မန္တလေးမြို့က ထင်းရှားသည့် သဘင်ပညာရှင် မထွေးလေး အုတ်ဂူအား ရွှေ့ပြောင်း သင်္ဂြိုဟ်မည်

မန္တလေး  ၅ ဇန်နဝါရီ 

 

တစ်ခေတ်တစ်ခါက ထင်ရှားခဲ့သည့် သဘင်ပညာရှင် မထွေးလေး အုတ်ဂူအား မြင်းဝန်သုသာန်မှ သုသာန်သစ်သို့ ပြောင်ရွှေ့မည် ဖြစ်ကြောင်း သိရသည်။

 

တံတားဦးမြို့ပြ ကျယ်ပြန့်လာသည့်အတွက် မြင်းဝန်သုသာန်ဟောင်းကို ဖျက်သိမ်းမည်ဖြစ်ပြီး အဆိုပါ သုသာန်တွင် သင်္ဂြိုဟ်ထားသည့် သဘင်ပညာရှင် မထွေးလေး အုတ်ဂူကိုရွှေ့ပြောင်းမည်သည်။

 

" ထင်ရှားကျော်ကြား သမိုင်းဝင်သူဖြစ်တဲ့အတွက် သီးသန့်နေရာလေး ပေးမယ်လို့ စည်ပင်က သဘောတူတယ်။ အုတ်ဂူနေရာမှာ ကြီးကြီးမားမားလုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် မရခဲ့ပါဘူး။ အုတ်ဂူကြီးလိုက် မပြီး ရွှေ့ဖို့ကလည်း နှစ်ပေါင်း ၁၀ဝ လောက်ရှိပြီဖြစ်လို့ မဖြစ်နိုင်ဘူး”ဟု မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)အတွင်းရေးမှူး ဦးနေဝင်းက ပြောသည်။

 

မြင်းဝန်သုသာန်ဟောင်းတွင် မူလအုတ်ဂူ ၆ ပေ ကျော် အရွယ်အစားမဟုတ်ဘဲ စည်ပင်ဥပဒေပါအတိုင်း ၂ ပေပတ်လည်သာ ခွင့်ပြုသဖြင့် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၆ ရက်တွင် နေရာသစ်၌ အုတ်ဂူသစ်ကို စတင်တည်ဆောက်သွားမည်ဟု သိရသည်။ 

 

တံတားဦးမြို့ပြ ကျယ်ပြန့်လာသည့်အတွက် မြင်းဝန်သုသန်ဟောင်းတွင် သင်္ဂြိုဟ်ခွင့်ကို လွန်ခဲ့သည့် ၅ နှစ်ခန့် ကတည်းက ခွင့်မပြုတော့ဘဲ  ယခုလ ၉ ရက်တွင်  သံဃာတော်များက ရွတ်ဖတ်ပြီး စက်ယန္တရားကြီးများဖြင့် ရှင်းလင်းကာ တံတားဦးမြို့ပြင် နွားကျော်ဒရွာအနီး သုသာန်သစ်နေရာသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။ သဘင်ပညာရှင် မထွေးလေးအား ၁၈၆၇ ခုနှစ်တွင် မန္တလေးမြို့ ဗောဓိကုန်းရပ်တွင် မွေးဖွားခဲ့သည်။ 

 

အဆို၊ အငို၊ အပြော၊ အက ကောင်းသည့် မထွေးလေးသည် ထူးချွန်သည့် သဘင်ပညာရှင် တစ်ဦးဖြစ်သည့်အပြင် ရုပ်ရည်ချောမောလှပသည်ဟု သိရသည်။ 

 

မထွေးလေးသည် မြေဝိုင်းသဘင်မြေကြီးတွင် ကပြရာမှ စင်ပေါ်တွင် ကပြရသော စင်မြင့်သဘင်အဖြစ် ကူးပြောင်းပေးခဲ့သည့် သဘင်ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ 

 

သဘင်ပညာရှင် မထွေးလေးသည် အသက် ၆၀ အရွယ်တွင် ကွယ်လွန်ခဲ့ပြီး တံတားဦးမြို့ မြင်းဝန်သုသာန်တွင် သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။ 

 

အိမို့မို့ခိုင်