မန်းရွှေစက်တော်ဘုရားပွဲတွင် ယာဉ်ရပ်နားခကောက်ခံသည့်စနစ်ကို ဖျက်သိမ်းမည်

မင်းဘူး ၁၀  ဇန်နဝါရီ


 
လာမည့် ဖေဖော်ဝါရီ ၉ ရက်မှစတင်ကာ ရက်ပေါင်း ၇၀ ခန့် ကျင်းပသွားမည့် မန်းရွှေစက်တော်ဘုရားပွဲ၌ ယာဉ်ရပ်နားခ ကောက်ခံသည့်စနစ်ကို ယခုနှစ်မှစ၍ ဖျက်သိမ်းသွားမည်ဖြစ်သည့်အတွက် ပွဲတော်လာယာဉ်များ ရပ်နားခပေးဆောင်ရတော့ မည် မဟုတ်ကြောင်း ရွှေစက်တော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

 

2

 

“ မနှစ်က ကားကြီးကွင်း လေလံရရှိသူတွေက ယာဉ်အပ်နှံကြေးရအောင် ဘုရားပွဲတော်အဝင်ပေါက်မှာ ဂိတ်တွေထားပြီး ငွေကောက်ခံမှုရှိလို့ ဘုရားဖူးပြည်သူတွေ စိတ်အနှောက်အယှက် ဖြစ်ခဲ့ကြတာကြောင့် ဒီနှစ်ကားကြီးကွင်း(၂)ကွင်း အတွက် လေလံမခေါ်တော့ဘူး။ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ရအောင် တစ်လမ်းမောင်းစနစ်နဲ့ ဆောင်ရွက်သွားဖို့တွေကို လျာထားပါတယ် ” ဟု မကွေးတိုင်းအစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 

ဘုရားပွဲတော်ကျင်းပရေးအတွက် အနီးကပ်ကြီးကြပ်နိုင်ရန် လုပ်ငန်းကော်မတီဥက္ကဌအဖြစ် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ၊ အတွင်းရေးမှူးအဖြစ် ခရိုင်ရဲတပ်ဖွဲ့မှူးတို့က အသီးသီးတာဝန်ယူကာ ဌာနဆိုင်ရာများ ပါဝင်သော လုပ်ငန်းဆိုင်ရာ ကော်မတီနှင့် ဆပ်ကော်မတီ ၉ ခုဖြင့် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ကားရပ်နားခွင့်လေလံမပါတော့သည့်အတွက် ယာဉ်ရပ်နားခွင့်လည်း ကောက်တော့မည်မဟုတ်ကြောင်း ဂေါပကအဖွဲ့ မှ သိရသည်။

 

“ ယာဉ်ကြော မပိတ်ဆို့ဖို့တော့ တစ်လမ်းမောင်းစနစ် လုပ်မယ်။ အောက်စက်တော်ရာနားကနေ အထူးတံတားအထိ ယာဉ်တွေကိုတော့ လာရာလမ်းအတိုင်း ပြန်သွားခွင့်ပေးမယ်။ အထူးတံတားကျော်ပြီးတော့ အထက်ဘက်နမ္မဒါတို့ အပိုင်းကျတော့ ဒီဘက်ကို ပြန်မလာတော့ဘဲ ဘုရားပွဲတော် နောက်ကျောလမ်းကနေ ပတ်လမ်းဖောက်ပေးထားတယ်။ အဲဒီဘက်ကနေ ထွက်ရမယ်။ ယာဉ်အပ်နှံခမကောက်တော့ဘဲ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် စီမံပေးသွားမယ်။ တည်းခိုဆောင်တွေရှေ့မှာ လည်း ယာဉ် နှစ်စီးကနေ သုံးစီးအထိပဲ ခွင့်ပြုတော့မယ် ”ဟု ဂေါပကအဖွဲ့ ဥက္ကဌဦးသန်းထွန်းက ပြောသည်။

 

တည်းခိုခန်းခဈေးနှုန်း များမြင့်တက်ခြင်း၊ ဘုရားပွဲတော်ဝင်ပေါက်တွင် ဂိတ်ထားရှိ၍ ယာဉ်အပ်နှံခကောက်ခံခြင်း တို့ကြောင့် ဘုရားဖူးပြည်သူများ စိတ်အနှောက်အယှက်ဖြစ်ရသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ၊ ရွှေကြိုဟုခေါ်သည့် ဧည့်ကြိုများ ကြောင့် တည်းခိုဆောင်ဈေးနှုန်း ကြီးမြင့်မှုမဖြစ်စေရန် ဧည့်ကြိုထားရှိသည့်စနစ်ပျောက်သွားအောင် လုပ်ဆောင်သွားရန် အစီအစဉ် ရှိကြောင်း တာဝန်ရှိသူများထံ မှ သိရှိရသည်။

 

ဇေယျတု(မကွေး)