နှစ်(၅၀)ပြည့် မြေကမ္ဘာနေ့ အမှတ်တရ

ကောင်းမွန်

 

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် နိုင်ငံအများအပြား၌ အစိုးရအဖွဲ့တို့က ပြည်သူများ၏ သွားလာလှုပ်ရှားမှုကို ကန့်သတ်ထားစဉ် ယခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် အနှစ်(၅၀)ပြည့်မြေကမ္ဘာနေ့ ကျရောက်ခဲ့ပါသည်။

 

ယင်းကဲ့သို့ အစိုးရအဖွဲ့များက သက်ဆိုင်ရာ ပြည်သူတို့၏ နေအိမ်ပြင်ပသို့ သွားလာလှုပ်ရှားမှုများအပေါ် ကန့်သတ်တားမြစ်ထားမှုကြောင့် ကမ္ဘာတစ်ဝန်း အဆိပ်အတောက် ဓာတ်ငွေ့များ ထုတ်လွှတ်မှု သိသာစွာ ကျဆင်းခဲ့သလို သိပ္ပံပညာရှင်များအနေဖြင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှု၊ ကမ္ဘာနှင့်တစ်ဝန်း အပူချိန်မြင့်တက်လာမှုတို့အတွက် လူသားတို့၌သာ များစွာတာဝန်ရှိသည် ဆိုသည့်အချက်ကို သိသာထင်ရှားစွာ လေ့လာခွင့် ရရှိခဲ့ပါသည်။ ။

 

ကမ္ဘာ့လေထုနှင့် ပင်လယ်ပြင်တို့ ပိုမိုသန့်ရှင်းလာ

 

ကမ္ဘာ့နိုင်ငံအသီးသီး၌ အများပြည်သူတို့ နေအိမ်များ၌သာနေကြစဉ် ယာယီအခိုက်အတန့် ဖြစ်စေကာမူ ကမ္ဘာ့လေထုနှင့် ပင်လယ်ပြင်တို့မှာ များစွာသန့်ရှင်းလာကြပါသည်။ ကမ္ဘာပေါ်၌ လေထုညစ်ညမ်းမှု အမြင့်မားဆုံး မြို့ကြီးများအနက် တစ်မြို့အပါအဝင်ဖြစ်သည့် နယူးဒေလီမြို့၌ မီးခိုးမှိုင်းများ လွှမ်းခြုံမှုမှာ သိသာစွာလျော့ကျခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်း ဆယ်စုနှစ်ပေါင်းများစွာ ပီပြင်စွာ မမြင်ခဲ့ရသည့် မြင်ကွင်းများကိုလည်း ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့ပါပြီ။

 

အမေရိကန်ပြည်ထောင်စု၏ အရှေ့မြောက်ပိုင်း၌ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ညစ်ညမ်းမှုမှာ ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ထိုနည်းတူ ၂၀၂၀ ပြည့်နှစ် မတ်လလယ်မှ ဧပြီလလယ်အတွင်း အီတလီနိုင်ငံ ရောမမြို့တော်၏ လေထုညစ်ညမ်းမှု အနေအထားမှာ လွန်ခဲ့သောနှစ် အလားတူ ကာလထက် ၄၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ညအခါ ကြယ်များကို ပိုမိုထင်ရှားစွာ မြင်တွေ့နေပါပြီ။

 

တောရိုင်းတိရစ္ဆာန်များ၏ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုများကို မြင်တွေ့လာရ

 

