နာမည်ကြီး ဘုံတလာရေတံခွန်အလှကို ထပ်မံမွမ်းမံပေးသည့် ဘေးပတ်ပတ်လည်ရှိ အလှတရားများ

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၊ ထီစောင်းကျေးရွာအနီးရှိ ခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် နာမည်ကြီး ဘုံတလာရေတံခွန်သည် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် ဘုံတလာ ရေတံခွန်သို့ ခရီးသွားပြည်သူများဖြင့် ပြန်လည်စည်ကား အသက်ဝင်လာပြီဖြစ်သည်။ ပြည်တွင်း၊ ပြည်ပ၌ နာမည်ကြီးပြီး အဆင့်(၇)ဆင့်ရှိသည့် ဘုံတလာရေတံခွန်သည် ခရီးသွားပြည်သူများ စိတ်ဝင် စားသည့်အလျောက် ပွင့်လင်းရာသီတွင် လာရောက်လည်ပတ်သူများဖြင့် နှစ်စဉ်၊ နှစ်တိုင်း စည်ကား လျက်ရှိသည်။

 

လာရောက်လည်ပတ်သူများဖြင့် စည်ကား

 

ဘုံတလာရေတံခွန်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်လျက်ရှိရာ လာရောက် လည်ပတ်သူတိုင်း စိတ်လှုပ်ရှားစေနိုင်သည့် သဘာဝအလှတရားကို ပိုင်ဆိုင်ထားသည်။ မိုးရာသီ ကာလတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် လာရောက်လည်ပတ်သူများ နည်းပါးပြီး ပွင့်လင်းရာသီ ဖြစ်သည့် ဆောင်းရာသီနှင့် နွေရာသီတို့တွင် လာရောက်လည်ပတ်သူများ နေ့စဉ်၊ နေ့တိုင်း စည်ကား လျက်ရှိသည်။ လာရောက်လည်ပတ်သူများထဲတွင် နိုင်ငံခြားခရီးသွားများ၊ မြန်မာနိုင်ငံ ဒေသအနှံ့မှ လာရောက်လည်ပတ်သည့် တိုင်းရင်းသားပေါင်းစုံလည်း ပါဝင်သည်။ ဘုံတလာရေတံခွန်သို့ အုပ်စုလိုက် ပျော်ပွဲစားထွက်ခြင်း၊ အလှဓာတ်ပုံရိုက်ကူးခြင်း၊ အသင်းအဖွဲ့များနှင့် လာရောက် လည်ပတ်ခြင်း၊ ဌာနဆိုင်ရာလူကြီးများ လာရောက်လည်ပတ်ခြင်း၊ နိုင်ငံခြားခရီးသွားများကို လာရောက် လမ်းပြပေးသူများ၊ MTV လာရောက်ရိုက်ကူးသူများနှင့် (Pre Wedding) အလှဓာတ်ပုံ လာရောက် ရိုက်ကူးများဖြင့် စည်ကားလျက်ရှိသည်။ တစ်ဦးနှင့်တစ်ဦး ဆုံဆည်းရန် ခဲရင်းသည့် သူငယ်ချင်း များကိုပင် ဘုံတလာရေတံခွန်တွင် အမှတ်မထင် ဆုံဆည်းသူများလည်းရှိသည်။

 

98563

 

တတိယအဆင့်အထိ တက်ရောက်လည်ပတ်သူနည်းပါး

 

