မန္တလေး ရတနာမောလ် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲသို့ ပြည်တွင်း၊ ပြည်ပမှ ရတနာကုန်သည် တစ်သောင်းခန့် ဖိတ်ကြားထား

မန္တလေး ၁၀ ဇန်နဝါရီ

မန္တလေးမြို့တွင် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ပထမအကြိမ်အဖြစ် ကျင်းပမည့် မန္တလေး ရတနာမောလ် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲသို့ ပြည်တွင်း၊ ပြည်ပမှ ရတနာကုန်သည် တစ်သောင်းခန့် ဖိတ်ကြားထားကြောင်း ရတနာမောလ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းဝင်းက ဇန်နဝါရီ ၁၀ ရက်တွင် ပြုလုပ်သည့် ပြပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

''နိုင်ငံတကာက ကျောက်မျက်ရတနာ ကုန်သည်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားချက်နဲ့အညီ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ အကူအညီနဲ့ မိတ်ဖက်သံရုံးတွေကနေတစ်ဆင့် ဖိတ်ကြားထားပါတယ်။ ဒါ့အပြင် နိုင်ငံတော်အပိုင်းကလည်း တိုက်ရိုက်ဖိတ်ကြားပေးမှုတွေရှိသလို ကျွန်တော်တို့အပိုင်းကလည်း လွန်ခဲ့တဲ့ သုံးလကတည်းက နိုင်ငံတကာ ပြပွဲတွေဆီကို သွားရောက်ပြီး ကုန်သည်တွေလက်ထဲအရောက် ဖိတ်စာတွေပေးပြီး ဖိတ်ကြားခဲ့ပါတယ်။ လက်ရှိ ဖိတ်ကြားထားတဲ့ စာရင်းအရတော့ ပြည်တွင်း၊ ပြည်ပ ကုန်သည်ပေါင်း တစ်သောင်းနီးပါး ဖိတ်ကြားထားပြီး ဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။

အဆိုပါပြပွဲတွင် ထူးခြားချက်အနေဖြင့် ကျောက်စိမ်းနှင့် လက်ဝတ်ရတနာ အချောထည်များအား one stop service ဖြင့် ရောင်းချခွင့်ကို နိုင်ငံတော်အစိုးရမှ ခွင့်ပြုပေးခဲ့ရာ အဆိုပါ ခွင့်ပြုချက်ကြောင့် ရောင်းချသူများမှ တရားဝင် ဝင်ငွေများ ရရှိမည့်အခွင့်အရေးများအပြင် နိုင်ငံတော်အစိုးရမှလည်း အခွန်ငွေများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

''one stop service စနစ်ကို နိုင်ငံတော်ပိုင်းက ခွင့်ပြုပေးလိုက်တဲ့အတွက် နိုင်ငံတော်အတွက် အခွန်ပြည့်အဝရသလို ရောင်းချသူဘက်မှလည်း အခွန်ဆောင်လိုက်ရတဲ့အတွက် တရားဝင်ငွေတွေ ရရှိသွားမှာဖြစ်ပါတယ်။ နောက်ထူးခြားတာကတော့ ဒီပြပွဲမှာ ကျောက်စိမ်းပန်းပု၊ ကျောက်မျက်ပန်းချီနဲ့ အချောထည် လက်ဝတ်ရတနာတွေကို မြန်မာ့လက်မှုပညာစစ်စစ်နဲ့ ဒီဇိုင်းပုံစံ အမျိုးမျိုး ထုဆစ်ပြီး ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲအစီအစဉ်တွေလည်း ထည့်သွင်းတဲ့အပြင် ကျောက်မျက်ပညာရှင်တွေရဲ့ ဟောပြောမှုတွေလည်း ပါဝင်ပါတယ်။ ပြပွဲအပြင်အဆင်ကိုလည်း ယဉ်ကျေးမှုမြို့တော်နဲ့အညီ ဖြစ်အောင် ထူးခြားတဲ့ မြန်မာမှုဒီဇိုင်း လက်ရာများနဲ့ ပြင်ဆင်ခင်းကျင်းထားမှာ ဖြစ်တဲ့အတွက် လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်''ဟု ရတနာမောလ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်မြတ်မြတ်ခိုင်က ပြောသည်။

မန္တလေး ရတနာမောလ် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲကို နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့်အတူ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းနှင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ၆ သင်းတို့၏ အဓိကကူညီပံ့ပိုးမှုများ၊ ရတနာမောလ် ကျောက်မျက်ရတနာ ဈေးသူ၊ ဈေးသားများ၏ ထောက်ပံ့ကူညီမှုများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

''မန္တလေးမြို့မှာ ကျောက်စိမ်းမျိုးစုံရောင်းချတဲ့ ကျောက်မျက်ဈေးကြီးလည်း ရှိတဲ့အပြင် မိုးကုတ်၊ ဖားကန့် စတဲ့ ကျောက်စိမ်းရတနာတွေ ထွက်ရှိတဲ့ ဒေသတွေနဲ့လည်း နီးစပ်တဲ့မြို့ဖြစ်တဲ့အတွက် ဒီလို နိုင်ငံတကာပြပွဲကြီး ဒီမြို့မှာ အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ကျွန်တော်တို့အသင်းအနေနဲ့ ပါဝင်ကြိုးစားခဲ့ပါတယ်။ ရတနာမောလ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များကို ပြောကြားလိုတာက ဒီလိုပြပွဲမျိုး တစ်နှစ်ကို နှစ်ကြိမ် ကျင်းပပေးဖို့ တောင်းဆိုပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဦးအောင်ကြီးက ပြောသည်။

အဆိုပါပြပွဲကြီးကို ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်၊ ရတနာပုံစူပါစင်တာ ဒုတိယအလွှာရှိ Mandalay Yatanar Mall နိုင်ငံတကာ ကျောက်မျက်ရတနာဈေးကြီးတွင် ကျောက်မျက်အရောင်းဆိုင် ပြခန်းပေါင်း ၄၀ဝ ခန့် ပါဝင်ပြသကျင်းပမည့်အပြင် ဖျော်ဖြေရေးအစီအစဉ်များပါဝင်ပြီး ပြပွဲလာပြည်သူများအတွက် ရတနာမောလ် အမှတ်တံဆိပ်ပါ ဒင်္ဂါးပြား ၁၅ ပြားကို ကံစမ်းမဲဖောက်၍ လက်ဆောင်ပေးမည့် အစီအစဉ်များလည်း ထည့်သွင်းထားကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်

 

mdn