မောင်မောင်ဖြူ
၆-၂-၂၀၂၃ ရက်မှအဆက်
“ကဲ ကိုအေးဆွေ၊ ရှင်လည်း တော်တော်နဲ့ ကျောင်းတက်နိုင်သေးမှာမဟုတ်ဘူး။ ဒီတော့ ဆရာကြီးဆီကိုပို့ဖို့ ခွင့်တိုင်စာရေးပါ။ ကျွန်မ ဒီက ကျောင်းပြန်သွားရင် ပို့ပေးမယ်”
ဆေးခန်းမှအထွက် ဆေးရုံအဆောက်အအုံ၏ စင်္ကြံဆောင်ထဲအရောက်တွင် ခင်သန်းဌေးက ကိုအေးဆွေအား ပြောလိုက်ခြင်းဖြစ်၏။ ထို့နောက် သူသည် လက်မှ နာရီကိုကြည့်လိုက်၏။ နာရီမှာ မွန်းလွဲပိုင်း ၁၂ နာရီခွဲပင် ရှိနေပေပြီ။
“ပြီးတော့ ရှင်ရွာကို ခုတိုင်းပြန်သွားလို့ မဖြစ်သေး ဘူး။ ခုတိုင်း ခြေကျင်ပြန်သွားရင် ခြေထောက် သွေးကျပြီး ပိုဆိုးသွားလိမ့်မယ်။ ဒီမြင်းလှည်းနဲ့ပဲ စီးပြီး ပြန်သွားပါ”
ခင်သန်းဌေးက အားနာခြင်း၊ ကြင်နာခြင်း အမူ အရာဖြင့် ဆေးရုံရှေ့တွင် သူတို့အား စောင့်ဆိုင်းရပ် နေသော မြင်းလှည်းဆီသို့ တစ်ချက်မျက်စိဝေ့ကြည့် ရင်း ကိုအေးဆွေအား ပြောလိုက်သည်။
“ဟာ ကိစ္စမရှိပါဘူး မခင်သန်းဌေး၊ ခုတိုင်း ပြန်သွားလို့ရပါတယ်” ကိုအေးဆွေကလည်း အားနာဟန်ဖြင့် ငြင်းပယ်လိုက်၏။
“အို ခုတိုင်းပြန်သွားလို့ ဘယ်ဖြစ်မလဲ ကိုအေး ဆွေရဲ့။ ကဲပါလေ ခွင့်တိုင်စာသာ ဒီခုံပေါ်မှာရေးပါ။ ကျွန်မ မြင်းလှည်းသမားကို ပြောလိုက်ပါမယ်”
ခင်သန်းဌေးသည် ကိုအေးဆွေအား ဆေးရုံစင်္ကြံ ဆောင်ရှိ လူနာများထိုင်လေ့ရှိသော ခုံတန်းလျားပေါ် တွင် ခွင့်တိုင်စာရေးရန် ညွှန်ပြပြီးနောက် မြင်းလှည်း ဆီသို့ ထွက်သွားလေသည်။
ထို့နောက်တော့ ခင်သန်းဌေးသည် မြင်းလှည်း သမား ကိုဘညိုကြီးအား ကိုအေးဆွေကို လက်ပံပင် ရွာအထိ လိုက်ပို့ရန်အကြောင်း၊ မြင်းလှည်းခမှာ ယခုပေးရန် ပါမလာကြောင်း၊ မိမိအိမ်သို့ လာတောင်း ပါရန်အကြောင်း စသည်ဖြင့် ပြောဆိုမှာကြားနေလေ သည်။
[ ၆ ]
နွေဦးကာလ၏ ကျောင်းအားသောရက်တစ်ရက် ဖြစ်လေသည်။
“ဟင် ဌေးဌေးပါလား”
ကိုအေးဆွေသည် ထမ်းပိုးတစ်ဖက်လျှင် မြူအိုး ၇ လုံး၊ ၈ လုံးလောက်ကို လျှိုထမ်းကာ လာရင်းက တဲအရောက်တွင် တဲရှေ့ကွပ်ပျစ်ပေါ်၌ ထိုင်၍ စာဖတ်နေသော ခင်သန်းဌေးအား နှုတ်ဆက်လိုက် သည်။ ကိုအေးဆွေသည် မမျှော်လင့်ဘဲနှင့် ခင်သန်းဌေးအား တွေ့လိုက်ရသဖြင့်လည်း ဝမ်းသာ ကြည်နူးသွားသည်။ တောက်ပသောအပြုံးဖြင့် လည်း ခင်သန်းဌေးအား ရွှန်းရွှန်းစားစား ကြည့်လိုက် မိသည်။
