မြန်မာစကားသမိုင်းအတွက် (၁၂)

 

mal 9-11-19

မောင်ခင်မင် (ဓနုဖြူ)

“ဧကဝဏ္ဏ ခေါ်တဲ့ အသံတစ်သံပဲပါတဲ့ မြန်မာ စကားလုံးတွေ တော်တော်ကြည့်ပြီးပြီဆိုတော့ အခု ဝဏ္ဏတစ်ခုထက်ပိုတဲ့ စကားလုံးတွေကို ကြည့်ရအောင်”

“ဟုတ်ကဲ့ပါ ဆရာ”

“ဒီနေရာမှာ ပညာရှင်တွေရဲ့ အဆိုအမိန့် တစ်ခုကို ပြောရမယ်ထင်တယ်။ မင်းတို့လည်း သိပြီးသားပါ။ မြန်မာစကားမှာ ဧကဝဏ္ဏစကား လုံးတွေ ကြွယ်ဝတာ အထင်အရှားပဲလေ။ ဒါကြောင့် မြန်မာစကားကို ဧကဝဏ္ဏဘာသာ စကားရဲ့ လက္ခဏာတွေ အများကြီးပါတဲ့ ဘာသာစကားလို့ သတ်မှတ်ကြတာမဟုတ်လား။ ပညာရှင်တွေက ဘာပြောသလဲဆိုရင် မြန်မာစကားထဲမှာ ဝဏ္ဏတစ်ခုထက်ပိုတဲ့ အရင်းခံစကားလုံးတွေ ရှိနေရင် အဲဒီစကားလုံးတွေဟာ တခြား ဘာသာစကားထဲကရောက်လာတဲ့ မွေးစားစကား လုံးတွေဖြစ်ဖို့ များတယ်ဆိုတဲ့ အချက်ပဲဘွဲ့”

“ဆရာ ဘယ်လိုစကားလုံးမျိုးတွေပါလဲ”

“အမြင်သာဆုံးပြောရရင် မြန်မာစကားမှာ ရတနာသုံးပါးကို ရည်ညွှန်းတဲ့ အရင်းခံစကားလုံးတွေကို သိမှာပေါ့။ ဘာတွေလဲ”

“ဘုရား၊ တရား၊ သံဃာ ပါ ဆရာ”

“တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့ ဒီစကားသုံးလုံးဟာ အင်မတန်အရေးကြီးတဲ့ စကား လုံးတွေပဲလေ။ ကဲ.. အဲဒီစကားလုံးတွေမှာ အသံ ဘယ်နှစ်သံစီပါသလဲ”

“နှစ်သံစီပါပါတယ် ဆရာ”

“ဟုတ်တယ်။ ဘုရား၊ တရား၊ သံဃာဆိုတဲ့ စကားသုံးလုံးစလုံး နှစ်သံစီပါတယ်။ ပြီးတော့ အဲဒီ စကားလုံးတွေကို တစ်သံစီထပ်ခွဲလို့ မရဘူးလေ။ ဒါကြောင့် အရင်းခံစကားလုံးတွေလို့ပြောတာပေါ့”

“ထပ်ခွဲလို့ မရဘူးဆိုတာ ဘာကိုဆိုလိုပါသလဲ ဆရာ”

“ဘုရား’ ဆိုပါတော့။ ဘုရားကို ပုဂံခေတ် မှာ “ပုရှာ” လို့ အရေးများတယ်မဟုတ်လား။ အဲဒီ “ပုရှာ”ကို “ပု” တစ်လုံး “ရှာ” တစ်လုံး ထပ်ခွဲလို့ မရဘူးလေ။ အဲဒီလိုပဲ “တရားကိုလည်း 'တရွာ'၊ “တိဟိ” လို့ အရေးများတယ်။ “တရွာ” ကိုလည်း ထပ်ခွဲလို့ မရဘူး။ အဲဒီလိုပဲ “သံဃာ” ကိုလည်း ထပ်ခွဲလို့ မရဘူး။ ခွဲလိုက်ရင် အဓိပ္ပာယ်မရှိတော့ ဘူးလေ”

“နားလည်ပါပြီ ဆရာ”

