နိုင်ငံဖွံ့ဖြိုးရေးပုဂ္ဂလိကကဏ္ဍကို မြှင့်တင်


မြန်မာနိုင်ငံသည် မဖွံ့ဖြိုးသေးသည့်နိုင်ငံဖြစ်သော်လည်း နိုင်ငံရှိကုန်ထုတ်စွမ်းအားအရင်းအမြစ်များဖြင့် စီးပွားရေးကဏ္ဍကို ချောမွေ့စွာလည်ပတ်မောင်းနှင်နိုင်သည်။ အကြောင်းမှာ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs ပုဂ္ဂလိကစီးပွားရေးကဏ္ဍ အားကောင်းနေသောကြောင့်ဖြစ်သည်။ ထိုအချက်ကို  နိုင်ငံတော်က   ပံ့ပိုးကူညီဖြည့်ဆည်းပေးခြင်း ဖြင့် နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဖော်ဆောင်ပေးလျက်ရှိသည်။


ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်း များ လည်ပတ်ကောင်းမွန်မှုနှင့် အလုပ်အကိုင်အဆင်ပြေရေးသည် အဓိကကျသည်။ နိုင်ငံအတွင်း အလုပ်လုပ်နိုင်သော ပြည်သူအများစုမှာ ပုဂ္ဂလိကကဏ္ဍကို  အားထားကြသည်။  နိုင်ငံတော်၏  စီးပွားရေးမူဝါဒ(၁၂)ချက်အနက် အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကိုပံ့ပိုးကူညီပေးရန်ဟူသည့် မူဝါဒထည့်သွင်းထားသည်။


ထိုမူဝါဒနှင့်အညီ ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ ဒေသအသီးသီးရှိ ထုတ်လုပ်မှုကဏ္ဍများနှင့်  ရောင်းဝယ်မှုကဏ္ဍများ  အချင်းချင်းချိတ်ဆက်နိုင်ရေး၊ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာရေး၊ နည်းပညာနှင့်စီးပွားရေးဆိုင်ရာ  အ သိဉာဏ်မြင့်မားမှုနှင့်အတူ  ပြည်တွင်း၊  ပြည်ပ   MSMEs ဆိုင်ရာ   အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သွင်းကုန်အစားထိုးထုတ်ကုန်များ ပိုမိုများပြားလာရေးနှင့် တီထွင်ကြံဆမှု၊ စွန့်စားမှုများနှင့် ဆန်းသစ်သည့်ထုတ်ကုန်များ  ထုတ်လုပ်လာနိုင်ရေးတို့ကိုမျှော်မှန်းပြီး  ပြပွဲပြိုင်ပွဲများကို ကျင်းပလျက်ရှိသည်။


MSMEs ထုတ်ကုန်ပြပွဲများနှင့် ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့ကြီးများတွင် ကိုးကြိမ်ကျင်ပခဲ့ပြီး ကျင်းပခဲ့သည့် ပြပွဲပြိုင်ပွဲကိုးခုမှ ဆုရရှိခဲ့သည့် MSMEs  များကို ထပ်မံယှဉ်ပြိုင်ပြီး နိုင်ငံတော်အဆင့်ဆုများ ရွေးချယ်ချီးမြှင့်ပေးခဲ့ပေသည်။ ရည်ရွယ်ရင်းမှာ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ယှဉ်ပြိုင်နိုင်မှုစွမ်းအားမှ   အလုပ်အကိုင် အခွင့်အလမ်းတိုးပွားရေး၊ နိုင်ငံ့စီးပွား မြင့်မားတိုးတက်ရေးအတွက်ဖြစ်သည်။


နိုင်ငံ့စီးပွားရေး တိုးတက်အောင်ဖော်ဆောင်ရာ တွင် ကြုံတွေ့ရသော စိန်ခေါ်မှုများအား  ကျော်လွှားနိုင်ရန်နှင့်  ရေရှည်အကျိုးဖြစ်ထွန်းမှုကိုရှေးရှုသည့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်ညီရန်တို့အတွက်  MSMEs များသည်  အဓိကကျသော  မောင်းနှင်အားများ ဖြစ်သည်။ MSMEs များသည် မြန်မာနိုင်ငံတွင် ၉၉ ရာခိုင်နှုန်းရှိသဖြင့်ထိုလုပ်ငန်းများ အားကောင်းမှသာ နိုင်ငံစီးပွားရေးနှင့် လူမှုစီးပွား တိုးတက်လာမည်ဖြစ်သည်။


မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်နှင့်အညီ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များကို လျှော့ချကာ ပုဂ္ဂလိကကဏ္ဍတိုးတက်အောင် ဖော်ဆောင်ပေးရ မည်ဖြစ်သည်။  တိုင်းဒေသကြီးများနှင့်  ပြည်နယ်များအကြား  ဘက်ညီမျှတစွာ  ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေးအခြေအနေကောင်းများ ရရှိရေးမူဝါဒနှင့်အညီ  ယခုကျင်းပနေသော MSMEs ထုတ်ကုန်များ ပြပွဲပြိုင်ပွဲများသည် များစွာအထောက်အကူပြုပေလိမ့်မည်


MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာ တွင်လိုအပ်သည့် နည်းပညာ၊ ငွေကြေးအရင်းအနှီးများ ရရှိရေးသည် အဓိက ကျသည့်အချက်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရချေးငွေ ဘီလီယံ ၃၀၊ အပေါင်မဲ့အာမခံစနစ်ချေးငွေ  ၇  ဒသမ  ၃၉၃  ဘီလီယံ၊  ဂျပန်နိုင်ငံချေးငွေ  ဂျပန်ယန်း  ဘီလီယံ  ၂၀၊  မြန်မာ့စီးပွားရေးဘဏ်ချေးငွေ ဘီလီယံ  ၂၅၀၊  လယ်ယာဖွံ့ဖြိုးရေးဘဏ် ဘီလီယံ ၂၀ဝ၊ ဂျာမန်ချေးငွေ ယူရို ၁၅ သန်း ကျော် ထောက်ပံ့နိုင်ခဲ့သည်။


သို့ဖြစ်ရာ  ပုဂ္ဂလိကစီးပွာရေးကဏ္ဍကို ဤသို့အားပေးမြှင့်တင်နိုင်သဖြင့်ပြည်သူများအလုပ်အကိုင်ရရှိရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလား အလာကောင်းများရှိလာမည်ဟု ယုံကြည်ပါသည်။    ။


ကြေးမုံ