မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌ တာချီလိတ်မြို့နယ်သဘင်အစည်းရုံးဝင်များနှင့် တွေ့ဆုံ

တာချီလိတ် ၂၅ အောက်တိုဘာ

 

မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌ မြို့ရွှေမန်းသားဖိုးချစ်နှင့် တာချီလိတ်မြို့နယ်သဘင်အစည်းရုံးဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက တာချီလိတ်မြို့ ရှမ်းရိုးမကွင်း ကဇာတ်ရုံတွင်ကျင်းပရာ သဘင်အစည်းအရုံးဝင် မျိုးဆက်သစ်လူငယ်များမှ “ အမျိုးသားရေးအတွက် သဘင်”တေးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

 

ထို့နောက် မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံးဥက္ကဋ္ဌ ဦးဖိုးချစ်က သဘင်အစည်းအရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သဘင်အနုပညာရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘင်အစည်းအရုံးနှင့် သဘင်အနုပညာရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်အကောင်အထည်ဖော် လျက်ရှိသည့် ရှေ့လုပ်ငန်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားပြီးနောက် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်မှ မုဒိတာစကားပြောကြားဂုဏ်ပြုသည်။

 

ဆက်လက်ပြီး တာချီလိတ်မြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်/အားနည်းချက်နှင့် လိုအပ်ချက်များအား တင်ပြဆွေးနွေးရာ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် တာချီလိတ်မြို့နယ် သဘင်အစည်းအရုံးဝင် မျိုးဆက်သစ်လူငယ်များမှ မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌ အား ရိုးမဖိတ်ခေါ်သံတေးသီချင်းဖြင့် ကပြဖျော်ဖြေကာ ဝါကျွတ်ဂါရဝပြုကြပြီး မြို့ရွှေမန်းသားဖိုးချစ်ဇာတ်သဘင်အဖွဲ့မှ တာချီလိတ်မြို့နယ်သဘင်အစည်းအရုံးအတွက် ရန်ပုံငွေကျပ် ၁၀ သိန်း ပေးအပ်လှူဒါန်းခဲ့သည်။

 

မောင်ယဉ်ကျေး