မွန်ပြည်နယ်အတွင်း ကရင်တိုင်းရင်းသားရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲများ ကျင်းပရန် ပြည်နယ်အစိုးရမှ ငွေကျပ် သိန်း ၅၅၀ ထောက်ပံ့မည်

သထုံ  ၁၇   သြဂုတ် 

 

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတို့တွင် ယခုနှစ်၌ကျင်းပကြမည့် ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲများ ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် သိန်းပေါင်း ၅၅၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

တိုင်ရင်းသားများ၏ ရိုးရာပွဲတော်များကို အသိအမှတ်ပြုသည့်အနေဖြင့်သော်လည်းကောင်း ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားများအား မြို့ပေါ်နှင့် ကျေးလက်များပါမကျန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် အားပေးကူညီ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

 

 

“ငွေကတော့ သက်ဆိုင်ရာနေရာအလိုက်ပြုလုပ်တဲ့ အခမ်းအနားတွေရဲ့ ကုန်ကျစရိတ်အတွက် လုံလောက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကရင်လူမျိုးတွေရဲ့ ရိုးရာအစဉ်အလာပွဲတစ်ခုကို အစိုးရက အသိအမှတ် ပြုပေးတာပါ” ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ပြောသည်။

 

မွန်ပြည်နယ်အတွင်း ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်များကို ဝါခေါင်လဆန်းပိုင်းမှ စတင်ကာ ဒေသအလိုက် အစုအဖွဲ့အလိုက်ကျင်းပလေ့ရှိပြီး ကရင်တိုင်းရင်းသား ဘိုးဘွား၊ မိဘ၊ ဆွေမျိုးများအားလုံး စုစည်းညီညွတ်မှုရှိစေရန်၊ အကြောင်းအမျိုးမျိုးကြောင့် မိသားစုဝင်များ လျော့ပါးသွားခြင်း နာနာဘာဝများနှင့် သားသမီးမြေးမြစ်များအား ခွဲခြားနိုင်စေရန် လက်ချည်သည့် ဓလေ့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

 

“ခုလိုထောက်ပံပေးတာက ဝမ်းသာရမှာပါ။ အစိုးရအဖွဲ့အနေနဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုကို အသိအမှတ်ပြု အလေးထားလာတယ်လို့မြင်ပါတယ်။ ပမာဏအားဖြင့်တော့ နည်းပေမယ့် ဒီလိုအားပေးတဲ့အတွက် ကျေးဇူးတင်ရမှာပါ” ဟု သထုံမြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ နာယက ဦးစောစံတင်က ပြောသည်။

 

မွန်ပြည်နယ်အတွင်း မြို့နယ်တစ်ခုတွင် မြို့နယ်အဆင့် ကျင်းပနိုင်ရန် ၁၅ သိန်းကျပ်နှုန်းနှင့် ကျေးရွာအလိုက် ကျင်းပမည့်နေရာတစ်ခုလျှင် ၃၅၀ဝ၀ ကျပ်နှုန်းတို့ဖြင့် မြို့နယ်အဆင့် ၁၀ နေရာ၊ ကျေးရွာအဆင့် ၁၂၅ နေရာတို့အား ပြည်နယ်အစိုးရအဖွဲ့မှ ယခုနှစ် ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲများ ကျင်းပနိုင်ရေး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်ဦး(သထုံ)