မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်းမှ မျက်စိဝေဒနာရှင်များကို အခမဲ့ ဆေးကုပေးမည်ဟု သိရ

မူဆယ် ၁၁  ဇန်နဝါရီ

 

ရှမ်းပြည်နယ် မူဆယ်မြို့တွင် မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(မူဆယ်)နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ အစိုးရတို့ ပူးပေါင်း၍ အလင်းပြစီမံကိန်း အစီအစဉ်ဖြင့် (မျက်စိအတွင်း တိမ်/ အပြင်တိမ်) မျက်စိဝေဒနာရှင်များအား(အခမဲ့) စမ်းသပ်စစ်ဆေးကုသပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။


အစီအစဉ်ကို မူဆယ်ခရိုင် မူဆယ်မြို့ မြန်မာ-တရုတ် အဝင်/အထွက်ပေါက် နန်းတော်ဂိတ်ရှေ့ (ရွှေနန်းတော်ဂိတ်ရှေ့ ) မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ရုံးခန်းမတွင် ကုသပေးမည်ဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့မှ စတင်ကုသပေးမည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက အဆိုပါရက်တွင် နှစ်နိုင်ငံပူးပေါင်း ချစ်ကြည်ရေး အဖွဲ့ မှ တရုတ်နိုင်ငံဘက်သို့ အခမဲ့ဆက်လက် ကုသပေးရန်အတွက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


“ဒီအစီအစဉ်ကို နှစ်နိုင်ငံချစ်ကြည်ရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ မျက်စိ ဝေဒနာရှင်များကို လူဦးရေအကန့်အသတ်မရှိကုသပေးသွားမှာ ဖြစ်ပါတယ်၊ လာရောက်ဆေးကုသမူ ခံယူသည့် လူနာများကို ဆေးဖိုးဝါးခအားလုံး အခမဲ့ဖြစ်ပါတယ်၊ လိုအပ်ပါကလည်း တရုတ်နိုင်ငံဘက်သို့ အခမဲ့ဆေးကုသ ရန်အတွက် ပို့ဆောင်ပေးမည်ဖြစ်ပါတယ်’’ ဟု မြန်မာ-တရုတ်ချစ်ကြည်ရေးအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးအုန်းမောင်က ပြောကြားခဲ့သည်။


“ကျွန်တော်တို့ ပိုက်ဆံမတတ်နိုင်တဲ့အတွက် ဒီလိုအစီအစဉ်တွေ လုပ်ပေးတဲ့အတွက် အင်မတန်ကို ကျေးဇူးတင်ပါတယ်၊ ကုသိုလ်ရသည့်အလုပ်လည်းဖြစ်ပါတယ်၊ နောင်လည်း ဒီလိုအစီအစဉ်ကို ရှိစေချင်ပါတယ်’’ ဟု ရပ်ကွက်သားတစ်ဦးက ပြောကြားခဲ့သည်။


အဆိုပါ ဆေးကုသမည့် အစီအစဉ်သည် ဇန်နဝါရီ ၁၅  ရက်နေ့ နံနက် ၉ နာရီတွင် ကုသပေးမည် ဖြစ်ပြီး တစ်ရက်တည်းသာ ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဆိုင်ဖြူ(မူဆယ်)