မန်တုံမြို့တွင် တအာင်း(ပလောင်)စာပေနေ့ အခမ်းအနားကျင်းပ

မန်တုံ ၃၁ သြဂုတ် 

 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် လွယ်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း၌ သြဂုတ်လ (၃၀) ရက်နေ့တွင် ကျရောက်သည့် (၄၆)ကြိမ်မြောက် တအာင်း(ပလောင်) စာပေနေ့ အထိမ်းအမှတ် အခမ်းအနားအား သြဂုတ်လ (၃၀)ရက်နေ့ နံနက်ပိုင်း အချိန်က ကျင်းပသည်။

 

 

ရှေးဦးစွာ တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကကြီးဖြစ်သော ပလောင် တိုင်းရင်းသားခေါင်းဆောင် ဦးအိုက်မုန်းက အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီဦက္ကဋ္ဌ ဦးအိုက်ခ က ဗဟိုကော်မတီ ဥက္ကဌမှ ပေးပို့လာသည့် သဝဏ်လွှာအား ဖတ်ကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးတို့က အကြံပြုအမှာစကားများ ပြောကြားကာ တအာင်း (ပလောင်) စာပေသမိုင်း ဖြစ်ပေါ်လာပုံအား ဒေါ်လွေးအိခိုင်က အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။ 

 

ဆက်လက်၍ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မန်တုံမြို့နယ်အတွင်း ဘွဲ့ရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ကာ ရိုးရာဓလေ့အား ဖော်ကြူးသော အကပြိုင်ပွဲများ၊ ရိုးရာသီချင်းများ၊ စာပေနှင့် ပတ်သက်သည့် ကျပန်းစကား ပြောပြိုင်ပွဲများနှင့် အခြားသော  ပြိုင်ပွဲများအား ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

စည်သူမောင်မောင်(ပြန်/ဆက်)