မြန်မာ့အသံချစ်သူများအဖွဲ့ အဖွဲ့ဝင်များ မအူပင်မြို့တွင် တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မြန်မာ့အသံရေဒီယိုမှ နှစ်စဉ်ကျင်းပလျက်ရှိသည့် မြန်မာ့အသံ ချစ်သူများအဖွဲ့ (Radio Fan Club) အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ တိုးရွှေဝါခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှူးတို့က အဖွင့်အမှာစကား ပြောကြားကြသည်။

 

ထို့နောက် မြန်မာ့အသံသို့ ဒေသဆိုင်ရာ သတင်းများပေးပို့ပြီး ထူးချွန်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာ့အသံချစ်သူများအဖွဲ့ဝင် သတင်းထောက်များနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါဝင်ပံ့ပိုးပေးခဲ့ကြသူများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်သည်။

 

ယင်းနောက် မြန်မာ့အသံ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကိုပြသပြီး မြန်မာ့ အသံဝန်ထမ်းများနှင့် ငြိမ်းချမ်းရေး ဂီတပွဲတော်ဆုရ အဆိုရှင်များက မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့နှင့်အတူ တေးသီချင်းများ ဖျော်ဖြေတင်ဆက် ကြသည်။

 

ထို့နောက် မြန်မာ့အသံရေဒီယို အစီအစဉ်များဖြစ်သည့် ရှင်သန်ခြင်းကမ်းလက်များ၊ မျှဝေခံစားလူမှုစီးပွား၊ မြန်မာ့အားကစားကြယ်ပွင့်များနှင့် ပြုံးပဒေသာအစီအစဉ် တို့ကို ကောက် နုတ်မိတ်ဆက် သရုပ်ပြပြီး ပြည်သူ့အတွက် ထာဝရမြန်မာ့အသံ သီချင်းကို အဖွဲ့လိုက် သီဆို ဖျော်ဖြေကြကာ အခမ်းအနားသို့ တက်ရောက်လာသည့် အသက် ၇၀ နှစ်နှင့်အထက် မြန်မာ့ အသံချစ်သူအဖွဲ့ဝင် သောတရှင်များကို ဂါရဝပြုလက်ဆောင်များ ပေးအပ်ကြပြီး ကျန်မြန်မာ့ အသံ ချစ်သူအဖွဲ့ဝင်များကို အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

 

မြန်မာ့အသံရေဒီယို အစီအစဉ်များကို နှစ်ခြိုက်စွဲလမ်းစွာ အားပေးနားဆင်နေကြသည့် အနယ်နယ်အရပ်ရပ်မှ အမာခံသောတရှင်များနှင့် ဖွဲ့စည်းထားသည့် မြန်မာ့အသံချစ်သူများအဖွဲ့ (Radio Fan Club)တွင် ယခုအခါ အဖွဲ့ဝင်ပေါင်း (၁၃၀၀၀) ကျော် ရှိပြီဖြစ်ကြောင်း သိရှိရသည်။

 

မောင်မင်းနိုင်