ဘုံတလာရေတံခွန်သို့ လာရောက်လည်ပတ်သူအများစုသည် ဒုတိယအဆင့်ထိသာ လည်ပတ် သူများပြားပြီး တတိယအဆင့်အထိ တက်ရောက်လည်ပတ်သူ နည်းပါးသည်။ “လာရောက် လည်ပတ် သူအများစုက ဒုတိယအဆင့်ထိပဲ လာရောက်လည်ပတ်ကြတယ်၊ ဒုတိယအဆင့်မှာပဲ ပျော်ပျော်ပါးပါး ဓာတ်ပုံတွေရိုက်ကြတယ်၊ပြီးမှ ပြန်လှည့်သွားကြတယ်၊ တတိယအဆင့်ကို သွားရောက် လည်ပတ်ကြဖို့က တစ်ချို့ခရီးသွားတွေက ကျောက်တုံးကြီးတွေပေါ်မှာ တက်တာဆင်းတာတွေ အလေ့အကျင့် မရှိတော့ မတက်တတ်၊ မသွားတတ်ကြတော့ တတိယအဆင့်အထိ ဆက်မတက်ရဲဘဲ ပြန်လှည့် သွားကြတာများတယ်လို့ ဒေသခံတစ်ဦးက ပြောကြားသည်။ တတိယအဆင့်အထိ မလည်ပတ် နိုင်သူများထဲတွင် မိန်းကလေးများနှင့် အသက်ကြီးသူများ ပိုများသည်။ ဘုံတလာရေတံခွန်သည် တစ်ဆင့်နှင့်တစ်ဆင့် အလွန်မြင့်မားလျက်ရှိရာ တတိယအဆင့်သွား ရောက်လည်ပတ်နိုင်ရန် တက်လမ်းရှိသော်လည်း ခရီးကြမ်းသွားသည့် အလေ့အကျင့်မရှိသူများအတွက် တတိယအဆင့်အထိ တက်လှန်းနိုင်ရန် ခက်ခဲသည်။

 

သွားရောက်လည်ပတ်ရန်တွင် အပျော်မလွန်ဘဲ သတိရှိရန်လိုအပ်

 

ဘုံတလာရေတံခွန် ပတ်ပတ်လည်သည် ချောက်ကမ်းပါးများဖြင့် ဝန်းရံလျက်ရှိရာ သွားလာ လှုပ်ရှားရာတွင် သတိထားရန်လိုအပ်သည်။ တစ်ဆင့်နှင့်တစ်ဆင့် အလွန်မြင့်မားခြင်းကြောင့် ခြေချော်လက်ချော် ဖြစ်တတ်ပြီး အပေါ်အဆင့်မှ မတော်တဆ ပြုတ်ကျသူတစ်ချို့လည်းရှိသည်။ အလှဓာတ်ပုံ ရိုက်ကူးရန်အတွက် တစ်ဖက်ကမ်းသို့ ဘုံတလာချောင်းရေကို ခြေဖြတ်ကူးရာတွင် ရေအောက်ရှိ ကျောက်များသည် အလွန်ချော်ခြင်းကြောင့် ခြေဖြတ်ကူးခြင်းများကို ပိုမို သတိထားသင့်ပါသည်။

 

ဘုံတလာရေတံခွန်၏ အလှများကို ထပ်မံမွမ်းမံပေးသည့် အလှများ

 

ဘုံတလာရေတံခွန် ပတ်ပတ်လည်တွင် သဘာဝကျောက်ဆောင်ပျားအုံများ၊ ဆေးဘက်ဝင်ဂမုန်းပင်များ၊ ကျောက်ဆောင်အတွင်းမှ စီးဆင်းလာသည့် သစ္စာရေများ၊ ဘုံတလာရေတံခွန်၏ ပတ်ပတ်လည်ရှိ သဘာဝကျောက်တုံးကြီးများ၊ ဘုံတလာရေနှင့် ရိန်ဆီရေတို့ ပြိုင်တူစီးဆင်းလာသည့် ဒုတိယအဆင့်၏ အလယ်ဗဟိုတွင် ထီစောင်းလူငယ်များက တည်ထားသည့် လက်ဝါးကားတိုင်အလှ၊ ရိန်ဆီချောင်းမှ စီးဆင်းရာသို့ ဆက်သွားလျှင် သဘာဝရေမြောင်းအလှရှိသည်။ သဘာဝရေမြောင်း၏ အပေါ်ဘက်သို့ ဆက်သွားလျှင် ကျောက်ပြားပေါ်မှ စီစီရီရီစီးဆင်းလာသည့် ရေတံခွန်အလှများကို ထပ်မံ မြင်တွေ့နိုင်မည်ဖြစ်သည်။ လာရောက်လည်ပတ်သူတစ်ချို့နှင့် ဒေသခံလူငယ်အများစုသည် သဘာဝ ရေမြောင်းအထိ အလွယ်တစ်ကူလည်ပတ်ကြပြီး သဘာဝရေမြောင်း၏ အပေါ်ဘက်ရှိ ကျောက်ပြားပေါ်မှ စီစီရီရီ စီးဆင်းလာသည့် ဘုံတလာအလှဆီသို့ သွားရောက်လည်ပတ်သူ ပိုမိုနည်းပါးသည်။ ထိုအရပ်သို့ သွားရောက် လည်ပတ်ရာတွင် ရိန်ဆီချောင်းရေကို ခြေဖြတ်ကူးခြင်း၊ ကျောက်တုံး၊ ကျောက်ဆောင် ကြားမှ ဖြတ်သွားရခြင်းနှင့် ကျောက်တုံးကြီးပေါ်တို့မှ အတက်အဆင်းများ ခက်ခက်ခဲခဲ ဖြတ်ကျော်ရခြင်းကြောင့် သွားရောက်လည်ပတ်သူ နည်းပါးရခြင်းဖြစ်သည်။ ဘုံတလာ ပတ်ပတ်လည် အဆုံးရှိ သဘာဝအလှတရား တစ်ခုဖြစ်ပြီး ထိုနေရာမှ အပေါ်သို့ ဆက်သွားရန် လမ်းလည်းမရှိတော့ချေ။