ဝတ္ထုစာအုပ်ကို စိတ်ဝင်စားစွာ ဖတ်နေသော ခင်သန်းဌေးသည် ကိုအေးဆွေ၏ နှုတ်ဆက်လိုက်သံ ကြောင့် မော့ကြည့်လိုက်ရာ ကိုအေးဆွေနှင့် မျက်လုံးချင်း ဆိုင်မိသွားသည်။ ထိုအခါ ခင်သန်းဌေး က သူ့မျက်နှာကို လျင်မြန်စွာ အောက်သို့ ငုံ့ပစ်လိုက် သည်။ ကိုအေးဆွေ၏ရင်တွင်းမှာလည်း တလှပ်လှပ် ဖြစ်သွားသည်။
နောက်ပြီးတော့မှ ခင်သန်းဌေးသည် ပြန်မော့ လာကာ “ဟုတ်တယ်၊ ဒေါ်လေး ချောက်ကို အလည် သွားနေတာနဲ့၊ ကျောင်းကလည်းအားတာနဲ့၊ ကြီးကြီးမေတို့နဲ့ အတူလိုက်လာတာ”
ထန်းလှည့်နေ့တိုင်းတွင် ခင်သန်းဌေး၏ဒေါ်လေး ဆိုသည့် မညွန့်မေသာ ထန်းလျက်ကို လာယူစမြဲ ဖြစ်သည်။ ခင်သန်းဌေးသည် ရှေးယခင်က လိုက်ပါ လာလေ့ မရှိချေ။ တစ်ခါတစ်ရံ လိုက်ပါလာတတ် သော်လည်း တစ်ခါဖူးမျှ အဖက်လုပ်၍ စကားမပြော ခဲ့ဖူးချေ။ စကားပြောရန် မဆိုထားဘိ၊ လှည့်၍ ကြည့်ဖော်ပင် မရချေ။ အဖက်မတန်သလို အမှတ် တမဲ့သာ နေလေ့ရှိခဲ့သည်။
ယခုမူ ခင်သန်းဌေးနှင့် ကိုအေးဆွေတို့မှာ ခွေးဝိုင်းကိုက်စဉ် ကူညီရာမှစတင်ပြီး တစ်ဦးနှင့် တစ်ဦး ရင်းရင်းနှီးနှီး ရှိလာသည်။ ကိုအေးဆွေမှာ ခွေးကိုက်နာကို နှစ်ပတ်ခန့်လောက် ဆေးကုလိုက်ရ သည်။ သို့တိုင်အောင် သူ၏ခြေသလုံးတွင် ခွေးကိုက်ထားသည့်အမာရွတ်သည် သေရာပါမည့် အမှတ်လက္ခဏာအဖြစ် ကျန်ရစ်ခဲ့လေသည်။
ထိုအချိန်မှစ၍ သူတို့နှစ်ဦးမှာ ခေါ်ရဲ ပြောရဲဆိုရဲ ဖြစ်လာသည်။ တစ်ဦးနှင့်တစ်ဦး ကျောင်းမှာပင် တပူးတွဲတွဲ ဖြစ်လာသည်။ ကိုအေးဆွေသည် အတန်းထဲတွင် ဘာသာတိုင်းလိုလို တော်သော ကျောင်းသားတစ်ဦး ဖြစ်သည်။ အထူးသဖြင့် ဂဏန်း သင်္ချာဘာသာတွင် အတော်ဆုံး ကျောင်းသား တစ်ယောက်ဖြစ်သည်။
ထို့ကြောင့်လည်း ခင်သန်းဌေးသည် သူတွက်မရ သော ဂဏန်းပုစ္ဆာများကို ကိုအေးဆွေအား အကူ အညီတောင်းတတ်၏။ ကိုအေးဆွေကလည်း စိတ်ရှည်လက်ရှည်ဖြင့် တွက်နည်း တွက်ပုံများကို ပြပေးတတ်၏။ ဤသို့ဖြင့် တဖြည်းဖြည်း တစ်ဦးနှင့် တစ်ဦး ရင်းနှီးလာကြသည်။
“ဒါဖြင့် ကြီးကြီးမေရော”
“ဟိုဘက်တဲသွားတယ်”
ကိုအေးဆွေသည် ခေါင်းဆတ်၍ ညိတ်လိုက်မိရင်း ဦးစံကျော်တို့တဲဘက်သို့ အမှတ်မထင် လှမ်းကြည့် လိုက်မိသည်။ ကြီးကြီးမေမှာ ဦးစံကျော်တို့၏ ထန်း ပိုင်ရှင် ဖြစ်လေသည်။
“ကဲ ဒါဖြင့်ရင်လည်း အေးအေးဆေးဆေး နေဦး ပေါ့။ ကျွန်တော် မယိုးကောက်စရာ ကျန်နေသေးလို့ ပါ” ဟု ကိုအေးဆွေက ထမ်းပိုးကို မြေကြီးအား ထောက်လိုက်ရင်း ပြောလိုက်သည်။
