မြင်းခြံခရိုင်အတွင်းရှိ မြန်မာ့ရွှေသမင်များ မျိုးသုဉ်းပျောက်ကွယ်မသွားစေဖို့ ထိန်းသိမ်းစောင့်ရှောက်ပေးရန် အစီအစဉ် ရှိ/မရှိ လွှတ်တော်တွင်မေးမြန်း

မန္တလေး ၂၆ စက်တင်ဘာ

 

မြင်းခြံခရိုင်အတွင်းတွင် ရှင်သန်ပေါက်ဖွားနေထိုင်သော ရှားပါးမြန်မာ့ရွှေသမင်များ မျိုးသုဉ်းပျောက်ကွယ်မသွားစေဖို့ ပိုမိုထိန်းသိမ်းစောင့်ရှောက်ပေးရန် အစီအစဉ် ရှိ/မရှိ မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ယနေ့မေးမြန်းခဲ့သည်။

 

ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့တွင် ငါန်းဇွန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

 

‘စက်မှုဇုန် အကောင်အထည်ဖော်ခြင်းများ အပါအဝင် သစ်တော်ပြုန်းတီးမှုကြောင့် ရွှေသမင်များ နေထိုင်ကျက်စားရာသည် လူတွေနေထိုင်ရာနှင့် နီးကပ်လာသောကြောင့် အသတ်ခံရခြင်း၊ အဖမ်းခံရခြင်း စသည်တို့ကို မကြာခဏ ကြားနေရတဲ့အတွက် အခုလို တင်ပြရခြင်းဖြစ်ပါတယ်’ဟု ငါန်းဇွန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က ပြောသည်။

 

မြန်မာ့ရွှေသမင်များသည် မြင်းခြံခရိုင်အတွင်းရှိ ကုက္ကဲတောင်၊ ယုန်တိုးတောင်နှင့် မင်းစုံတောင်ဘေးမဲ့တော ဆက်စပ်ဒေသများ၊ ငါန်းဇွန်မြို့နယ် ကောင်းဆုအောင် ကုမ္ပဏီစိုက်ကွင်း၊ ရွှေသီးနှံကုမ္ပဏီစိုက်ကွင်း၊ ကျောက်တလုံးအုပ်စုတို့တွင် နေထိုင်ကျက်စားကြကြောင်း သိရသည်။ 

 

မြန်မာ့ရွှေသမင်ကို ၁၉၃၆ ခုနှစ်၊ လွတ်လပ်ရေးမရမီ ကာလမှစတင်ကာ မြန်မာနိုင်ငံတွင် ဥပဒေဖြင့် ကာကွယ်ထားသော သဘာဝမျိုးရင်းများအဖြစ် ကြေညာထားသည်။ ငါန်းဇွန်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပညာပေးဟောပြောခြင်းများ၊ သတိပေးဗီနိုင်း စိုက်ထူခြင်းများ ဆောင်ရွက်သော်လည်း ဝန်ထမ်း ၈ ဦးသာရှိသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရာတွင် အခက်ခဲများရှိကြောင်း သိရသည်။

 

မြန်မာ့ရွှေသမင်သည် မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသော သမင်အမျိုးအစားဖြစ်ပြီး ရှားပါးတဲ့ မျိုးဆက်ပြတ်သုဉ်းတဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေရခြင်းကြောင့် သစ်တောဦးစီးဌာနက ထုတ်ပြန်ထားတဲ့ လုံးဝကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန် အမျိုးအစားမှာ ပါဝင်ပါတယ်။ ၁၉၄၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ တောရိုင်းတိရစ္ဆာန်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ကာကွယ်ထိန်းသိန်းရေး ဥပဒေ ပုဒ်မ ၃၇ အရ လုံးဝကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်များကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ အနာတရဖြစ်စေခြင်း၊ တောရိုင်းတိရစ္ဆာန်ကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း၊ လွှဲပြောင်းခြင်းပြုလျှင် ထောင်ဒဏ် ၇ နှစ်အထိဖြစ်စေ ငွေဒဏ် ကျပ်ငါးသောင်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်”ဟု ပြောသည်။ 

 

အိမို့မို့ခိုင်