 

8520963.

 

မတူပီမြို့မှ တစ်နာရီခွဲဖြင့် ဘုံတလာရေတံခွန်သို့ ရောက်ရှိနိုင်

 

မတူပီမြို့မှ ဘုံတလာရေတံခွန်သို့ သွားရောက်လည်ပတ်ရာတွင် ဖနိုင်ကျေးရွာနှင့် ထီစောင်း ကျေးရွာတို့ကို ကျော်ဖြတ်ရပြီး ထီစောင်းကျေးရွာအလွန်အထိ ဆိုင်ကယ်ဖြင့် သွားရောက်နိုင်သည်။ မော်တော်ယာဉ်ဖြင့် သွားရောက်လည်ပတ်လျှင် ထီစောင်းကျေးရွာအထိသာ သွားရောက်နိုင်ပြီး ကျန်ခရီးကို ဆိုင်ကယ် (သို့မဟုတ်) ခြေကျင်ခရီးဖြင့် သွားရသည်။ ဘုံတလာသို့ လာရောက် လည်ပတ်သူများသည် မိမိကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လာရောက်လည်ပတ်သူများလည်းရှိပြီး ကိုယ်ပိုင်မော်တော်ယာဉ်နှင့် ဆိုင်ကယ်မယူဆောင်လာသူများသည် မတူပီမြို့မှ ဆိုင်ကယ်ကယ်ရီငှါး၍ သွားရောက်လည်ပတ်ခြင်း၊ မတူပီမြို့ရှိ အသိမိတ်ဆွေများ၏ ကူညီမှုဖြင့် သွားရောက်လည်ပတ်ကြသည်။ ပုံမှန်အားဖြင့် မတူပီမြို့မှ တစ်နာရီခွဲဖြင့် ဘုံတလာရေတံခွန်သို့ ရောက်ရှိနိုင်ပြီး တစ်ရက်ခရီးဖြင့် အသွားအပြန်နှင့် လည်ပတ်သူ များပြားသည်။

 

အချိန်ပေးပြီး ဘုံတလာပတ်ပတ်လည်ရှိ အလှတရားများကို လေ့လာသင့်

 

လက်ယာဘက်မှ စီးဆင်းလာသည့် ရိန်ဆီချောင်းအပေါ်ဘက်ရှိ သဘာဝရေမြောင်းနှင့် အပေါ်ဘက်သို့ ဆက်သွားလျှင် ကျောက်ပြားပေါ်မှ စီးစီရီရီစီးဆင်းလာသည့် ရေတံခွန်အလှဆီသို့ ခရီးသွား ပြည်သူများလည်း စွန့်စား၍ သွားရောက်လည်ပတ်သင့်ပါသည်။ လာရောက်လည်ပတ်သူအများစုသည် ဒုတိယ အဆင့်တွင် အလှဓာတ်ပုံရိုက်ကူးပြီး ဘုံတလာရေတံခွန်ပတ်ပတ်လည်သို့ သွားရောက် လေ့လာသူ နည်းပါးသည်။ ဘုံတလာရေတံခွန်သည် ကြီးကျယ်ခမ်းနားသည့် အလျောက် ရှေးရိုးရာ သမိုင်း အကြောင်းများလည်း ရှိသည်။ ထိုသမိုင်းအကြောင်းများကို ဘုံတလာရေတံခွန်အနီး၊ ထီစောင်း ရွာရှိ သက်ကြီးဘိုးဘွားများနှင့် မတူပီမြို့ရှိ သက်ကြီးရွယ်အိုများကိုလည်း မေးမြန်းနိုင်သည်။ ဘုံတလာ သမိုင်းအကြောင်းသည် ထူးဆန်းအံ့ဖွယ်ပြီး စိတ်ဝင်စားစရာလည်း ကောင်းလှသည်။ ဘုံတလာ ရေတံခွန်ချောင်း စီးဆင်းသည့်အတိုင်း ဆက်လေ့လာလျှင် တစ်ဆင့်ရှိ(ရေတံခွန်)တစ်ချို့ကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ ဒေသခံလူငယ်များသည် ငါးဖမ်းရာတွင် မကြာခဏရောက်ရှိတတ်ပြီး သူတို့၏ မှတ်တမ်းဓာတ်ပုံများထဲတွင် အလွန်လှပခြင်းကို မြင်တွေ့ရသည်။