“အို လုပ်စရာရှိတာ လုပ်ပါလေ။ ဌေးအတွက် အရေးမကြီးပါဘူး။ ဧည့်သည်မှမဟုတ်ဘဲနဲ့။ ကဲ လုပ်စရာရှိ သွားလုပ်ပါလေ”
ခင်သန်းဌေးက သူ့အတွက် တာဝန်မဖြစ်စေရန် ဆိုရင်း လှိုက်လှိုက်ကလေး ရယ်မောလိုက်သည်။
သည်တော့မှ ကိုအေးဆွေလည်း ကျန်အလုပ် များကို ဆက်လက်လုပ်ကိုင်ရန် ထွက်ခွာလာခဲ့သည်။ သို့တစေလည်း သူ၏စိတ်များမှာ ခင်သန်းဌေး ဆီသို့သာ ရောက်နေသည်။ ထို့ကြောင့် ကျန်အလုပ် များကို တက်သုတ်ရိုက်ကာ လုပ်နေတော့သည်။ တကယ်တော့လည်း အလုပ်မြန်မြန်ပြီးမှ ခင်သန်းဌေး နှင့် စကားပြောရမည် မဟုတ်ပါလား။
အလုပ်ကိုသာ လုပ်နေရသည်၊ ကိုအေးဆွေ၏ စိတ်များက ခင်သန်းဌေး၏ အကြောင်းများကိုသာ စဉ်းစားနေမိသည်။
တစ်ချိန်ကဆိုလျှင် ခင်သန်းဌေးအား မာနခဲ မလေးဟုသာ မြင်နေမိသည်။ ထို့အပြင် လူကုံထံ မိဘများက ပေါက်ဖွားလာသည် ဖြစ်၍လည်း သူ့အပေါင်းအသင်း ကျောင်းသူလေးများမှာ လူချမ်းသာ၊ လူကုံထံအသိုင်းအဝိုင်းမှ အမျိုးသမီး ကျောင်းသူလေးများသာ ဖြစ်သည်။ ဆင်းရဲသား မိန်းကလေး ကျောင်းသူများနှင့် အရောတဝင် ပေါင်းသည်ကို မတွေ့ရချေ။
လွန်ခဲ့သော တစ်ခါတုန်းကဆိုလျှင် ကိုအေးဆွေ သည် ကျောင်းအားသောနေ့ဖြစ်သဖြင့် ကျောက် ပန်းတောင်းသို့ ကိစ္စတစ်ခုဖြင့်သွားရင်း မိခင်လုပ်သူ ဒေါ်ဘုမက ပထမနေ့က မညွန့်မေမှာသွားသော သကာရည်အိုးကို ခင်သန်းဌေးတို့အိမ်သို့ ဝင်ပေးပို့ စမ်းပါဟုဆိုသဖြင့် ဝင်ပေးဖူးသည်။
“ဟောဒီမှာ အမေက အပေးခိုင်းလိုက်လို့ သကာ ရည်အိုး”
ကိုအေးဆွေသည် အိမ်ရှေ့ဧည့်ခန်းတွင် ခံ့ညားစွာ ထိုင်နေသော ခင်သန်းဌေးအား ပြောလိုက်ရင်း ကုလားထိုင်နားတွင် ခပ်ယို့ယို့ ရပ်နေမိသည်။ ခင်သန်းဌေးသည် စမ်းစမ်းမြင့်နှင့်ထိုင်ကာ စကား ပြောလျက်ရှိ၏။ ခံ့ညားသော အိမ်ကြီးနှင့် ထည်ဝါ စွာ ပြင်ဆင်မွမ်းမံထားသော ဧည့်ခန်းကြီး၏ အရှိန် အဝါကြောင့်လည်း ကိုအေးဆွေမှာ မဝံ့ရဲရဲ ဖြစ်နေ သည်။ ထန်းလှည့်ဘက်၊ စီးပွားဘက်ဖြစ်သော် လည်း သူတို့မှာမူ ကျိကျိတက်ချမ်းသာလှ၏။ မိမိတို့ မှာကား စုတ်ချာသော တဲအိမ်ကလေးကိုပင် ရုတ်တရက် ပြင်ဆောက်နိုင်ဖို့မဆိုထားဘိ၊ စားဖို့ ဝတ်ဖို့ပင် မနည်းရုန်းကန်ရသည့် အဖြစ်ကြောင့် သူတို့နှင့် ယှဉ်လိုက်တိုင်း မိမိတို့မှာ အလိုလို အောက်ကျကာ အားငယ်နေမိသည်။
“ဪ၊ ဒေါ်လေးမှာခဲ့တယ်ဆိုတဲ့ သကာရည်အိုး နဲ့ တူတယ်။ အဲဟိုမှာ ထားခဲ့ပါ”ဟု ခင်သန်းဌေးက ကြမ်းပြင်တစ်နေရာသို့ လက်ညှိုးထိုးကာပြလိုက် ရင်း ဆို၏။
