ငြိမ်းချမ်းရေးဆွေးနွေးပွဲဖျက်သိမ်းမှုကြောင့် ဘယ်သူပိုနစ်နာမလဲ

၁၃ စက်တင်ဘာ

၁၈ နှစ်ကြာအောင်ဖြစ်ပွားခဲ့တဲ့ အာဖဂန်စစ်ပွဲအဆုံးသတ်စေရေးကြိုးပမ်းမှုဖြစ်တဲ့ တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို သမ္မတထရမ့်က တစ်ဖက်သတ်ဖျက်သိမ်းလိုက်တဲ့အတွက် ပိုပြီးနစ်နာဆုံးရှုံးရမယ့်သူဟာ အမေရိကန်ပြည်သူတွေပဲဖြစ်တယ်လို့ တာလီဘန်တွေက ဆိုလာခဲ့ပါတယ်။

ဖျက်သိမ်းဖို့ဆုံးဖြတ်

ဒီကိစ္စနဲ့ပတ်သက်လို့ တာလီဘန် အဖွဲ့ရဲ့  ထုတ်ပြန်ချက်ထဲမှာ  ငြိမ်းချမ်း ရေးဆွေးနွေးမှုကို    သမ္မတထရမ့်က  မပယ်ဖျက်ခင် နောက်ဆုံးအချိန်အထိ  အစစအရာရာ အခြေအနေကောင်းနေခဲ့ပြီးခါမှ အခုလိုဖြစ်ရတယ်လို့  ဖော်ပြ ထားပါတယ်။ ဒေးဗစ်အပန်းဖြေစခန်းမှာ  ပြုလုပ်ဖို့  စီစဉ်ထားခဲ့တဲ့  လျှို့ဝှက်ဆွေးနွေးပွဲကို    ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  ပြီးခဲ့တဲ့စနေနေ့ညက  တွစ်တာပေါ်မှာ        ရေးသားဖော်ပြမှုတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်။

မကြာသေးခင်က    ဖြစ်ပွားခဲ့တဲ့   အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦး အသတ်ခံခဲ့ရမှုတစ်ခုရဲ့ နောက်ကွယ်မှာ တာလီ ဘန်အဖွဲ့ရှိနေခဲ့ကြောင်း  သိရှိလိုက်ရပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးမှုကို  ဖျက်သိမ်းဖို့      ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့  သမ္မတထရမ့်က  ပြောကြား ခဲ့ပါတယ်။

တာလီဘန်အစိုးရကိုဖြုတ်ချ

သမ္မတထရမ့်ဟာ      တာလီဘန်ဖွဲ့  အကြီးတန်းခေါင်းဆောင်တွေနဲ့ အာဖဂန်သမ္မတ အာရှာရက်ဂါနီတို့နဲ့အတူ မေရီလန်းအပန်းဖြေစခန်းမှာတွေ့ဆုံ ဆွေးနွေးဖို့လည်း စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ တာလီဘန်တွေက အာဖဂန်အစိုးရအဖွဲ့ကို အမေရိကန်ရဲ့ ရုပ်သေးရုပ်မျှသာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ၄င်းတို့နဲ့ တိုက်ရိုက်စကားပြောဆိုဆွေးနွေးဖို့ကို ငြင်းဆန်ခဲ့တာကြောင့် ဆွေးနွေးပွဲတွေကို သီးခြားစီခွဲပြီး ကျင်းပ ခဲ့ဟန်ရှိပါတယ်။

တာလီဘန်စစ်သွေးကြွအဖွဲ့ဟာ  ၂၀ဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုကို  အကွက်ချစီစဉ်နိုင်ဖို့အတွက်  အယ်လ်ကိုင်ဒါစစ် သွေးကြွအဖွဲ့ကို  ဘေးကင်းလုံခြုံစေမယ့်  ခိုလှုံရာပေးခဲ့တယ်ဆိုပြီး အမေရိကန်ဦးဆောင်တဲ့တပ်ဖွဲ့တွေက တာလီဘန်အစိုးရကို ဖြုတ်ချခဲ့ပါတယ်။