 

ဘုံတလာရေတံခွန်တွင် အမှိုက်များကို စနစ်တစ်ကျစွန့်ပစ်သင့်

 

ဘုံတလာ ရေတံခွန်မှ ဆက်လက်စီးဆင်းသည့် ချောင်းရေကို လူပေါင်းမျိုးစုံက သောက်သုံးကြသည်။ ထိုသို့ သောက်သုံးရေအဖြစ်သုံးစွဲခြင်းကြောင့် ချောင်းဦးထိပ်ရှိ ဘုံတလာချောင်းရေလည်း သန့်ရှင်း ကြည်လင်ရန် လိုအပ်သည်။ ဘုံတလာရေတံခွန်သို့ လူမျိုးပေါင်းစုံလည်ပတ်လျက်ရှိရာ စွန့်ပစ် အညစ်အကြေးများကို စနစ်တစ်ကျ စွန့်ပစ်ရန်လိုအပ်သည်။ ဘုံတလာပထမအဆင့်ကို ရေငုတ်ဖူးသူ တစ်ဦးက “ရေအောက်မှာ ပလတ်စတစ်တွေ၊ ဆာလာအိတ်တွေ၊ ပုလင်းကွဲအမှိုက်တွေအပြည့်ပဲဟု ပြောကြားသည်။ အမှိုက်များကို စနစ်တစ်ကျ စွန့်ပစ်ခြင်းမရှိသည့်အတွက် ဘုံတလာရေမှ စီးဆင်း လာသည့် ချောင်းရေသည် ညစ်ညမ်းပြီး သုံးစွဲသူများ၏ ကျန်းမာရေးကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ရေနေသတ္တဝါများကိုလည်း ထိခိုက်နိုင်သည်။ သဘာဝအလှတရာများကို အကျဉ်းတန်စေပြီး အဆိုးဆုံးမှာ ဖန်ပုလင်းကွဲများဖြစ်သည်။ လူငယ်များလာရောက်လည်ပတ်ရာတွင် ပျော်ပါးရန်အတွက် ဘီယာပုလင်းများ ယူလာတတ်ကြသည်။ အရက်ပုလင်းများကို စည်းမဲ့၊ ကမ်းမဲ့ရိုက်ခွဲခြင်း၊ ဘေးပတ်ပတ်လည်တွင် စနစ်တစ်ကျပုံထားသည့် ပုလင်းများကိုလည်း ထပ်မံရိုက်ခွဲကြသည်။ ထိုဖန်ပုလင်းကွဲများကြောင့် လာရောက်လည်ပတ်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး သွားလာရာတွင်လည်း ထိခိုက်အနာတရဖြစ်စေသည်။ ဘုံလာရေတံခွန်ပတ်ပတ်လည်တွင် အမှိုက်များပုံပွခြင်းကို တွေ့မြင်ရပြီး ထီးစောင်းလူငယ်များက ရံဖန်ရံခါ အမှိုက်များကို မီးရှို့ ဖျက်ဆီးခြင်းများနှင့် လာရောက်ရှင်းလင်းကြသည်။ အမှိုက်ပေါများခြင်းကြောင့် လာရောက် လည်ပတ်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး ဘုံတလာရေတံခွန်သို့ သွားရောက်လည်ပတ် သူတိုင်း မိမိအမှိုက်များကို စနစ်တစ်ကျစွန့်ပစ်သင့်ပါသည်။

 

ဆလိုင်းဗန်ရိုးထန်