ထို့နောက်တွင်မူ ခင်သန်းဌေးသည် စမ်းစမ်းမြင့် နှင့်သာ ပြောလက်စ စကားကို ဆက်လက်ပြောနေ သည်။ ကိုအေးဆွေအား “ထိုင်ပါဦး” ဟု လောက ဝတ်ပင် မပြုချေ။
ထို့ကြောင့်လည်း ကိုအေးဆွေမှာ ဟိုနားထိုင်ရ တော့မလို၊ သည်နားတွင် ထိုင်ရတော့မလိုနှင့် ယောင်နနဖြစ်နေသည်။ အခြားလူကြီးများလည်း ရှိကြဟန် မတူပေ။ ကြာတော့လည်း ကိုအေးဆွေ သည် သည်မျှအထိ လူမှုဆက်ဆံရေး နားမလည် သော၊ ဒါမှမဟုတ်လည်း မိမိအား သူတို့နှင့် တစ်စား ပွဲတည်း ကုလားထိုင်တွင် ထိုင်ရမည်ကို ရွံ့ကြောက် ဘိအလား အဖက်မတန် လူတန်းစားခွဲခြားလိုသော ခင်သန်းဌေးတို့အပေါ်တွင် ဒေါသဖြစ်မိလာသည်။
ဦးမြမောင်၊ ဒေါ်လှတင်တို့မှာမူ အသက်အရွယ် ကြီးရင့်သူများဖြစ်ကြသည့်အပြင် မိဘဘိုးဘွားများ လက်ထက်ကတိုင် ရိုသေလေးစားလာရသည်မို့ မထောင်းတာ။ တစ်ဦးနှင့်တစ်ဦး ကျေးဇူးခံ ကျေးဇူး စားများ ဖြစ်နေကြ၍ လေးစားရ၏။
ယခုလို သူလို ငါလို အသက်အရွယ်ချင်း မတိမ်း မယိမ်းလည်းဖြစ်၊ ကျောင်းတွင် တစ်တန်းတည်း လည်းနေရသော သူတို့က မိမိအား အဖက်မတန် သလို ဆက်ဆံခြင်းခံရသည့်အဖြစ်ကို တွေ့လာရ သောအခါ ကိုအေးဆွေမှာ အသားများ ဆတ်ဆတ် တုန်လာခမန်း ဒေါသဖြစ်လာတော့သည်။
“ကျုပ် ပြန်မယ်” ဟု ကိုအေးဆွေက စကားကို ခပ်ဆတ်ဆတ်ပြောပြီးနောက် သူတို့အား ကျောခိုင်း လိုက်တော့သည်။ တံခါးပေါက်နားဆီသို့ ရောက်သော အခါမှသာ “အေးဟေ့” ဟူသော ခင်သန်းဌေး၏ အထက်စီးမာန်ပါသည့်အသံကို ကြားလိုက်ရသည်။
ယခုတော့မူ ထိုကဲ့သို့သောဆက်ဆံမှုမျိုး လုံးဝ မတွေ့ရတော့သည့်ပြင် ရှင်နှင့် ကျွန်မနှင့် ဖြစ်လာ သည်။ ထို့နောက်တော့ ဌေးဟူသော အသုံးအနှုန်း ဖြင့်ပင် ရင်းရင်းနှီးနှီး ဖြစ်လာသည်။ နောက်ပြီး မိမိကိုလည်း သူ၏ ကျေးဇူးရှင်တစ်ယောက်အနေ ဖြင့် အသိအမှတ်ပြုထားသည့်အပြင် စာပေရေးရာ နှင့် ပတ်သက်လာလျှင်လည်း ဆရာအဖြစ် တင်လာ သည်။
ခင်သန်းဌေးတို့သည် ညနေစောင်း နေစွယ်ကျိုး သွားသောအခါမှသာ ပြန်သွားကြတော့သည်။ မပြန်မီ ကိုအေးဆွေနှင့် ခင်သန်းဌေးတို့ ပြောကြ သည့် စကားများကလည်း စုံသွားတော့သည်။ ကျောင်းသင်ခန်းစာများအကြောင်း၊ ယနေ့ စာပေ လောကရှိ နာမည်ကြီး အမျိုးသားစာရေးဆရာ၊ အမျိုးသမီးစာရေးဆရာမတို့ ရေးသားကြသော ဝတ္ထုများမှ ဇာတ်လမ်းဇာတ်ကွက်များ၊ ဝတ္ထု၏ ဆိုလိုချက်များနှင့် အတွေးအခေါ်များကို ဝေဖန်ကြ လေသည်။ ဆက်လက်ဖော်ပြပါမည်။