မကွေးတိုင်းဒေသကြီး လွှတ်တော်တွင် နွားစုဆောင်းခြံကိစ္စနှင့် ပတ်သက်၍ ကုမ္ပဏီမှလိုက်နာရမည့် စည်းကမ်းချက်များအား ပြည်သူများသိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ ဖြန့်ဝေပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်း

မကွေး ၂၆ စက်တင်ဘာ     

 

စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသော မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် မင်းလှမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမောင်ကိုက မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် မင်းလှမြို့နယ်ရှိ အေးဝင်းကြည်ဌေး ကုမ္ပဏီ နွားစုဆောင်းခြံကိစ္စနှင့် ပတ်သက်၍ မည်ကဲ့သို့ ကြီးကြပ်ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း၊ ကုမ္ပဏီမှလိုက်နာရမည့် စည်းကမ်း ချက်များအား ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပြည်သူများပါ သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ ဖြန့်ဝေ ပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်းမေးမြန်းခဲ့သည်။

 

မင်းလှမြို့နယ်ရှိ အေးဝင်းကြည်ဌေး ကုမ္ပဏီကိစ္စနှင့် ပတ်သက်၍ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သက်တမ်း(၃)လရှိ ယာယီနွားစုဆောင်းခြံ လက်မှတ်ထုတ်ပေးသည်မှာ မှန်ကန်ကြောင်း၊ (၂၂)ဘီးကားဖြင့် တစ်ပတ်လျှင်(၁)ကြိမ်ခန့် နွားများ တင်ဆောင်နေသည် ဆိုသည်မှာ ခွင့်ပြုချက် တစ်စုံတစ်ရာ ထုတ်ပေးထားခြင်း မရှိပါကြောင်း၊ နွားများပြည်ပသို့ တင်ပို့မည့် ကုမ္ပဏီများ အနေဖြင့် ကျွဲ/နွားများ ဝယ်ယူစုဆောင်းခွင့်ကို သတ်မှတ်ချက်နှင့်အညီ လျှောက်ထားခြင်း၊ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနနှင့် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများမှ ထောက်ခံချက် လက်မှတ်များ ရယူခြင်း၊ ယာယီစုဆောင်းရပ်သို့ သယ်ဆောင်ခြင်းနှင့် အစစ်ဆေးခံခြင်း၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်သဘောထားရရှိရန် လျှောက်ထားခြင်း၊ ကျွဲ/နွား အရှင်များပြည်ပသို့ တင်ပို့ခွင့်ဆောင်ရွက်ခြင်း၊ ဝယ်ယူစုဆောင်းခြင်း၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကနဦး စစ်ဆေးမှတ်တမ်းတင်ရန် ယာယီစုဆောင်းရာ နေရာသို့ ရွှေ့ပြောင်းသယ်ယူ ခြင်းနှင့် အစစ်ဆေးခံခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက် လက်မှတ်ပေါင်းချုပ် ထုတ်ပေးခြင်း၊ ပို့ကုန်လိုင်စင် လျှောက်ထားခြင်းနှင့် ခွင့်ပြုပေးခြင်း၊ ပြည်ပသို့ တင်ပို့မည့်ကျွဲ/နွားများအား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက Micro Chip / Ear –Tag ထည့်သွင်းတပ်ဆင်၍ မှတ်ပုံတင်ခြင်းများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျွဲ/နွားအရှင်များ ပြည်ပသို့တင်ပို့မည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်လိုင်စင်ရရှိပြီး သည်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအတွက် ကျွဲ/နွား တစ်ကောင်လျှင် ကျပ် (၅၀ဝ၀)နှုန်းဖြင့် ပေးသွင်း၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရုံးချုပ်) မျှောစာနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး၏မျှောစာဖြင့် သယ်ဆောင် ရခြင်းဖြစ်ကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဋ္ဌေးက ရှင်းလင်းဖြေကြားသည်။

 

သန်းနိုင်ဦး(ငဖဲ)