မန္တလေးအော်ပရာ

ဆူးငှက်

စစ်ပြီးခေတ်ကာလ၊ လွတ်လပ်ရေးကြို ကာလ၊ လွတ်လပ်ပြီးကာလ၊ ပါလီမန်ဒီမိုကရေစီ ကာလများက မန္တလေးမှာ ထုတ်ဝေခဲ့တဲ့ ပထမဦးပိုင်းသတင်းစာ၊ စာစောင်တွေဟာ လွတ်လပ်ရေးကြိုးပမ်းသူ မြန်မာ ပြည်သူလူထုဘက်ကလား၊ အုပ်စိုးသူနယ်ချဲ့ ဘက်ကလား...။ ဒီဘက် နှစ်ဖက်၊ ဂိုဏ်း နှစ်ဂိုဏ်းပဲရှိပါတယ်။ ဒီလိုပါပဲ။ လွတ်လပ်ရေးအကြို ကာလ၊ လွတ်လပ်ပြီးစ ကာလနဲ့ ပါလီမန်ဒီမိုကရေစီခေတ်ကာလများဆီကလည်း အလုပ်သမား၊ လယ်သမားလွတ်မြောက်ရေးဆိုတဲ့ တိုးတက်တဲ့ဘက်ကလား။ အုပ်စိုးသူ မြေရှင်ပဒေသရာဇ် အရင်းရှင်ဘက်ကလားဆိုတဲ့ ဘက် နှစ်ဖက်၊ ဂိုဏ်း နှစ် ဂိုဏ်းပဲရှိမှာပေါ့။

လမ်းပြကြယ်ရောင်

လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတော်ကလည်း ကုလသမဂ္ဂဝင်ခွင့်ရ...။ ဘန်ဒေါင်းမူ (၅)ချက်နဲ့ ဘက်မလိုက် အဖွဲ့ကြီးကိုလည်း ဦးဆောင်ဖွဲ့စည်းနိုင် စတဲ့ အရေးပါမျက်နှာပန်းပွင့်လာတာနဲ့အတူ အာရှ၊ အာဖရိက၊ လက်တင်အမေရိကရဲ့ လွတ်လပ်ပြီးစ နိုင်ငံများမှာ တက်ကြွအားတက်ဖွယ် အယူအဆသစ်နဲ့ နိုင်ငံ ထူထောင်ရေး အားကောင်းမောင်းသန်လှုပ်ရှားနေချိန်လည်း ဖြစ်နေတယ်။ ကိုလိုနီနယ်ချဲ့နဲ့ ဖက်ဆစ်ဝါဒကို၊ မကြောက်တရားတွန်းလှန်နိုင်ပြီး လွတ်လပ်စနိုင်ငံများရဲ့ စားဝတ်နေရေးနဲ့ အတွေးအခေါ်အားမာန်ကို ပေးစွမ်းနိုင်ခဲ့တဲ့ အယူအဆ၊ အတွေးအခေါ်က “လမ်းပြကြယ်ရောင်” ဖြစ်နေလေတော့ လွတ်လပ်စမြန်မာနိုင်ငံတော်ရဲ့ စာပေတွေမှာ ကြယ်ရောင်ရိပ်တွေ ဖျပ်ဖျပ်တောက်နေချိန်ကာလပေါ့။

အထက်ဗမာနိုင်ငံစာရေးဆရာအသင်း

ဒီအခါ စာနယ်ဇင်းလုပ်ငန်း အရှိန်ကောင်းနေဆဲ မန္တလေးမြို့ကြီးမှာလည်း ဂိုဏ်းနှစ်ဂိုဏ်းအနက်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ဦးထိပ်ထားတဲ့ ပြည်သူ့ဘက်တော်သား စာပေအသိုင်းအဝိုင်းဟာ စုစည်းညီညွတ်စွာနဲ့ စာပေလုပ်ငန်းတွေ တစ်ရှိန်ထိုးလုပ်ဆောင် နိုင်ခဲ့ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူ့ဒီမိုကရေစီရေး အလံတော်အောက်မှာ ညီညွတ်စွာနဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ညီညွတ်စွာနဲ့ စာပေဟောပြောပွဲ။ စာတမ်းဖတ်ပွဲတွေ ကျင်းပနိုင်ခဲ့တယ်။ ညီညွတ်စွာနဲ့ ပြည်သူ့ဘဝလေ့လာရေး စာပေလှုပ်ရှားမှုတွေ လှုပ်ရှား နိုင်ခဲ့တယ်။ ၁၉၆၀, ၆၁,၆၂ ၆၃ ကာလများ..။

