုခဲ့လျှင် (သို့မဟုတ်) ခြေထောက်ရေစိုခဲ့လျှင် သွေးပေါင်ချိန်တက်နေသည်ကို တွေ့ရှိရသည်။ အချိန်ကြာကြာ မိုးမိသည်နှင့်အမျှ ပို၍တက်သည်ကိုလည်း လေ့လာတွေ့ရှိရသည်။

 

 

နံနက်စောစော အစာကိုစားပြီး နေအိမ်မှ ထွက်သွားသူများသည် မိုးမိပြီးနောက် အစာမကြေဖြစ်လာတတ်သည်။ ခန္ဓာကိုယ်အအေးပပ်ခြင်း၊ ခြေနှစ်ဖက်ရေစိုခြင်းကြောင့် ဝမ်းမီးနုံ့ပြီးအစာမကြေဖြစ်သည်ဟု ယူဆရသည်။ အစာခြေခြင်းကိုဝမ်းမီး(ခေါ်) ပါစက တေဇောဓာတ်က ဆောင်ရွက်သည်။ ထိုဝမ်းမီးသည် အအေးဓာတ်ကြောင့် အားပျော့သွားခြင်းကိုဝမ်းမီးနုံ့သွားသည်ဟု ရိုးရာဆေးပညာက ယူဆပြီး ချင်းနှင့်ရေနွေးပူပူကို သောက်ပေးခြင်းဖြင့် အစာကြေစေနိုင်သည်။

 

 

ငရုတ်ကောင်း၊ ပိတ်ချင်းနှင့်ချင်းကို တြိကဋုက်သုံးပါးဟုအာယုဗေဒဆေးကျမ်းများက ဆိုသည်။ အစာကြေစေသော(အစပ်သုံးပါး) ဆေးသုံးပါးဟု ဆိုသည်။ မိုးဥတုတွင် အပြင်မထွက်မီ အစားအသောက်စားသုံးလျှင် ဟင်းနှင့်ဟင်းချိုတွင်ငရုတ်ကောင်းခတ်ခြင်း၊ ချင်းထည့်ချက်ခြင်းဖြင့် အစာကြေအောင် အထောက်အကူပြုနိုင်သည်။ အထူးသဖြင့် အသားဟင်းချက်လျှင် ချင်းကိုနိုင်နိုင်ထည့်ချက်လျှင် မိုးဥတုနှင့်သင့်သည်။

 

 

ရှေးလူကြီးများက ခြေအေးလျှင် ဝမ်းရောင်သည်ဟု ဆိုကြသည်။ မိုးရေစိုချိန်ကြာသဖြင့် ခြေထောက်အေးလာသောအခါအအေးဓာတ်သည် တဖြည်းဖြည်းအပေါ်သို့တက်လာပြီး ချက်တိုင်နှင့် ဝမ်းဗိုက်အထိ ရောက်လာသည်။ အစာမကြေဖြစ်လာသည်။ အစာမကြေလျှင် လေပွလာပြီး ဝမ်းဗိုက်သည် တင်းပြီးဖောင်းလာသည်ကို ဝမ်းရောင်ခြင်းဖြစ်သည်ဟု ခေါ်ခြင်းဖြစ်သည်။ အစာမကြေခြင်း၏နောက်ဆက်တွဲရောဂါမှာ ခေါင်းကိုက်၊ ခေါင်းအုံခြင်းနှင့် သွေးတိုးရောဂါဖြစ်သည်။

 

 

မိုးရွာထဲမှပြန်လာပြီးနောက် ကိုယ်တစ်ခြမ်းလေဖြတ်သွားသူကို တွေ့ဖူးသည်။ အသက် ၅၀ ခန့် အရွယ်ကောင်းဖြစ်သည်။ ယခင်က သွေးတိုးဖူးသည်။ သို့သော် အမြဲမတိုးသဖြင့် သွေးကျဆေးကို ပုံမှန်မသောက်ဟုဆိုသည်။ နေအိမ်တွင် လဲကျသဖြင့်ဆေးရုံပို့သောအခါ သွေးပေါင်အလွန်တက်ပြီး ဦးနှောက်အတွင်း သွေးခဲရောက်သဖြင့် ပိတ်ဆို့ပြီး လေဖြတ်ရခြင်းဖြစ်သည်ဟုဆိုသည်။ ခြေအေးခြင်းမှစခဲ့သည့် သွေးတိုးရောဂါဖြစ်သည်။ သတိပြုနိုင်ကြစေရန် တင်ပြရခြင်းဖြစ်သည်။ မြန်မာ့အလင်း