မြန်မာနိုင်ငံ ဓာတ်ပုံအသင်းမှ MY BEAUTIFUL RAKHINE ဓာတ်ပုံပြိုင်ပွဲအား စတင်မိတ်ဆက်

နေပြည်တော် ၂၄ ဒီဇင်ဘာ

 

ရန်ကုန် - ၂၁ ဒီဇင်ဘာလ ၂၀၁၈ ခုနှစ် - မြန်မာနိုင်ငံ ဓာတ်ပုံအသင်း နှင့် MSR ၊ ပါရမီ ၊ JTB ၊ Blue Ocean နှင့် Mango Group တို့ ဦးဆောင်သည့် စုပေါင်းကုမ္ပဏီများမှ လက်တွဲပူးပေါင်းပြီး My Beautiful Rakhine ဓာတ်ပုံပြိုင်ပွဲကို စတင်လုပ်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံရှိ ဝါသနာရှင်များ၊ ပညာရှင်များ၊ ကျောင်းသားကျောင်းသူ ဓာတ်ပုံဆရာများ အပါအဝင် တီထွင်ဆန်းသစ်လိုစိတ်ရှိသူများ အားလုံးကို ရခိုင်ပြည်နယ်ရှိ လှပသော ကမ်းခြေများ၊ လယ်ယာမြေများ နှင့် ရှေးဟောင်းအမွေအနှစ်    နေရာများ၏ ပုံရိပ်များကို ပြိုင်ပွဲမှတဆင့် မျှဝေပေးရန် ဖိတ်ခေါ်ထားသည်။

 

“ကျွန်တော်တို့အနေနဲ့ ဓာတ်ပုံပြိုင်ပွဲကို အားလပ်ရက်တွေမတိုင်ခင်မှာ စတင်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းကတော့ မြန်မာနိုင်ငံမှာ နေထိုင်ကြသူတွေအားလုံးကို ရခိုင်ပြည်နယ်ရဲ့ လူသိနည်း     နေသေးတဲ့ ရှုထောင့်၊ အသွင်အပြင်တွေကို သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ဖြစ်ပါတယ်” ဟု MSR မြန်မာမှ ဦးကျော်လှိုင်က ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်မှာ လူအများသတိမထားမိသေးတဲ့ အခွင့်အလမ်းကောင်းတွေ၊ အများစု မမြင်တွေ့ဖူးသေးတဲ့ ထူးခြားပြီး ရင်သပ်ရှုမောရလောက်တဲ့ သဘာဝရေမြေတောတောင် အလှတွေလည်း များစွာရှိပါတယ်။ ရှေးဟောင်းအမွေအနှစ် နေရာတွေ ပေါများကြွယ်ဝတဲ့ မြောက်ဦးမြို့က အစပြုလို့ စိမ်းလန်းတဲ့ လယ်ကွင်းတွေ၊ မြန်မာနိုင်ငံရဲ့  နာမည်ကျော်ကြားတဲ့ ကမ်းခြေတွေထဲက တစ်ခုဖြစ်ပြီးတော့ ၂၀၁၈ ခုနှစ် ခရီးသွားများ  ရွေးချယ်ပေးထားတဲ့ TripAdvisor ရဲ့ ကမ္ဘာ့အကောင်းဆုံး ကမ်းခြေများ စာရင်းဝင် ငပလီကမ်းခြေတို့လည်း ရှိပါတယ်။ ဒါကြောင့်မု့ိ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်ကို ခရီးသွားမယ့် သူတွေ၊ လက်ရှိ ဒီပြည်နယ်ထဲမှာ နေထိုင်သူတွေအားလုံးကို ပါဝင်ကြဖို့နဲ့ ရခိုင်ပြည်နယ်ရဲ့ လူသိများ ကျော်ကြားတဲ့ လည်ပတ်စရာနေရာဒေသတွေ၊ နောက်ပြီး ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို မျှဝေပေးကြဖို့ တိုက်တွန်းလိုပါတယ်။”

 

၁၉၅၀ ခုနှစ်မှ စတင်ခဲ့ပြီး မြန်မာနိုင်ငံ ဓာတ်ပုံအသင်းသည် ဓာတ်ပုံဆရာများကို အကောင်းဆုံး ရုပ်ထွက်များ ရရှိဖန်တီးနိုင်ကြစေရန် ကူညီပေးလျက်ရှိပြီး ပြိုင်ပွဲပေါင်းမျာစွာကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဓာတ်ပုံအသင်းသည် ပြိုင်ပွဲကျင်းပမှု အတွေ့အကြုံ များစွာကို ပိုင်ဆိုင်ထားခြင်းကြောင့် ယခုကဲ့သို့ ဓာတ်ပုံပြိုင်ပွဲကို ကောင်းမွန်စွာကျင်းပ ဆောင်ရွက်နိုင် ခြင်းဖြစ်ပြီး ဓာတ်ပုံအရည်အသွေး ပိုမိုတိုးတက်မြင့်မား လာစေရန်နှင့် ရခိုင်ပြည်နယ်၏ သစ်လွင်သော ရှုထောင့်များကို အကောင်းဆုံး ဖော်ထုတ်ပေးသွားနိုင်မည့် ဓာတ်ပုံများကိုလည်း အကဲဖြတ်ပေးသွား နိုင်မည်ဖြစ်သည်။