အသင်းအဖွဲ့အစည်းပေါင်းစုံကို ချုပ်ငြိမ်းစေခြင်း

ပြောင်းလဲလာတဲ့ နိုင်ငံရေးစနစ်ကြောင့် ပုဂ္ဂလိက ပိုင်ဆိုင်မှုအခန်းကဏ္ဍတွေကို ပြည်သူပိုင်အဖြစ် အသွင်ပြောင်းခြင်းနဲ့အတူ အမျိုးသားစည်းလုံးညီညွတ်ရေးမူအရ အသင်းအဖွဲ့အစည်းပေါင်းစုံကို ချုပ်ငြိမ်းစေခြင်း ဖြစ်ရပ်များ နောက်ပိုင်း ၁၉၆၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ မန္တလေးရဲ့ တစ်စောင်တည်းသော ပုဂ္ဂလိကသတင်းစာအဖြစ် ကျန်ရစ်နေတဲ့ လူထုသတင်းစာလည်း ရပ်နားသွားတယ်။ အထက်ဗမာ(မြန်မာ)နိုင်ငံ စာရေးဆရာအသင်းလည်း ဖျက်သိမ်းလိုက်တယ်။ ကမ္ဘာအေးစာပေညီလာခံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ဖွဲ့တည်းသော စာရေးဆရာ အဖွဲ့အစည်းဖွဲ့ဖို့ စိတ်ကူးသန္ဓေတည်ခဲ့တယ်။

စာအုပ်ထုတ်ဝေမှု အလျင်မပြတ်ခဲ့

မန္တလေးမှာ သတင်းစာတွေမရှိတော့ပေမယ့် စာအုပ်တိုက်တချို့က စာအုပ်တွေထုတ်ဝေမှု အလျင်မပြတ်ခဲ့ပါ ဘူး။ အထူးသဖြင့် လူထုကြီးပွားရေး စာအုပ်တိုက်က ပြည်သူ့ဘဝ သရုပ်ဖော်စာပေတွေ၊ သမိုင်းမှတ်တမ်းတွေ၊ ပုံပြင်စာအုပ်တွေ အများဆုံးထုတ်ဝေခဲ့တဲ့အပြင် စာပေ  စာတမ်း၊ စာပေဝေဖန်ရေးနဲ့ ကဗျာစာအုပ်၊ ခရီးသွားဆောင်းပါးစာအုပ်တွေလည်း ထုတ်ဝေခဲ့ပါတယ်။ ဆိုလိုတာက ညီညွတ်စွာနဲ့ စာပေလုပ်ငန်းတွေ ဆောင်ရွက်လှုပ်ရှားနိုင်ခဲ့တဲ့ မန္တလေးက စာရေးဆရာတွေအဖို့ လူထုကြီးပွားရေးစာအုပ်တိုက်နဲ့ မန္တလေးတက္ကသိုလ် ကလောင်ရှင်များအသင်း၊ ဖန်မီးအိမ်စာအုပ်တိုက်၊ မိုးဦးပန်း စာအုပ်တိုက်၊ မြကန်သာစာအုပ်တိုက်များက စာအုပ် ထုတ်ဝေမှုလုပ်ငန်းတွေ ဆောင်ရွက်နေဆဲမို့ ကိုယ့်အရပ်၊ ကိုယ့်ဇာတ်မှာဣန္ဒြေမပျက် ဟောတစ်အုပ်၊ ဟောတစ်အုပ် စာအုပ်တွေ ထုတ်နေနိုင်ပါတယ်။ ၁၉၇ဝ ကျော် ၈ဝ ကာလမှာတော့ လူထုကြီးပွားရေးစာအုပ်တိုက် တစ်တိုက်ပဲ စာအုပ်ပုံမှန်ထုတ်နိုင်ခဲ့တယ်။ ကျန်စာအုပ်တိုက်တွေက ရန်ကုန်ပြောင်းသူပြောင်း၊ ရပ်နားသူများ၊ လုပ်ငန်းပြောင်းသူပြောင်းကုန်ပြီ။

