မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော် အကြို အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် မြန်မာ နိုင်ငံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ပွဲတော် အကြို အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင်  ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)ရုံး၌ ကျင်းပသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော်အကြို အခမ်းအနားကို  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပါမောက္ခဒေါက်တာ အောင်ထွန်းသက် နှင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးယောဆက်တို့က စက်ခ လုတ် နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပမည့် မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ပွဲတော် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကျင်းပခြင်းကြောင့် တိုင်းရင်းသားမျိုးနွယ်စုများ အားလုံးယခင်ထက်ပို၍ စည်းလုံး ညီညွှတ်စွာဖြင့် အတူတကွပူးပေါင်းဆောင်ရွက်နိုင်ကြရန်  များစွာ မျှော်လင့် မိပါကြောင်း။ 

 

 “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်သည် တိုင်းရင်းသား စီးပွားရေးလုပ်ငန်း များသာမက တိုင်းရင်းသားများ၏ ရိုးရာ၊ ယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်းများ၊ တိုင်းရင်းသားဒေသ အစားအစာ ထုတ်ကုန်များအားလုံးကို မြန်မာနိုင်ငံ တစ်ဝန်း သာမက နိုင်ငံတကာကပါ သိရှိလာနိုင်မည့် အခွင့်အရေးကို မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ဖော်ဆောင်ပေးသည့်အပြင် ဝန်ကြီးဌာန၏ ရည်ရွယ်ချက် များကိုလည်း တစ်ဖက်တစ်လမ်းမှ ပူးပေါင်းအကောင်အထည်ဖော်ပေး သည့်အတွက် မိမိအနေဖြင့် မှတ်တမ်းတင်အထူး ကျေးဇူးတင်ရှိပါကြောင်း။

 

ယခုလိုပွဲမျိုးကို ရန်ကုန်မြို့တွင်သာမက အခြားတိုင်းရင်းသား ဒေသအသီးသီး၌ လည်း စည်စည်ကားကား ကျင်းပနိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနကလည်း ဝိုင်းဝန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားလုပ်ငန်းရှင်အသင်းကလည်း ဦးစီးဦးဆောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး အနေ အထားအရ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ တိုင်းရင်းသားများအနေဖြင့် ယခင်က ယခုလို ဆောင်ရွက်ရန် အခွင့်အရေးမရှိခဲ့ကြသော်လည်း ယခုရရှိလာသည့် အခွင့်အရေးများအပေါ် မိမိရရဆုပ်ကိုင်ပြီး တိုင်းရင်းသားများ၏ အကျိုးစီးပွားကို မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဦးစီးဦးဆောင် ဆောင်ရွက်သွားမည် ဆိုပါက မိမိတို့လိုချင်တောင်းတနေသည့် ထာဝရငြိမ်းချမ်းရေးကို အထောက်အကူပြု အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

 

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်မှ တစ်ဆင့် ငြိမ်းချမ်းရေးအား အထောက်အကူပြုပေးနိုင်ရန်သာမက ဒေသအသီးသီးတွင် ရှိကြသည့် တိုင်းရင်းသားတို့၏ လှပသော တောင်တန်းများ၊ ရိုးရာအကအလှနှင့် ယဉ်ကျေးမှုဓလေ့များကို မြန်မာနိုင်ငံတစ်ဝှမ်းသာမက ကမ္ဘာကပါ သိရှိနိုင်ရန် အတွက် အင်တိုက်အားတိုက် ဆောင်ရွက်ပေးသွားကြရန် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ကိုတိုက်တွန်းနှိုးဆော်ပါကြောင်း၊ အသင်းကြီးအနေဖြင့် တိုင်းရင်းသားများ၏ အကျိုး စီးပွားကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်ရန်နှင့် အဓွန့်ရှည်သော အောင်မြင်မှု နှင့်အတူအမြဲရပ်တည်ပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် မိမိတို့ ဝန်ကြီးဌာန အနေဖြင့် တက်စွမ်းသလောက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က  ယခုပွဲတော်ကျင်းပ သည့် အတွက် ခရီးသွားလုပ်ငန်းများကို အထောက်အကူပြုမည်ဖြစ်သည့် အပြင် တိုင်းရင်းသားများ၏ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးရာရောက်ပါကြောင်း၊  မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းသည်  တိုင်းရင်းသားများ၏ ဒေသထွက်ကုန်များနှင့် သစ်သီးဝလံများကို တမူဆန်းသစ်စွာဖြင့် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ဆောင်ရွက်နေသော အသင်းဖြစ်သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် လက်တွဲပြီး ထုတ်ကုန်မြှင့်တင်ရေး လုပ်ငန်းစီမံချက်များကို ပူးတွဲ အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုသည့်အချက်သည် မဖြစ်မနေလုပ်ဆောင် ရမည့် အချက်ဖြစ်ပြီး တိုင်းရင်းသားများ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ၏ငြိမ်းချမ်းရေးသည်လည်း ပိုမိုထင်ရှားလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအေးဝင်းတို့က ဂုဏ်ပြုအမှာ စကား ပြောကြားကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးမင်းဗညားစန်းက မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

 

ဆက်လက်၍ Black Knight Media မှ Assistant Manager ဦးသန်းထိုက်သူ က Myanmar Ethnics Culture Fest ၏ Brandind Development နှင့် စပ်လျဉ်း၍ လည်းကောင်း၊ The One Media မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ကုံလုံက Myanmar Ethnics Culture Fest အခြေခံအဆောက်အဦများ ပြင်ဆင်ခြင်းနှင့် လုပ်ငန်းစဉ်များ အကြောင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ Myanmar Ethnics Culture Fest ဖျော်ဖြေရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ K ဂျာနူး က Music Concept လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဖျော်ဖြေရေးဆပ်ကော်မတီ အတွင်းရေးမှူး မရန်ဆိုင်းနော် က Miss Ethnic Myanmar 2019 ရွှေးချယ်ရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ အသင်းတွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော် က Myanmar Ethnics Culture Fest အတွက် Sponsor Type and Benefit တို့နှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယနေ့အခမ်းအနားသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ မြန်မာနိုင်ငံ တိုင်းရင်း သားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ အသင်းသား၊ အသင်းသူများ၊ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။ 

 

 မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပမည့် မြန်မာ နိုင်ငံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ပွဲတော် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကို ကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသား လူမျိုးများ၏ နေထိုင်ရာ ဒေသနှင့် ရိုးရာအဆောက်အဦများ၊ ဒေသ အသီးသီး၏ ခရီးသွားလုပ်ငန်းဆိုင်ရာ စိတ်ဝင်စား ဖွယ်ရာများကို လေ့လာနိုင်ရန်၊ တိုင်းရင်း သားမျိုး နွယ်စုများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို သိရှိနိုင်ရန်နှင့် ဒေသထုတ်ကုန်များ၊ တိုင်းရင်းသား ရိုးရာအဝတ်အထည်များအား ပိုမိုစိတ်ဝင်စား လာရန်၊ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းစု နှင့် လုပ်ငန်းရှင်များအကြား ပိုမိုထိတွေ့ ရင်းနှီးလာပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် နိုင်ရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် အထောက်အကူပြုသွားနိုင်ရန် ဖြစ်ကြောင်း သိရှိရသည်။ 

 

ယင်း “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကို  ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ ၂၉ ရက်အထိ ကျိုက္ကဆံကွင်းတွင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

(သတင်းစဉ်)