ထိုနည်းတူ နှစ်ပေါင်းများစွာ မြင်တွေ့ရခြင်း၊ မရှိသည့် တိရစ္ဆာန်များ၏ လွတ်လပ်စွာ လှုပ်ရှား သွားလာမှုများကို မြင်တွေ့လာရပါသည်။ အမေရိကန် ပြည်ထောင်စု ရှီကာဂိုမြို့၏ မီချီဂန်လမ်းမကြီးတစ်လျှောက် နှင့် ဆန်ဖရန်စစ္စကိုမြို့၏ ဂိုးလ်ဒင်းဂိတ် တံတားကြီးအနီး သွားလာနေသည့် ခွေးရိုင်းများကို တွေ့မြင်နေရပါသည်။ ချီလီနိုင်ငံ ဆန်တီယေဂိုမြို့၏ လမ်းများ၌ သွားလာလှုပ်ရှားနေသည့် တောင်ခြင်္သေ့တစ်ကောင်ကို တွေ့မြင်ရသည်ဟုလည်း ဆိုကြပါသည်။ ဝေလပြည်နယ်ရှိ မြို့တစ်မြို့၌ ဆိတ်များ လွတ်လပ်စွာ လှုပ်ရှားသွားလာနေသလို အိန္ဒိယနိုင်ငံ၌လည်း ဆာလောင်မွတ်သိပ်နေသည့် မျောက်များသည် လူနေအိမ်များသို့ ဝင်ရောက်လာကြပြီး ရေခဲသေတ္တာအတွင်းမှ အစားအသောက်များအား ရှာဖွေနေသည်ကို တွေ့မြင်ကြရပါသည်။ ။

 

မြေကမ္ဘာနေ့ နှစ် (၅၀) ပြည့်မတိုင်မီ လပေါင်းအတန်ကြာ မဟုတ်သည့်တိုင် ရက်သတ္တပတ်ပေါင်း အတန်ကြာ ကမ္ဘာ့နိုင်ငံအများစု၌ ကန့်သတ်တားမြစ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကမ္ဘာမြေကြီးသည်ပိုမိုသန့်ရှင်းလာပါသည်။ တောရိုင်းတိရစ္ဆာန်တို့၏ ပိုမိုလွတ်လပ်စွာ သက်ဝင် လှုပ်ရှားမှုများကို တွေ့မြင်လာရပါသည်။ ။

 

ဩစတြေးလျနိုင်ငံ အဲဒယ်လိတ်မြို့မှ ရဲတပ်ဖွဲ့က လူသူကင်းမဲ့လုနီးပါးဖြစ်နေသည့် မြို့လယ်ကောင်၌ သားပိုက်ကောင်တစ်ကောင် ခုန်ဆွခုန်ဆွ ပြေးလွှားနေသည့် ဗီဒီယိုကို မျှဝေခဲ့ပြီး အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ ပန်းခြံတစ်ခု၌လည်း ခွေးအများ အုပ်စုလိုက် သွားလာနေခဲ့ကြောင်း သိရှိရပါသည်။ ။

 

ဂေဟဗေဒဆိုင်ရာ ပြောင်းလဲမှုများအပေါ် စိစစ်လေ့လာရန် အခွင့်အရေးရရှိ

 

ဒျူခ်တက္ကသိုလ်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိပ္ပံပညာရှင် စတူးဝပ်ပင်းမ်က လူသားတို့အနေဖြင့် မိမိတို့၏ သာယာလှပသည့် ကမ္ဘာမြေအားမည်မျှ ဆိုးရွားစွာ ပြုမူထားသည်ကို မြင်တွေ့ခွင့်ရစေသည့် အထူးအခွင့်အရေးတစ်ခုဟုပင် တင်စားပြောဆိုခဲ့ပါသည်။ တစ်နည်းအားဖြင့် ကမ္ဘာမြေကြီးကို မည်မျှကောင်းမွန်စွာ ထိန်းသိမ်းထားရှိနိုင်သည်ကို မျက်လှည့်ပြသကဲ့သို့ မြင်တွေ့စေသည့် အခွင့်အရေးကောင်းတစ်ခုပင် ဆိုနိုင်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

 