မန္တလေးသတင်းစာဖတ်ပရိသတ်နဲ့ ဟံသာဝတီ

၁၉၆၉ ခုနှစ် အောက်တိုဘာလမှာတော့ ရန်ကုန်မြို့က ပြည်သူပိုင် သတင်းစာတစ်စောင်ဖြစ်တဲ့ ဟံသာဝတီ သတင်းစာဟာ မန္တလေးကို ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပါတယ်။ ဟံသာဝတီ မန္တလေးမှာ စတင်ထုတ်ဝေခြင်းဟာ မန္တလေးစာနယ်ဇင်းသမိုင်းမှာ မှတ်တိုင်တစ်တိုင်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ဟံသာဝတီဟာ အစိုးရထုတ် ပြည်သူပိုင်သတင်းစာဖြစ်ပေမယ့် အယ်ဒီတာချုပ် ဦးဝင်းတင်ရဲ့ သတ္တိရှိမှု အမြော်အမြင်ကြီးမှုတွေကြောင့် ရဲရင့်သော ပုဂ္ဂလိက လူထုသတင်းစာညှော်ဝနေဆဲ မန္တလေးသတင်းစာဖတ်ပရိသတ်နဲ့ ဟံသာဝတီဟာ သတင်းစာ စထွက်တဲ့နေ့ကတည်းက တစ်သွေးတည်း တစ်သားတည်းဖြစ်သွားတော့တယ်။ သတင်းစာ၊ ဂျာနယ်၊ စာစောင်တွေမရှိတော့တဲ့ မန္တလေးမှာ ဟံသာဝတီ သတင်းစာ ရောက်လာတော့ မန္တလေးသားစာရေးဆရာတွေ အားတက်လာကြတယ်။ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆောင်းပါးတွေ ဟံသာဝတီမှာဖြိုးပြက်တောက်ပလာတယ်။ ကလောင်သွေးကာစ စာရေးဆရာ၊ ကာတွန်းဆရာတွေလည်း လမ်းပွင့်လာတယ်။ ခေတ်ကိုအပြုသဘောနဲ့ ဝေဖန်ဖို့ စေတနာဆိုတဲ့ တစ်စိတ်တစ်ဝမ်းတည်းမှာ ညီညွတ်စွာ ပေါင်းစည်းကြတယ်။ ဘိုးဝဇီရခန်းမက နာမည်ကျော် စနေစာပေဝိုင်းတွေဟာ ဓမ္မဗိမာန်က မွေးဖွားပေးလိုက်တဲ့ စာပေမျိုးစေ့တွေ အပင်ပေါက်အရိပ်ရစေမယ့် ဘူမိနက်သန် ပျိုးခင်း ကြီးဖြစ်လာပါတယ်။

အားယူစ ကလောင်တွေ အရှိန်မသတ်နိုင်တော့

၁၉၇၈ ခုနှစ်ရောက်တော့ ဟံသာဝတီသတင်းစာ ရပ်နားလိုက်တဲ့အခါ အရှိန်ရနေတဲ့ ကလောင်တွေ၊ အားယူစ ကလောင်တွေဟာ အရှိန်မသတ်နိုင်တော့ မန္တလေးမှာ ရာချီနီးပါးများပြားလှတဲ့ အငြိမ့်စင်တွေဆီကို ရောက်ကုန်တာပေါ့။ မန္တလေးအငြိမ့်အော်ပရာတွေဟာဓမ္မဗိမာန်နဲ့ ဘိုးဝဇီရခန်းမရဲ့ အရှိန်ကြောင့် စူးရဲတောက်ပနေကြတယ်။ စာရေးဆရာတွေရဲ့ အနုပညာတွေဟာစာမျက်နှာပေါ်ကနေ အငြိမ့်စင်ပေါ်ရောက်ကုန်ကြပြီ။ ဘယ်နှပွိုင့်၊ ဘယ်နှအင်၊ ဘယ်နှဖောင်၊ ဘယ်နှမျက်နှာအစား၊ ကတ္တီပါကားအတင်အချေ၊ ဇာတ်ကောင်အဝင်အထွက်၊ နောက်ခံဂီတ အနှေးအမြန်၊ မီးချိန်ရှပ်တာ ချိန်းတွေနဲ့ သူတို့ကဗျာ၊ သူတို့ ဝတ္ထု၊ သူတို့ဆောင်းပါးတွေကို ရေးသားကြတာပေါ့။ ၁၉၈၀, ၈၁,၈၂, ၈၃, ၈၄ ကာလများ..။

အဲဒီကာလ ရဲရဲတောက် အော်ပရာဆရာတွေ ကြွေးကြော်တာတစ်ခု ရှိသေးတယ်။ “အသစ်မပြောနိုင်ရင် စင်မတင်နဲ့” တဲ့။ ။

ကြေးမုံ