“ ဒီတော့ ဒီစကားလုံးတွေဟာ အရင်းခံအားဖြင့် ဧကဝဏ္ဏစကားလုံးတွေ မဟုတ်ဘူး။ ဝဏ္ဏ တစ်ခုထက်ပိုတယ်။ ဒါကြောင့် ဒီစကားလုံးတွေဟာ မြန်မာစကားစစ်စစ်မဟုတ်ဘူး။ တခြား ဘာသာစကားထဲက မွေးစားယူထားတဲ့ စကားလုံး တွေဆိုတာ ထင်ရှားတာပေါ့” “ဟုတ်ကဲ့ပါ” “စိတ်ဝင်စားစရာကောင်းတာက ဒီစကားလုံး သုံးလုံးဟာ အင်မတန်အရေးကြီးတဲ့ စကားလုံးတွေ ဖြစ်ပေမယ့် ဒီစကားလုံးတွေဟာ ဘယ်ဘာ သာစကားက ဆင်းသက်လာသလဲလို့ လေ့လာရင် “သံဃာ” တစ်လုံးပဲ ပါဠိစကားက ဆင်းသက်တယ် ဆိုတာ အသေအချာသိရတယ်။ “ဘုရား” နဲ့ “တရား” ဟာ ဘယ်ဘာသာစကားက ဆင်းသက်တယ်ဆိုတာ တိတိကျကျ မပြောနိုင်ဘူးကွဲ”

“ဟာ... သမီးတို့ ကျောက်စာသင်ရတုန်းက “ဘုရား” နဲ့ “တရား”ဘယ်ကဆင်းသက်တယ်ဆိုတာ သင်ရပါတယ် ဆရာ”

“ဆရာမတွေက ပညာရှင်တွေရဲ့ အယူအဆတွေကိုကိုးကားပြီး ဘယ်သူက ဘယ်လိုယူဆတယ် ဆိုပြီး သင်တာ ဆရာသိပါတယ်။ အဲဒီအယူအဆတွေမှာ ဘယ်အယူအဆက မှန်တယ်လို့ တိတိကျကျ ပြောဖို့မလွယ်ဘူးလေ။ ဖြစ်နိုင်တာကို ဆက်စပ်ပြီး ပြောကြတာမဟုတ်လား”

“ဟုတ်မယ်ထင်ပါတယ် ဆရာ”

“ဒီမှာ၊ ဆရာပြောပြမယ်။ “ဘုရား” ကို ပုဂံခေတ်က “ပုရှာ” လို့ ရေးတယ်။ အဲဒီ “ပုရှာ” ရဲ့ရင်းမြစ်ကို ကြံဆတဲ့အခါ အယူအဆအမျိုးမျိုးဖြစ်နေတယ်။ “ရ” က ဆင်းသက်တယ်။ “ပူဇာရဟ” က ဆင်းသက်တယ်။ ပုဂ်+ အရဟက ဆင်းသက်တယ် စသည်ဖြင့်ပေါ့။ “ဖောယေး’ ဆိုတဲ့ တရုတ်စကားက ဆင်းသက်တယ်ဆိုတဲ့အယူအဆ လည်းရှိတယ်” ။

“ဪ ဟုတ်ကဲ့ပါ”

“အဲဒီလိုပဲ ‘တရား’၊ ‘တရွာ’ ဆိုတဲ့ စကားဟာလည်း ‘တာရယတိ’ က ဆင်းသက်တယ်။ 'တန်ရား” က ဆင်းသက်တယ်လို့ ကြံဆကြတာပဲ။ “သံဃာ” ကို ပါဠိက ဆင်းသက်တယ်လို့ ပြတ်ပြတ်သားသား အခိုင်အမာပြောတာမျိုး မတွေ့ရသေးဘူး။ အဲဒါကို ပြောတာလေ”

“ဟုတ်ကဲ့။ နားလည်ပါပြီ ဆရာ”

“အဲ... သေချာတာကတော့ “ဘုရား” ရော “တရား” ရော တခြားဘာသာစကားကနေပြီး မြန်မာစကားထဲဝင်လာတဲ့ စကားလုံးတွေဆိုတာ နားလည်နိုင်ပါတယ်။ အဲဒီလိုပဲ “သခင်” လို စကား လုံးမျိုးလည်း တစ်သံထက်ပိုတဲ့ စကားလုံးပဲလေ။ 'မယား' ဆိုတဲ့ စကားလုံးလည်း ပါတာပေါ့။ 'မ' | တစ်လုံး “ယား” တစ်လုံးခွဲလို့မှ မရတာ”

“ဟုတ်ကဲ့ပါ”

“အဲ... ဧကဝဏ္ဏစကားလုံးပဲဖြစ်ဖြစ်၊ ဧက ဝဏ္ဏမဟုတ်တဲ့ ဝဏ္ဏတစ်ခုထက်ပိုတဲ့ စကားလုံးပဲ ဖြစ်ဖြစ်၊ အဲဒီစကားလုံးတွေကို ပေါင်းစပ်ပြီး စကား လုံးအသစ်တွေ ဖန်တီးတာတို့၊ အရင်းခံစကားလုံး ကို ရှေ့ဆက် နောက်ဆက်ဆိုတဲ့ အဆက်စကား လုံးတွေကို ပစ္စည်းလို့ ခေါ်တာပေါ့။ အဲဒီပစ္စည်းတွေနဲ့ တွဲပြီး စကားလုံးတွေထပ်သွားတာတို့တော့ ရာဇကုမာရ်ကျောက်စာမှာ တွေ့နေရပြီလေ”