စတန်းဖို့ဒ် ပတ်ဝန်းကျင်ဆိုင်ရာ သစ်တောတက္ကသိုလ်မှ ညွှန်ကြားရေးမှူး ခရစ္စဖီးလ်က သိပ္ပံပညာရှင်များကို စုဝေး၍ ကမ္ဘာ့ပြည်သူအများစု နေအိမ်များ၌ နေထိုင်ကြခြင်းဖြင့် ဖြစ်ပေါ်လာသည့် ဂေဟဗေဒဆိုင်ရာ ပြောင်းလဲမှုများအပေါ် စိစစ်လေ့လာရန် ဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘာ့ပြည်သူ အများစုကဲ့သို့ နေအိမ်များ၌ နေထိုင်နေကြသည့် သိပ္ပံပညာရှင်များကလည်း ရေညှိများ၊ အင်းဆက်ပိုးမွှားများ၊ ရာသီဥတုပုံစံများ၊ အသံနှင့် အလင်းတို့၏ ညစ်ညမ်းမှုများနှင့် ပတ်သက်၍ မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကို စိစစ်လေ့လာရန် စိတ်အားထက်သန်လျက် ရှိကြပါသည်။

 

အီတလီနိုင်ငံအစိုးရအနေဖြင့် အများသူငါတို့ သွားလာအသုံးပြုမှု မရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပင်လယ်ပြင် အပြောင်းအလဲတို့အပေါ်လေ့လာရန် ပင်လယ်သမုဒ္ဒရာဆိုင်ရာ လေ့လာရေးတစ်ခုကိုပင် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ။

 

ခရစ္စဖီးလ်က လူသားတို့သည် ကမ္ဘာမြေစနစ်ကို အရိုးရှည်တူမကြီးဖြင့် ထုနှက်ခဲ့သလို ပြုမူခဲ့ကြပြီး ယခုအခါ ကမ္ဘာမြေကြီး၏ တုံ့ပြန်မှုကို မြင်တွေ့နေရသည့် အနေအထားဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကျန်းမာရေးအကျိုးဆက်များဆိုင်ရာ တက္ကသိုလ်၏ အဆိုအရ သုတေသန ပညာရှင်များအနေဖြင့် သမားရိုးကျ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့၊ မီးခိုးလုံးများ၊ သေးငယ်လွန်းသည့် အမှုန်များ သိသာစွာ ကျဆင်းမှုကို လေ့လာလျက်ရှိကြပါသည်။

 

လွန်ခဲ့သည့် ငါးနှစ်ကာလနှင့် နှိုင်းယှဉ်ပါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် အများပြည်သူတို့၏ သွားလာလှုပ်ရှားမှုအပေါ် ကန့်သတ်ခဲ့ပြီးနောက်ပိုင်း ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ပါရီမြို့၏ လေထုညစ်ညမ်းမှုသည် ၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အလားတူ ဩစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့၌ ၃၈ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံ ဘင်ဂေါလူရူမြို့၌ ၃၅ ရာခိုင်နှုန်း၊ လော့စ်အိန်ဂျလိမြို့၌ ၂၉ ရာခိုင်နှုန်း၊ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ ၂၆ ရာခိုင်နှုန်း၊ တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့၌ ကိုးရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း နာဆာ၏ လေ့လာတိုင်းတာချက်များက ဖော်ပြခဲ့ပါသည်။ ။

 

လာပက်မြို့ရှိ ဆန်အန်ဒရေတက္ကသိုလ်မှ ရေခဲပြင် လေ့လာရေးဆိုင်ရာ ပညာရှင် အက်ဒ်ဆင်ရာမီရက်ဇ်က ညစ်ညမ်းမှုများ စွန့်ထုတ်မှု ရုတ်တရက်ကျဆင်းလာခြင်းသည် အတိတ်ကာလ၌ အခြားသော ကျဆင်းမှုများနည်းတူ မြေကမ္ဘာအနေဖြင့် မည်မျှလျင်မြန်စွာ ပြန်လည်နာလန်ထူနိုင်သည်ကို လေ့လာခွင့် ရစေမည်ဖြစ်ကြောင်း ပြင်သစ်-၂၄ သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ လှုပ်ရှားသွားလာမှုများအပေါ် ကန့်သတ်ထားမှုကြောင့် လာပက်မြို့၌ ပြည်သူတို့၏ ခရီးသွားလာမှုမှာ ၉၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ယင်းကဲ့သို့ ကိန်းဂဏန်းများက ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး၌ လူသားတို့၏ ပြုမူဆောင်ရွက်ချက်များက မည်မျှအရေးပါသည်ကို သိပ္ပံပညာရှင်များအား နားလည်စေခဲ့ပါသည်။

