မကွေးတိုင်းရှိ နိုင်ငံပိုင် ရေနံမြေခုနစ်ခုမှ တစ်နှစ်အတွင်း ရေနံစိမ်းစည်ပေါင်း ၂၁သိန်းကျော်ထွက်ရှိ

မကွေး ၅ ဖေဖော်ဝါရီ

 

ပြည်ထောင်စုအဆင့်မှစီမံခန့်ခွဲသည့် နိုင်ငံပိုင်ရေနံမြေ(၁၂)ခုတွင် မကွေးတိုင်းမှ(၇)ခုပါဝင်နေပြီး တစ်နှစ်အတွင်း  ရေနံစိမ်းစည် ၂၁သိန်းကျော် ထွက်ရှိခဲ့ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့မှ သိရသည်။

 

အဆိုပါရေနံမြေများမှာ မန်းရေနံမြေ၊ ထောက်ရှာပင်/ကမ်းနီ ရေနံမြေ၊ ရေနံချောင်းရေနံမြေ၊ ချောက်/လမ်းရွာ ရေနံမြေ၊ ကျောက်ခွက်/လက်ပံတို/အရာတော်ရေနံမြေ၊ စပယ်/သာကြီးတောင် ရေနံမြေ၊ ထန်းကိုင်း/ပြရည် ရေနံမြေတို့ဖြစ်ပြီး ၂၀၁၈–၂၀၁၉ဘဏ္ဍာနှစ်အတွင်း၌ ရေနံစိမ်း (အမေရိကန်စည်) နှစ်ဆယ့်တစ်သိန်းကျော်(၂၁၀၆၂၈၆)စည် ထွက်ရှိခဲ့ခြင်းဖြစ်သည်။

 

ရေနံမြေ(၇)ခုအနက် ရေနံစိမ်းအများဆုံးထွက်ရှိသည့်ရေနံမြေမှာမှာ မန်းရေနံမြေဖြစ်ပြီး ၂၀၁၉ခုနှစ် ခြောက်လအတွင်း အမေရိကန်ရေနံစိမ်းစည်ပေါင်း နှစ်သိန်းကျော်(၂၁၃၄၅၆)စည် ထွက်ရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

 

“၂၀၁၇–၂၀၁၈ ဘဏ္ဍာနှစ်မှာ ရေနံစိမ်း အမေရိကန်စည်ပေါင်း ၂၁၄၅၆၁၅ စည် ထွက်ခဲ့တယ်။ ၂၀၁၈–၂၀၁၉ ဘဏ္ဍာနှစ်မှာလည်း ရေနံစိမ်း(အမေရိကန်စည်) (၂၁၀၆၂၈၆)စည် ထွက်ရှိခဲ့ပါတယ်'' ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက ဆိုသည်။

 

မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် ရေနံမြေ ၁၂ခုမှ တစ်ရက်လျှင် ရေနံစိမ်းပီပါပေါင်း ၆၅၀ဝ ကျော် ထုတ်လုပ်နေပြီး ရေနံစိမ်းစည် ၁၀ဝဝဝ အထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းအစိုးရအဖွဲ့မှ သိရသည်။

 

အမေရိကန် ရေနံစိမ်း တစ်စည်လျှင် ဂါလန် ၄၀ ရှိပြီး မကွေးဒေသတွင်း ပုဂ္ဂလိကရေနံလုပ်ငန်းများ၌ ရေနံစိမ်း တစ်စည်လျှင် ဂါလံ ၅၀ သတ်မှတ်ချက် ရှိသည်။

 

ဒေသတွင်းအစိုးရမှ စီမံခန့်ခွဲသည့် ပုဂ္ဂလိကရေနံလက်ယက်တွင်းတိမ်လုပ်ငန်းများမှ အခွန်ငွေများစွာ ရရှိနေခြင်းကြောင့် မကွေးတိုင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် များစွာအထောက်အပံ့ဖြစ်လျက် ရှိနေသည်။

 

တိုင်းအစိုးရအဖွဲ့အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) သုံးလအတွင်း ရေနံစိမ်း ၆၅၉၂၃၅ စည်အတွက် တိုင်းဒေသကြီးပြင်ပ နယ်ကျော်သယ်ဆောင်ရောင်းချခွင့် မျောစာထုတ်ပေးခဲ့ကြောင်း၊ ဝန်ဆောင်ခ တိုင်းအစိုးရရန်ပုံငွေ ကျပ်သန်း သုံးသောင်းကျော်အထိ ရရှိခဲ့ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်၊ သယံဇာတရေးရာ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်ထံမှ သိရသည်။

 

ဇေယျတု(မကွေး)