မန္တလေးတိုင်းဒေသကြီးတွင် တစ်ပိုင်တစ်နိုင် စက်သုံးဆီ အရောင်းဆိုင်များ ရောင်းချခွင့်ပြုနိုင်ရန် ဆောင်ရွက်နေ

မန္တလေး ၂၅ စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီးတွင် တစ်ပိုင်တစ်နိုင် အသေးစား စက်သုံးဆီ အရောင်းဆိုင်များအား  တရားဝင်ဖွင့်လှစ်ရောင်းချနိုင်ရန် တိုင်းဒေသကြီးအစိုးအရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း သိရသည်။

 

တစ်ပိုင်တစ်နိုင် စက်သုံးဆီအရောင်းဆိုင်များကို တရားဥပဒေနှင့်အညီ တရားဝင် ဖွင့်လှစ် ရောင်းချခွင့်ပြုပေးနိုင်ရန် အစီအစဉ် ရှိ/မရှိနှင့် ပတ်သတ်ပြီး ယနေ့ကျင်းပသည့် ဒုတိယအကြိမ်မြောက် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးအောင်မျိုးဦးမှ မေးမြန်းခဲ့ကာ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က ဖြေကြားခဲ့သည်။

 

"စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခွင့်အတွက် လိုအပ်သော တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ထောက်ခံချက်ကို ရယူရမယ်၊ ထောက်ခံချက်ပြည့်စုံရင် ထောက်ခံပေးလျက်ရှိပါတယ်" ဟု လျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
အဆိုပါ တရားဝင် စက်သုံးဆီ အရောင်းဆိုင်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ထောက်ခံချက်သာ ပေးရပြီး စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချခွင့်လိုင်စင်အား ပြည်ထောင်စု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပေးကာ စက်သုံးဆီ သိုလှောင်ခွင့်လိုင်စင်ကို ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဝန်ကြီးဌာနမှ ထုတ်ပေးလျက်ရှိကြောင်း ဆက်လက်ဖြေကြားခဲ့သည်။

 

ထို့ပြင် တရားမဝင် စက်သုံးဆီအရောင်းဆိုင်များကို မီးဘေးအန္တရာယ် စိုးရိမ်ရသဖြင့် ဖမ်းဆီးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပြီး မြို့တွင်းလမ်းများနှင့် နေအိမ်များတွင် တရားမဝင်စက်သုံးဆီ ရောင်းချနေသည့် ဆိုင်များကိုလည်း ဇူလိုင်လမှ စတင်ကာ စီမံချက်ချ၍ စည်ပင်သာယာ အခွန်ဌာန၊ သန့်ရှင်းရေးဌာနနှင့် စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်အလိုက် လိုက်လံဖမ်းဆီး ရှင်းလင်းနေကြောင်း သိရသည်။

 

"ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ အရ လိုင်စင်ရယူရန် လိုအပ်တဲ့လုပ်ငန်းတစ်ခုခု ဒါမှမဟုတ် သက်ဆိုင်ရာလိုင်စင်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရပါဘူး။ ဥပဒေဖောက်ဖျက်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ဒဏ်ငွေကျပ် သုံးသိန်းမှ သိန်းငါးဆယ်အထိဖြစ်စေ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ်" ဟု ၎င်းက ဆက်လက်ဖြေကြားခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီးတွင် တရားဝင်စက်သုံးဆီအရောင်းဆိုင်ပေါင်း ၅၇၃ ဆိုင်ရှိပြီး တရားမဝင် စက်သုံးဆီ အရောင်းဆိုင်များဖြစ်သည့်  ခွေးဘီလူးယာဉ်များဖြင့် လိုက်လံရောင်းချ နေသည့် Mobileစက်သုံးဆီအရောင်းဆိုင်များ၊ လမ်းဘေးချရောင်းသည့် စက်သုံးဆီအရောင်းဆိုင်များ များစွာရှိနေသည်။

 

သူရိန်လင်း