 

ကမ္ဘာ့လေထုဆိုင်ရာ နာဆာသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဘာရီလေဖာက လူသားတို့အနေဖြင့် လေထု ညစ်ညမ်းမှုကို မဖြစ်စေသည့် မော်တော်ကားများ ပြောင်းလဲသုံးစွဲကြမည်ဆိုပါက ဖြစ်ပေါ်လာမည့် အခြေအနေကို မှန်းဆကြည့်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အချို့သော ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက လမ်းမပေါ်၌ သွားလာမှုလျော့ကျခြင်း၊ လေကြောင်းနှင့် ရေကြောင်း သွားလာမှုများ လျော့ကျခြင်းတို့က ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် ယခင်က ကမ္ဘာ့ခေါင်းဆောင်များက  မှတ်ယူထားကြသည်ထက် ဖြစ်နိုင်ခြေများစွာရှိသည်ကို ပြသလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ။

 

ရာသီဥတုပြောင်းလဲရေးဆိုင်ရာ လှုပ်ရှားသူတစ်ဦး ဖြစ်သည့် စက်ဘီးအားကစားသမား မိုက်အမ်က ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် သီတင်းနှစ်ပတ်အတွင်း ဖြစ်ပေါ်ပြောင်းလဲမှုများက ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ လူမှုအသိုက်အဝန်းအနေဖြင့် များစွာလုပ်ဆောင်နိုင်သည်ကို ပြသလျက်ရှိကြောင်း၊ သို့ဖြစ်၍ လူမှုအသိုက်အဝန်းက ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်၍ အပြုသဘော လျင်မြန်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအပေါ် အလေးထားကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း

 

မြေကမ္ဘာနေ့ နှစ်(၅၀)ပြည့်မြောက် အထိမ်းအမှတ် အဖြစ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပေးပို့သည့် သဝဏ်လွှာ၌ ကမ္ဘာတစ်ဝန်းမှ အစိုးရအဖွဲ့များအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုအပေါ် စီးပွားရေးအရ တုံ့ပြန်ဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းပြီး အရေးကြီးသည့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကိစ္စအတွက် အလေးထားကြရန် တိုက်တွန်းခဲ့ပါသည်။

 

ယခုအချိန်အထိ အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံ အစိုးရအဖွဲ့များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်များကို တုံ့ပြန်၍ ရန်ပုံငွေ အမြောက်အမြားသုံးစွဲပြီး စီးပွားရေးလုပ်ငန်းများကို ကယ်တင်ရန် ကြိုးပမ်းကြရာတွင် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်များနှင့် စက်မှုလုပ်ငန်းများအပေါ် လက်ရှိသက်ရောက်ခဲ့သည့် ထိခိုက်မှုများအပေါ်သာ အလေးထားခဲ့ကြပါသည်။

 

