နေပြည်တော်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ် - ၁၉ကာကွယ် ဆေး ထိုးနှံပေး

နေပြည်တော် ဇူလိုင် ၂၇

 

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပြည်ထောင်စုအဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများကို ယနေ့တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ် - ၁၉ ကာကွယ် ဆေး (Sinopharm) ကို ထိုးနှံပေးလျက်ရှိသည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ရာ ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာ ဝန်ထမ်းဉီးရေ ၅၀၀ နှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာဝန်ထမ်း ဉီးရေ ၁၀၀၀ တို့ကို နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် အမှတ် (၂) ခုတင် (၁၀၀၀) စစ်ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများက အဖွဲ့ ၅ ဖွဲ့ခွဲ၍ ဆေးထိုးနှံပေး ကြသည်။

 

ဆေးလာရောက်ထိုးနှံသူ ဌာနဆိုင်ရာဝန်ထမ်းတစ်ဉီး က “ အခုလို ကိုဗစ် - ၁၉ ကပ် ရောဂါဖြစ်ပွားမှု များပြားနေတဲ့အချိန်မှာ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံ ပေးတဲ့အတွက် များစွာဝမ်းမြောက်မိပါတယ်။ ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေကိုလည်း ဆေးထိုးနှံဖို့ တိုက်တွန်းချင်ပါတယ်။ မိမိကနေစပြီး မိသားစုကိုရော တိုင်းပြည်ကိုပါ ကာကွယ်ချင်ရင် ကာကွယ်ဆေးထိုးနှံဖိုလိုအပ်ပါတယ်။ ဒီရောဂါကြီး လျော့နည်း ပပျောက်သွားမှ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ တိုးတက်အောင် ပြန်လည် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးတွေ ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ထပ်မံရောက်လာပါစေလို့လည်း မျှော်လင့်မိပါတယ်” ဟု ပြောသည်။

 

ဆေးလာရောက်ထိုးနှံသူ  ဒေါ်ဆွေဝင်းကလည်း “ ကျွန်မတို့ကို ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးမယ်လို့ စကြားကတည်းက ဝမ်းသာနေမိတာပါ။ ကိုယ့်ပတ်ဝန်းကျင်က ဝန်ထမ်းတွေကိုလည်း ကာကွယ်ဆေး မပျက်မကွက် ထိုးနှံကြဖို့ကိုလည်း သတိပေးတယ်။ ဒီနေ့ကာကွယ်ဆေး စထိုးတော့လည်း အကုန်လုံးကို ခေါ်ပြီးလာထိုးတာပါ။ အိမ်ကမိသားစုကိုလည်း ကာကွယ်ဆေး မြန်မြန်ထိုးနှံနိုင်ဖို့ မျှော်လင့်နေမိပါတယ်။ အမြန်ဆုံးထိုးနှံနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ကပ်ရောဂါကြီး ကင်းစင်ပြီး ကမ္ဘာကြီး နေပြန်ကောင်းလာတဲ့တစ်နေ့ မိသားစုနဲ့ ခရီးတွေထွက်မယ်လို့လည်း စိတ်ကူးထားပါတယ်။ ဒီနေ့ကာကွယ်ဆေး ထိုးနှံလိုက်ရတာဟာ ကျွန်မစိတ်ကူးထားတဲ့အတွေးအတွက် ခြေလှမ်းတစ်လှမ်းလို့ ထင်မြင်မိပါတယ်။ ပြည်သူတွေ အကုန်လုံးလည်း ကာကွယ်ဆေးထိုး ခွင့်ရပြီဆိုတာနဲ့ မပျက်မကွက်ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။

 

mdn

 

ကိုဗစ် - ၁၉ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။

 

ထို့ပြင် ယခုကဲ့သို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ် - ၁၉ ကာကွယ်ဆေး အောင်မြင်စွာ ထိုးနှံနိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေး ဝန်ထမ်းများပူးပေါင်း၍ လိုအပ်သည်များပြင်ဆင်ဆောင်ရွက်ခြင်း၊ ကျောင်းတွင်းတစ်လျှောက် သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကိုလည်း ကြိုတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

သတင်း - အောင်သန့်

ဓာတ်ပုံ - ကိုကိုအေး