တာလီဘန်အဖွဲ့ အာမခံ

ဆွေးနွေးပွဲတွေ မဖျက်သိမ်းခင်ရက်ပိုင်းအတွင်း ဖောက်နယူးစ်သတင်းမှာ ဖော်ပြခဲ့မှုအရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန် ပီအိုက တာလီဘန်စစ်သွေးကြွတွေကို အမေရိကန်မြေပေါ်မှာ လက်ခံ ဆွေးနွေးဖို့ ရည်ရွယ်ထားကြောင်း ပြောခဲ့ပါတယ်။ အတိတ်မှာတုန်းက  ခက်ခဲတဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို  လက်ခံကျင်းပခဲ့ရာနေရာဖြစ်တဲ့  ဒေးဗစ်အပန်းဖြေစခန်းကို  ဆွေးနွေးပွဲတည်နေရာအဖြစ် ရွေးချယ်ထားတယ်ဆိုတဲ့အကြောင်း  ၄င်းက  ပြောကြားခဲ့ပါတယ်။  အမေရိကန်နဲ့ တာလီဘန်အဖွဲ့ ကိုယ်စားလှယ်တွေအကြား ကိုးကြိမ်မြောက်ဆွေးနွေးမှုတွေကို ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ ကာတာမြို့တော် ဒိုဟာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုအတွင်းမှာ အဆိုပြုထားတဲ့ သဘောတူညီမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန်ဟာ ရက်သတ္တပတ်ပေါင်း  ၂၀ အတွင်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၄၀ဝ ကို ရုပ်သိမ်းသွားမှာဖြစ်ပြီး  အဲဒီအတွက်အပြန်အလှန်အနေနဲ့ တာလီဘန်အဖွဲ့က အာဖဂန်မြေဟာ  အကြမ်းဖက်လုပ်ရပ်တွေအတွက် အခြေစိုက်စခန်းတစ်ခု ဘယ်တော့မှ ဖြစ်မလာစေရဘူးလို့ အာမခံချက်ပေးခဲ့ပါတယ်။

တပ်ဖွဲ့ဝင်ဘယ်လောက်ချထားလဲ

လက်ရှိ      အာဖဂန်မှာချထားတဲ့      အမေရိကန်တပ်ဖွဲ့ဝင်အရေ အတွက်ဟာ ၁၄၀ဝဝ ခန့်ရှိပါတယ်။ တာလီဘန်အဖွဲ့ ပြောဆိုခွင့်ရပုဂ္ဂိုလ်  ဇာဘီဟူလာ မူဂျာဟစ်က အမေရိကန်ဟာ စိတ်အလိုမကျစရာဖြစ်ရပ် လေးတစ်ခုအတွက်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို တစ်ဖက်သတ် ဖျက်သိမ်းလိုက်တဲ့အတွက် ရင့်ကျက်မှုမရှိဘူးလို့ စွပ်စွဲထားပါတယ်။

အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့ဟာ လာမယ့်စက်တင်ဘာ  ၂၃ ရက်မှာ ဆွေးနွေးဖို့  သဘောတူညီခဲ့ကြတယ်လို့လည်း  ၄င်းက ပြောပါတယ်။ အာဖဂန်အစိုးရကတော့ ဒီကိစ္စကို အတည်ပြုခြင်းမရှိပါ ဘူး။ ကဘူးလ်မြို့မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတဂါနီရဲ့  ပြောဆိုခွင့်ရှိသူက   တာလီဘန်အုပ်စုနဲ့   တိုက်ရိုက်ညှိနှိုင်းခွင့်ရဖို့ ကာလကြာမြင့်စွာ မျှော်လင့်ခဲ့တယ်ဆိုတဲ့အကြောင်းကိုပဲ ထပ်တလဲလဲ ဆိုခဲ့ပါတယ်။

ပည်သူတွေမျှော်လင့်ချက်မဲ့လား

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း   တာလီဘန်အဖွဲ့က   ကဘူးလ်မြို့မှာ ကားဗုံးခွဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာမှာ  လူ  ၁၂  ဦးသေဆုံးပြီး  အဲဒီအထဲမှာ အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ နေတိုးအဖွဲ့ ဦးဆောင်တဲ့မစ်ရှင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရိုမေးနီးယား  တပ်ဖွဲ့ဝင်တစ်ဦးလည်းပဲ သေဆုံးခဲ့ရပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုသာ  ပြုလုပ်နေပေမယ့်  တာလီဘန်အဖွဲ့ဟာ  အာဖဂန်တပ်ဖွဲ့ တွေနဲ့ ပြည်ပကတပ်ဖွဲ့တွေကို အကြမ်းဖက်တဲ့စစ်ဆင်ရေးကို ရပ်တန့်မယ်လို့တော့ ဘယ်တုန်းကမှ သဘောတူခဲ့ခြင်းမရှိပါဘူး။

ဖြစ်သင့်ရဲ့လား

ဒီတော့ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုက  အမေရိကန်နဲ့ တာလီဘန်တို့အကြား သဘောတူညီမှုဟာ အာဖဂန်မှာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ အရပ်သားပြည်သူတွေ သေဆုံးမှုကို      ရပ်တန့်သွားအောင်      လုပ်ဆောင်နိုင်မှာမဟုတ်ဘူးဆိုတဲ့ စိုးရိမ်ထိတ်လန့်မှုကို ပိုမိုနက်ရှိုင်းလာစေခဲ့ပါတယ်။ အခုအချိန်အထိ ကဘူးလ်မြို့က ဒေသခံတွေဟာ အမေရိကန်တပ်ဖွဲ့ဝင်သေဆုံးမှု အတွက်  ငြိမ်းချမ်းရေးအလားအလာတွေကို ပျက်စီးသွားစေတာက ဖြစ်သင့်ရဲ့လားဆိုတဲ့ မေးခွန်းကိုလည်း မေးနေကြတုန်းပါပဲ။