သို့စေကာမူ လွန်ခဲ့သည့်သီတင်းပတ်အတွင်း ဂျာမနီ၊ ပြင်သစ်နှင့် အခြားသောအီးယူအဖွဲ့ဝင် နိုင်ငံများမှ ဝန်ကြီးများက ၎င်းတို့၏ နောက်ဆက်တွဲ လုပ်ဆောင်ချက်များကို ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး ရည်မှန်းချက်များနှင့် ဆက်နွှယ်ဆောင်ရွက်ရေးအတွက် ထောက်ခံမှုတို့ကို ထုတ်ဖော်ပြသခဲ့ကြပါသည်။ ကိုဗစ်-၁၉ရောဂါ နောက်ဆက်တွဲ ကူညီပံ့ပိုးမှုအစီအစဉ်ကို ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး ရည်မှန်းချက်များနှင့် ဆက်နွှယ်ဆောင်ရွက်မှုကို ပြသသည့် အနေဖြင့်ဩစတြီးယားနိုင်ငံ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးလီယိုနာဂီဗက်စလာက ဩစတြီးယားလေကြောင်းလိုင်းအတွက် နိုင်ငံတော်၏ အကူအညီများကို ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး ရည်မှန်းချက်များနှင့် ဆက်နွယ် ထားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ယင်းအခြေအနေများအနက် ခရီးတိုပြေးဆွဲသည့် လေကြောင်းခရီးစဉ်များကို သိသာစွာလျှော့ချရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အထောက်အကူ ဖြစ်စေသည့် လောင်စာဆီများကို အသုံးပြုရေးနှင့် ပျံသန်းစရိတ်များဆိုင်ရာ အခွန်အခများကို ထိန်းညှိပေးရေးတို့ ပါဝင်ပါသည်။ ။

 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အများပြည်သူတို့မှ ပေးဆောင်နေသည့် အခွန်ငွေများကို စီးပွားရေးလုပ်ငန်းများအား ကယ်ဆယ်ရေးအတွက် အသုံးပြုကြရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများနှင့် ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးဆိုင်ရာ ထောင်စုနှစ်ရည်မှန်းချက်များနှင့်  ဆက်နွှယ်ထားသင့်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးများကို အတိတ်ကာလအတွက် မဟုတ်ဘဲ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးတို့ကို ပံ့ပိုးကူညီမည့် ကဏ္ဍများနှင့် စီမံကိန်းများ စီးဆင်းလည်ပတ်ရေးတို့အတွက် အသုံးပြုသင့်ကြောင်း တိုက်တွန်းခဲ့ပါသည်။

 

ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေပြီး အပူချိန်ကို ထိန်းသိမ်းထားသည့် ဖန်လုံအိမ်ဓာတ်ငွေ့များသည် ကမ္ဘာ့လေထုအတွင်း နှစ်ပေါင်း ၁၀၀ (သို့မဟုတ်) ယင်းထက်ကြာမြင့်အောင် တည်ရှိနေတတ်သဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်ရန် အများပြည်သူတို့၏ လှုပ်ရှားသွားလာမှုများအပေါ် ကန့်သတ်မှုများသည် ကမ္ဘာကြီးပူနွေးလာမှုအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း ဘရိတ်သရူးတက္ကသိုလ်မှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ဇီကီဟော်ဖာသာက ပြောကြားခဲ့ပါသည်။ ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက်မှုမှာ ဆက်လက်ဖြစ်ပေါ်နေသော်လည်း ယမန်နှစ်ကကဲ့သို့ မြန်ဆန်ခြင်းမရှိကြောင်းလည်း ပြောကြားခဲ့ပါသည်။

 

ဖိအားပေးထားသော ဓာတ်ငွေ့အတွင်းရှိ အယ်ရိုဆို အရည်ညစ်ညမ်းမှုမှာ လေထုအတွင်းကြာရှည်စွာ မရှိတတ်သည့်အလျောက် ယင်းညစ်ညမ်းမှုမှာလည်း ကျဆင်းလျက်ရှိကြောင်း၊ သို့ရာတွင် အယ်ရိုဆိုအရည်မှာ မြေကမ္ဘာကို အေးမြစေရာ လက်ရှိအချိန်တွင် အယ်ရိုဆိုအရည် သိပ်သည်းမှုအဆင့် ကျဆင်းလာခြင်းက ဒေသအပူချိန်များအား မြင့်တက်စေခြင်း ရှိ၊ မရှိကို စစ်ဆေးလျက်ရှိကြောင်း ရာသီဥတုဆိုင်ရာ နာဆာသိပ္ပံပညာရှင် ဂါဗင်စမစ်က ပြောကြားခဲ့ပါသည်။

