မန္တလေးတိုင်းဒေသကြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးဥပဒေမူကြမ်းအား အကြံပြုနိုင်ရန် ဥပဒေချုပ်ရုံးသို့ ပေးပို့မည်

မန္တလေး ၂၅ စက်တင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေမူကြမ်း ရေးစွဲထားပြီး ဖြည့်စွက်အကြံပြုနိုင်ရန် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးကို ပေးပို့သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။ 

 

ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် အစည်းအဝေးတွင် အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဒေါက်တာကျော်ဦးက တိုင်းဒေသကြီးအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးဥပဒေကို အမြန်ဆုံးရေးဆွဲ အကောင်အထည်ဖော်နိုင်ရန် အစီစဉ်ရှိ/မရှိ မေးမြန်းမှုအား ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

“ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)က မန္တလေးတိုင်းအတွင်းရှိ ဒြပ်မဲ့အမွေအနှစ်များကို စာရင်းကောက်ယူ စာရင်းပြုစုခဲ့ရာ စုစုပေါင်း ၂၀၃ ခုရှိပါတယ်။ ဒြပ်မဲ့ယဉ်ကျေးမှု ကာကွယ်စောင့်ရှောက်ရေး ဥပဒေမူကြမ်းကိုလည်း ရှေးဟောင်းသုတေသနဌာနက ရေးစွဲထားပြီးဖြစ်ပါတယ်။ လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက် အကြံပြုပေးနိုင်ရန် မန်းတိုင်းဥပဒေချုပ်ရုံးသို့ ဆက်လက်ပေးပို့သွားမှာ ဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

 

ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုသည်မှာ ဘာသာစကား၊ နှုတ်ပြောအစဉ်အလာ ဖော်ပြချက်များ၊  ဖျော်ဖြေတင်ဆက်မှု အနုပညာများ၊ ပွဲလမ်းအစဉ်အလာများ၊ သဘာဝနှင့် တစ်လောကလုံးနှင့် သက်ဆိုင်သည့် အသိပညာထုံးတမ်းများ၊ မြန်မာ့ရိုးရာ လက်မှုပညာများဖြစ်သည်။
အဆိုပါ ဒြပ်မဲ့ယဉ်ကျေးမှုများထဲမှ အချို့သည့် ပျောက်ကွယ်တိမ်မြုပ်နိုင်သည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

 

‘မန္တလေးတိုင်းမှာ ခေတ်အဆက်ဆက်က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ အလွန်များပြားတဲ့ ဒေသဖြစ်ပါတယ်။ သို့သော် စနစ်တကျထိန်းသိမ်းခြင်း၊ မှတ်တမ်းတင်ခြင်း မရှိသည့်အတွက် ဒြပ်မဲ့ယဉ်ကျေးမှုများစွာဟာ ပျောက်ကွယ်သွားကြသည်။ ဒါ့အပြင် မြန်မာ့လက်မှုအနုပညာဖြစ်တဲ့ ဥပမာ အိမ်တော်ရာထီးလုပ်ငန်း၊ မြေသပိတ်လုပ်ငန်း၊ ရုပ်သေးလုပ်ငန်း၊ ဆေးရေးလုပ်ငန်း၊ အငြိမ့်၊ ဆွမ်းတော်ကြီးခံခြင်း၊ အေးရင်ကျူးခြင်း ဒီဒြပ်မဲ့အနုပညာတွေဟာ တဖြေးဖြေးနဲ့ ပျောက်ကွယ်နေပြီ ဖြစ်ပါတယ်’ဟု အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဒေါက်တာကျော်ဦးက ပြောသည်။

 

သံဃာတော်များအား ဆပ်ကပ်လှူဒါန်းရန် ဝိနည်းတော်နဲ့အညီ ချုပ်လုပ်သည့် သင်္ကန်းလုပ်ငန်းများသည် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် သင်္ကန်းများကြောင့် ခက်ခဲမှုများရှိကြောင်း သိရသည်။ 

 

အိမို့မို့ခိုင်