 

“မြန်မာနိုင်ငံကသူတွေအနေနဲ့ ဓာတ်ပုံရိုက်တာကို ပိုပြီး စိတ်ဝင်စားလာကြတယ်၊ ပြည်တွင်း၊ ပြည်ပ နှစ်ခုစလုံးကိုလည်း ပိုပြီး ခရီးသွားလာကြတာကို မြင်တွေ့ရပါတယ်။ ခရီးသွားပြီဆိုရင်လည်း သွားတဲ့ နေရာဒေသ၊ အထူးသဖြင့် သဘာဝအလှတရားကို ဖော်ကျူးတဲ့ ဓာတ်ပုံတွေကို မျှဝေလာကြတယ်။ ဒီလို ဓာတ်ပုံပိုင်းဆိုင်ရာမှာ အရည်အချင်းရှိတဲ့သူတွေ ပိုမိုများပြားလာတာကို မြင်တွေ့ရတဲ့အတွက်လည်း အင်မတန် ဝမ်းသာမိပါတယ်။ နောက်ပြီး ဓာတ်ပုံပညာရပ်ကိုလည်း ထဲထဲဝင်ဝင်  လေ့လာလိုက်စား လာစေဖို့အတွက်လည်း ဆက်လက်လုပ်ဆောင်လိုပါတယ်။” ဟု မြန်မာနိုင်ငံ ဓာတ်ပုံအသင်းမှ ဦးကျော်ကျော်ဝင်းက ပြောကြားခဲ့သည်။

 

ပြိုင်ပွဲဝင်ဓာတ်ပုံများအားလုံးသည် ပိုင်ရှင်ကိုယ်တိုင်မှ ရိုက်ယူထားပြီး ၁၀၀ ရာခိုင်နှုန်း စစ်မှန်၊ မှန်ကန်မှု ရှိရမည် ဖြစ်ကာ အနည်းဆုံး 12 megapixels ကြည်လင်ပြတ်သားမှု အရည်အသွေး ရှိရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်များအနေဖြင့် ပါဝင်ရန် နည်းလမ်း နှစ်သွယ်ရှိပြီး တစ်ခုမှာ ၎င်းတို့၏ လူမှုကွန်ရက် အကောင့်များ (Publicly) တွင် hashtag နှစ်ခုဖြစ်သော (#mybeautifulrakhine, #mpsrakhine) ဖြင့် တင်ခြင်း (သို့မဟုတ်) ပြိုင်ပွဲFacebook Messenger သို့ ဓာတ်ပုံခေါင်းစဉ် နှင့် အခြားသော အချက်အလက်များ ( အမည်၊ နေရပ်လိပ်စာ၊ အသက်၊ မှတ်ပုံတင်နံပါတ်) စသဖြင့် ပေးပို့၍လည်း ပါဝင်နိုင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်များအနေဖြင့် ဓာတ်ပုံကို အကောင်းဆုံးရည်ညွှန်းဖော်ပြနိုင်သော စာကြောင်းတစ်ကြောင်းလည်း ပါရှိရမည်ဖြစ်သည်။

 

ပေးပို့လာသော ပြိုင်ပွဲဝင်ဓာတ်ပုံများအားလုံးကို မြန်မာနိုင်ငံ ဓာတ်ပုံအသင်းမှ ခန့်အပ်ထားရှိသော ကျွမ်းကျင်ဓာတ်ပုံဆရာများ ပါဝင်သည့် အကဲဖြတ်ဒိုင်အဖွဲ့မှ စိစစ်ရွေးချယ်သွားမည်ဖြစ်သည်။ ထို့အပြင် ငွေသားဆုများအနေဖြင့် ပထမဆုအား ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုအား ငွေကျပ် ၅ သိန်း၊ တတိယဆု နှစ်ဆုအား ငွေကျပ် ၂ သိန်းခွဲစီနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို ပြိုင်ပွဲ၏ Facebook စာမျက်နှာပေါ် နှင့် ပြိုင်ပွဲဝက်ဘ်ဆိုဒ်ဖြစ်သော Mymyanmar.com တွင် မျှဝေသွားမည် ဖြစ်သည်။ ပြိုင်ပွဲအား ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ၊၂၀၁၈ ခုနှစ်မှစ၍ ဇန်နဝါရီလ ၂၄ ရက်နေ့၊ ၂၀၁၉ ခုနှစ်အထိ ပါဝင်ယှဉ်ပြိုင်သွားနိုင်မည်ဖြစ်သည်။

 

ခင်ရတနာ