 

နှင်းများဖုံးလွှမ်းနေသည့် ဟိမဝန္တာတောင်ထိပ်ကို မိုင်ပေါင်း ၁၀၀ ကျော်မှ ထင်ရှားစွာ မြင်တွေ့ခွင့်ရ

 

အများပြည်သူတို့၏ သွားလာလှုပ်ရှားမှုများအပေါ် ကန့်သတ်ထားမှုကြောင့် လေထုသန့်ရှင်းစင်ကြယ်မှု ဖြစ်ပေါ်လာခြင်းကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၌ ပိုမိုမြင်သာစွာ တွေ့ရှိရပါသည်။ ဧပြီလ ၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ ဂျာလန်ဒါမြို့မှ ဒေသခံများက နှင်းများဖုံးလွှမ်းနေသည့် ဟိမဝန္တာတောင်ထိပ်ကို မိုင်ပေါင်း ၁၀၀ ကျော်မှ ထင်ထင်ရှားရှားမြင်တွေ့ ခဲ့ကြရာ ယင်းကဲ့သို့ မြင်ကွင်းမျိုးကို မမြင်တွေ့ရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။ ။

 

ပင်လယ်လိပ်များ အနှောင့်အယှက်မှ ကင်းဝေး

 

ကမ္ဘာတစ်လွှားရှိ ပင်လယ်လိပ်များမှာလည်း လူသားများကြောင့် ပင်လယ်ကမ်းခြေ သဲသောင်များ၌ ဥချရန် အခက်အခဲများ ဖြစ်နေခဲ့ကြောင်း၊ ပင်လယ်လိပ်များအနေဖြင့် ဥချနိုင်ရေးအတွက် အနှောင့်အယှက်ကင်းဝေးရန် လိုအပ်သည့်အပြင် ကမ်းစပ်တစ်လျှောက် ထိန်ထိန်ညီအောင် ထွန်းထားသည့် မီးများကြောင့် လိပ်ပေါက်စလေးများအတွက် ဇဝေဇဝါဖြစ်စေကြောင်း ပင်လယ်လိပ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေးဗစ် ဂေါ့ဖရီက ပြောကြားခဲ့ပါသည်။

 

သို့ရာတွင် လူသားများနှင့် အလင်းရောင်များ ကင်းဝေးလာချိန်တွင် ယခုနှစ်အတွင်း ပင်လယ်လိပ်များ ဥချမှုမှာ အာရှတိုက်ရှိ အိန္ဒိယနိုင်ငံမှ တောင်အမေရိကတိုက်ရှိ ကော့စတာရီကာနှင့် အမေရိကန် ပြည်ထောင်စုရှိ ဖလော်ရီဒါကမ်းခြေအထိတိုင်အောင် များစွာတိုးတက်ကောင်းမွန်လာသည့် အနေအထားရှိကြောင်း ဒေးဗစ် ဂေါ့ဖရီက ပြောကြားခဲ့ပါသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုက လူသားများအတွက် မကြုံစဖူး အကျပ်အတည်းများ ဖြစ်ပေါ်စေခဲ့သော်လည်း သဘာဝတောရိုင်း တိရစ္ဆာန်များအတွက် စိတ်သက်သာမှုရစေသည့် မျှော်လင့်ချက်ရောင်ခြည်ဟုလည်း တင်စားပြောဆိုခဲ့ပါသည်။ ။

Ref: "World marks 50th anniversary of Earth Day amid 'green' Covid-19 lockdown." France 24; Apr 22, 2020.