“ဟုတ်ကဲ့ပါ။ သာဓက ကလေးပြောပြပါ ဆရာ”

“ပထမဆုံးပြောချင်တာက “အ-’ ဆိုတဲ့ ရှေ့ ဆက်ပစ္စည်းအကြောင်းပဲ။ မြန်မာစကားမှာ အဲဒီ “အ-'ဆိုတဲ့ ရှေ့ဆက်ကို ဒီနေ့အထိ တွင်တွင် ကျယ်ကျယ်သုံးနေတာ မင်းတို့အသိပဲလေ။ “အလုပ်၊ အက၊ အသီး၊ အရွက်' စတဲ့စကားလုံး တွေကြည့်ရင် အ-ရှေ့ဆက် ဘယ်လောက်အသုံး များတယ်ဆိုတာ သိမှာပါ။ အဲ... အ-လို့ ဆိုပေမယ့် ဒီနေ့အသံထွက်ရင် “လူအ”၊ “အလိုက်တာ” တို့မှာပြောတဲ့ “အ” ကို အသံအပြည့်မထွက်ဘဲ၊ “အလုပ်၊ အက’ တို့မှ ပြောသလို “အ” ကို အသံတစ်ဝက်ပဲ ထွက်တယ် မဟုတ်လား”

“ဟုတ်ပါတယ် ဆရာ”

“ရာဇကုမာရ်ကျောက်စာမှာကြည့်ရင် “အနှစ်၊ အဆင်း၊ အဆွေ၊ အဖို့၊ အမှောက်၊ အမှု၊ အထွက်၊ အကြောင်း” ဆိုပြီး နာမ်ရှေ့မှာ အ- ရှေ့ဆက် တွဲတာမျိုးတွေ တော်တော်များများ တွေ့ရတယ်။ အခုခေတ်မှာ မတွေ့ရတဲ့ ‘အတို့ကျွန်' ဆိုတဲ့ အသုံး မျိုးလည်း ရှိတယ်။ “ကျွန်တော်တို့ ́ ဆိုတဲ့ အဓိပ္ပာယ် ( ပါပဲ။ ဒီအသုံးမျိုး ခုခေတ်မှာလည်း သုံးနေတုန်းပါပဲ”

“ဆရာ၊ သမီးတို့ သတိထားမိတာက “လုပ်၊ က၊ ဆို၊ ရော” ဆိုတဲ့ ကြိယာတွေရှေ့မှာ အ- ရှေ့ ဆက်တွဲရင် “အလုပ်၊ အက၊ အဆို၊ အပြော” ဆိုတဲ့ ကြိယာနာမ်တွေ ဖြစ်လာတာကို သတိထားမိပါတယ်။ အခုဆရာပြတဲ့ စကားလုံးတွေမှာ - ရှေ့ဆက် တွဲနေတာတွေဟာ ကြိယာတွေ မဟုတ်ဘဲ နာမ်တွေဖြစ်နေတယ်ဆိုတာ ဆရာပြောပြမှ သတိထားမိပါတယ် ဆရာ”

“အေး.. သမီးက မြင်တတ်သားပဲ။ ရာဇ ကုမာရ်ကျောက်စာထဲက ခုပြတဲ့ စကားလုံးတွေ က ရှေ့မှာ အ- ရှေ့ဆက်ပါပေမယ့် သမီးပြောတဲ့ စကားလုံးတွေလို ကြိယာတွေမဟုတ်ဘူး။ နာမ်တွေပါ။ မြင်သာအောင်ပြရရင် “ဆင်း၊ ဆွေ၊ ထွတ်၊ မှု' ဆိုတဲ့ စကားလုံးတွေက ကြိယာတွေမှ မဟုတ်တာ။ နာမ်တွေပဲ။ ဒါပေမယ့် အဲဒီနာမ်တွေက တခြားစကားလုံးနဲ့ မတွဲဘဲ ကိုယ့်ဟာကိုယ် မရပ်တည်နိုင်တဲ့ နာမ်တွေလေ။ “ဆင်း” လို တစ်လုံး တည်းသုံးရင် အဆင်းဆိုတဲ့ အဓိပ္ပာယ်မရနိုင်ဘူးလေ။ တခြားအဓိပ္ပာယ်တော့ ရမှာပေါ့... ဒါကြောင့် အဲဒီနာမ်တွေကို ကိုယ့်ဟာကိုယ် မရပ်တည်နိုင်တဲ့ နာမ်တွေလို့ ခေါ်ရတာပေါ့။ “ဆင်း” ကို ရှေ့က “အ-' တွဲလိုက်ရင်တော့ “အဆင်း” ဆိုပြီး အဓိပ္ပာယ်ပေါ် သွားတာပေါ့။ ကျန်တာတွေလည်း အဲဒီလိုပဲ “အဆွေ၊ အမှု၊ အထွတ်” ဆိုပြီး အ- တွဲမှ အဓိပ္ပာယ် ပေါ်တယ်လေ”

