မြန်မာ့ရိုးရာ ပန်းဆယ်မျိုး လက်မှုအနုပညာ ပစ္စည်းများ ပြပွဲတွင် ပုဂံယွန်းပညာကောလိပ်မှ ယွန်းပြုလုပ်ပုံအဆင့်ဆင့်အား ခင်းကျင်းပြသ

မန္တလေး  ၂၁   ဒီဇင်ဘာ

 

မန္တလေးမြို့၊ မင်္ဂလာမန္တလေးတွင် စတုတ္ထအကြိမ်မြောက် အသေးစားစက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်း(၁၀)မျိုး လက်မှုအနုပညာပစ္စည်းများ ထုတ်ကုန်ပစ္စည်းပြပွဲ နှင့် ဈေးရောင်းပွဲကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ (၃) ရက်ကြာ ကျင်းပလျက်ရှိရာ အဆိုပါပြပွဲ၌ မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်မှုအနုပညာတွင် တစ်ခုအပါအဝင်ဖြစ်သော ပန်းယွန်းပြုလုပ်ပုံအဆင့်ဆင့်အား ခင်းကျင်းပြသလျက် ရှိပြီး စိတ်ဝင်တစား လာရောက်လေ့လာသူ များပြားလျက်ရှိကြောင်း သိရသည်။

 

ဒီပြပွဲမှာ ယွန်းထည်ပစ္စည်းပြုလုပ်ပုံအဆင့်ဆင့်ကို လာရောက်ပြသတာပါ၊ ယွန်းထည်က ဝါးနဲ့သစ်ကို အခြေခံပြုလုပ်ရပြီး ပြုလုပ်ပုံအဆင့်ပေါင်း (၃၀)ရှိပါတယ်၊ ဒီမှာတော့ ဘာသရပ်အခွဲလိုက် ပြသထားတာ ဖြစ်ပါတယ်၊ ပထမဦးဆုံးဝါးခွေတာကို ပြသထားပါတယ်၊ အဲဒီနောက် အဖြူထည်ကိုမှ သစ်စေးသုတ်ပြီးမှ ယွန်းထည်ဖြစ်တာပါ၊ အဖြူထည်ကို သစ်စေးသုတ်ပြီး မြေတိုက်ထဲထားကာ ခြောက်တာနဲ့ နောက်တစ်ခါ ပြန်ဆင့် အထပ်ထပ်အဆင့်ဆင့် အဆင့်ပေါင်း (၃၀)လောက်ပြုလုပ်ရတာပါ၊ ထို့နောက် အဖြူထည် ပြုလုပ်ခြင်း၊ အနက်ထည်ပြုလုပ်ခြင်းများပြီးရင် Decorations များ ပြုလုပ်ခြင်းပါ၊ အဲဒီမှာ ကညစ်ယွန်းပြုလုပ်ခြင်း၊ ရွှေဇဝါယွန်းပြုလုပ်ခြင်းနှင့် သစ်ရိုးပန်းကြွယွန်း ပြုလုပ်ခြင်း ဟူ၍ သုံးမျိုးရှိပါတယ်၊ ကညစ်ယွန်းပြုလုပ်ခြင်းကတော့ အနက်ထည်ကိုမှ သံစုပ်နဲ့ရေးထိုးပြီး လက်တန်းကညစ်ပုံတွေ ရေးဆွဲကာ ဆေးသွင်းတဲ့ပညာဖြစ်ပါတယ်၊ ရွှေဇဝါယွန်းပြုလုပ်ပုံကတော့ အနက်ထည်ကိုမှ  ကလောင်တံကို ဆေးဝါနဲ့ရေးချပြီး ရွှေချတဲ့ပညာဖြစ်ပါတယ်၊ သစ်ရိုးပန်းကြွယွန်းပြုလုပ်ပုံကတော့ သစ်စေးနဲ့ပြာရောကာ ကြိုးလေးများဖြင့်ပြုလုပ်ပြီး မိုနဲ့ပုံစံအမျိုးမျိုး ဖော်ကာပြုလုပ်ရကြောင်း၊ ဒါ့အပြင်တီထွင်စမ်းသပ် ဖန်တီးထားတဲ့ ပစ္စည်းများကိုလည်း ခင်းကျင်းပြသထားကြောင်း၊ စိတ်ပါဝင်စားသူမည်သူမဆိုလာရောက် လေ့လာနိုင်ကြောင်း၊ ပုဂံယွန်းပညာကောလိပ် မှ ဒုတိယကျောင်းအုပ်ကြီး ဒေါ်စုစုခိုင် က ပြောပြသည်။

 

ယွန်းပညာဆိုတာ မြန်မာ့ရိုးရာပန်းဆယ်မျိုးထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့အတွက် ဒီပန်းယွန်းပညာ မတိမ်ကော မပပျောက်အောင် ထိန်းသိမ်းရင်း ခေတ်မီနည်းစနစ်များဖြင့် တီထွင်ဖန်တီးပြီး ပြည်သူအများ သုံးစွဲနိုင်အောင်၊ ပြည်တွင်းပြည်ပဈေးကွက်များကို ထိုးဖောက်ဝင်ရောက်နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါပြပွဲတွင် မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်မှုအနုပညာများဖြစ်သော ပန်းချီ၊ ပန်းပု၊ ပန်းပဲ၊ ပန်းရံ၊ ပန်းထိမ်၊ ပန်းပွတ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့နှင့် ပန်းယွန်း အစရှိသော မြန်မာ့ရိုးရာ လက်မှုအနုပညာပစ္စည်းများ စုံစုံလင်လင် ခင်းကျင်းပြသထားပြီး စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် အခြားဒေသထွက်ကုန်ပစ္စည်းများ စုစုပေါင်းပြခန်း (၁၂၅)ခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြသ ရောင်းချလျက်ရှိရာ မည်သူမဆို လာရောက်လေ့လာ ဝယ်ယူနိုင်ကြောင်း သိရသည်။

 

သန်းဇော်မင်း (ပြန်/ဆက်)