ယခုနှစ်အတောအတွင်းမှာ အာဖဂန်ပြည်သူတွေ အသက်သွေးချွေးနဲ့ ရင်းနှီးပေးဆပ်ခဲ့ရတာတွေကရော ထိုက်တန်ရဲ့လားလို့ မေးခွန်းထုတ်လာကြသူတွေလည်း  ရှိပါတယ်။  နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ တာလီဘန်တွေရဲ့   တိုက်ခိုက်မှုတွေဟာ   အာဖဂန်အရပ်သားတွေနဲ့ အမေရိကန်ကို    ပိုပိုပြီးဒေါသဖြစ်စေခဲ့ပါတယ်။    တာလီဘန်တွေကတော့ ပြည်ပကတပ်ဖွဲ့တွေကို ပစ်မှတ်ထားကာ တိုက်ခိုက်နေတယ်လို့  ပြောဆိုနေပေမယ့်လည်း အချိန်နဲ့အမျှ ထိခိုက်ခံစားနေရတာကတော့  အရပ်သားပြည်သူတွေပါပဲ။

မတည်ငြိမ်မှုတွေ ပိုဆိုးလာနိုင်

၂၀၁၆ ရွေးကောက်ပွဲမှာ အမေရိကန်သမ္မတထရမ့်ဟာ အာဖဂန်စစ်ပွဲ အဆုံးသတ်စေမယ်ဆိုတဲ့ကတိကို မဲဆွယ်စည်းရုံးရေးလက်နက်အဖြစ်  ထုတ်သုံးခဲ့တဲ့သူပါ။  သို့သော်  မကြာသေးခင်ကပဲ  ထရမ့်က အာဖဂန်မှာချထားတဲ့  တပ်ဖွဲ့ဝင်အရေအတွက်ကို  ၈၆၀ဝ  အောက် လျှော့ချချင်တယ်လို့   ပြောခဲ့ပါတယ်။  ဝါရှင်တန်ပြည်သူအများစုက အမေရိကန်တပ်ဖွဲ့ဝင်တွေအားလုံးကို  ရုပ်သိမ်းလိုက်ရင်  မတည်ငြိမ်မှုတွေ ပိုမိုဆိုးရွားလာနိုင်ပြီး စစ်သွေးကြွအဖွဲ့တွေက အနောက်နိုင်ငံ တွေကိုတိုက်ခိုက်တဲ့ အခြေစိုက်စခန်းတစ်ခုအနေနဲ့ အသုံးပြုလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

တာလီဘန်တွေ အာဏာပြန်ရသွားနိုင်

အာဖဂန်မှာရှိကြတဲ့  ပြည်သူအချို့က  ဘယ်လိုသဘောတူညီမှု မျိုးပဲဖြစ်ဖြစ် ခက်ခက်ခဲခဲရထားတဲ့ ရပိုင်ခွင့်တွေနဲ့ လွတ်လပ်ခွင့်တွေကို  တိုက်စားသွားစေပြီး တာလီဘန်တွေကပဲ အာဏာပြန်ရသွားမှာကို  စိုးရိမ်နေပါတယ်။ တာလီဘန်တွေအုပ်စိုးခဲ့တဲ့ ၁၉၉၆ ခုနှစ်ကနေ ၂၀ဝ၁ ခုနှစ်အထိအချိန်အတွင်းမှာ စစ်သွေးကြွတွေဟာ တင်းကျပ်တဲ့ဘာသာရေးဆိုင်ရာ ဥပဒေတွေပြဋ္ဌာန်းပြီး အမျိုးသမီးတွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့ပါတယ်။

၂၀ဝ၁  ခုနှစ်  အမေရိကန်ကျူးကျော်ဝင်ရောက်လာချိန်ကစပြီး  အာဖဂန်ရှိ နိုင်ငံတကာမဟာမိတ်အဖွဲ့ဝင် ၃၅၀ဝ နီးပါး သေဆုံးခဲ့ရပါတယ်။ အဲဒီထဲမှာ အဖွဲ့ဝင် ၂၃၀ဝ ကျော်ဟာ အမေရိကန်နိုင်ငံသား တွေပါပဲ။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ  ကုလသမဂ္ဂက   အာဖဂန်အရပ်သားတွေ   သေဆုံးမှုအရေအတွက် ၃၂၀ဝဝ ကျော်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တစ်ဖက်သတ်ရပ်ဆိုင်းခဲ့တဲ့အတွက် ထိခိုက်နစ်နာမှုအရှိဆုံးဟာ  အမေရိကန်ပဲဖြစ်လာမယ်လို့   တာလီဘန်အဖွဲ့က  ပြောဆိုပေမယ့်   အမေရိကန်သမ္မတ      ဒေါ်နယ်ထရမ့်ကတော့      ဆွေးနွေးပွဲတွေဟာ အသက်မဲ့သွားပြီလို့ ပြောကြားလိုက်ပါတယ်။

ကိုးကား- အေအက်ဖ်ပီ၊ ဘီဘီစီ
ကလျာမိုးမြင့်