“ဟုတ်ကဲ့ နားလည်ပါပြီ”

“အဲ.. ရှေ့မှာ အ- မတွဲဘဲ တခြားစကားလုံး တွဲပြီး သုံးရင်လည်း ရတယ်။ “ရုပ်ဆင်း၊ မိတ်ဆွေ၊ ကောင်းမှု၊ တောင်ထွတ်” ဆိုတာမျိုး သုံးနိုင်တာ ပေါ့။ တွေ့တယ်မဟုတ်လား” “တွေ့ပါတယ် ဆရာ” “ဒါပေမယ့် မြန်မာသဒ္ဒါစာအုပ်တွေမှာ ကြိယာကို အ-ရှေ့ဆက်တွဲတဲ့ ကြိယာနာမ်တွေပဲ ပြလေ့ရှိတယ်။ ကိုယ့်ဟာကိုယ် မရပ်တည်နိုင်တဲ့ အဲဒီနာမ်တွေရှေ့မှာ အ- ရှေ့ဆက်တွဲပြီး သုံးတဲ့ စကားလုံးဖွဲ့စည်းပုံကို ရှင်းလင်းဖော်ပြလေ့ မရှိဘူးကွဲ။ ဒါပေမယ့် ဒီအသုံးဟာ ပုဂံခေတ်မှာ မြန်မာစာမပေါ်ခင်ကတည်းက ရှိနေတယ်ဆိုတာ သိရတာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“အဲ.. ကြိယာမှာ အ-ရှေ့ဆက်တွဲတဲ့ အသုံး လည်း ပါပါတယ်။ “အနှိပ်အစက်” ဆိုတာလေ”

“ဪ... ဟုတ်ကဲ့ပါ။”

“နှိပ်စက်” ကို ရှေ့က အ- နှစ်လုံးဆက်ထားတာ မဟုတ်လား ဆရာ”

“ဟုတ်ပါတယ်။ အကတို့၊ အလုပ်တို့လို ကြိယာ တစ်လုံးတည်းမှာ အ- ဆက်တာကို မတွေ့ရသေး ပေမယ့် “နှိပ်စက်” ဆိုတဲ့ နှစ်သံတွဲကြိယာကို တစ်သံစီရှေ့က အ- ရှေ့ဆက်နှစ်လုံး တစ်ပြိုင် တည်းဆက်တဲ့ ပုံစံကို တွေ့နေရပြီလေ။ “အကူ အညီ၊ အစည်းအဝေး'ဆိုတဲ့ စကားတွေလိုပေါ့”

“ဟုတ်ကဲ့ပါ”

“အဲ... နောက်ဆုံးပြောရမယ့် အ-ရှေ့ဆက်က တော့ “အရိမေတ္တေယျ ဘုရားသခင် အဖူးရစေ” ဆိုတဲ့ အသုံးပဲ။ အဓိပ္ပာယ်က သူလှူခဲ့တဲ့ ကျွန်တွေ ကို နှိပ်စက်တဲ့သူဟာ အရိမေတ္တေယျဘုရားကို မဖူးရပါစေနဲ့လို့ ရာဇကုမာရ်က ကျိန်စာဆိုခဲ့တာလေ။ “မဖူးရပါစေနဲ့” ဆိုတဲ့ အဓိပ္ပာယ်ကို ရှေ့က မ- ရှေ့ဆက်မသုံးဘဲ အ-ရှေ့ဆက်သုံးတာ ထူးခြား ချက်တစ်ခုပဲ”

“ဟုတ်ကဲ့”

“ပုဂံခေတ်နှောင်းပိုင်း ကျောက်စာနှစ်ခုမှာ လည်း အဲဒီလို မ- အစား၊ အ- ရှေ့ ဆက်တွဲပြီး သုံးတဲ့ သာဓကတွေ ရှိပါတယ်။ ဆရာ့မိတ်ဆွေ ပြည်ပက ဘာသာဗေဒပညာရှင်တစ်ယောက်က

တော့ မြန်မာနိုင်ငံထဲက “အတ်ဇီ” ဘာသာစကား မှာလည်း အဲဒီလို မဟုတ်သဘောကို အ- ရှေ့ဆက် နဲ့ သုံးတာရှိကြောင်း ပြောတော့ မှတ်သားလိုက်ရတယ်"

“ကဲ... နားကြရအောင်”

မြန်မာ့အလင်း