နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် မေ ၂၆

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၂)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်း ခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ဗီဒီယို ကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်စတင်လည်ပတ်နိုင်ရန်၊ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန်နှင့် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေး ဗဟိုကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုအစည်းအဝေးသည် ၂၀၂၂ ခုနှစ်အတွက် ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် ပထမအကြိမ်အစည်းအဝေး (၁/ ၂၀၂၁) ကို ကျင်းပခဲ့ကြောင်း။

ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ(WTTC)၏ သုတေသနစစ်တမ်းများအရ ခရီးသွားလုပ်ငန်း သည် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ဂျီဒီပီ၏ ၁၀ ဒသမ ၄ ရာခိုင်နှုန်းပါဝင်နိုင်ခဲ့ပြီး ခရီးသွား ကန့်သတ်ချက်များနှင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရမှုကြောင့် ၂၀၂၁ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အလုပ်အကိုင်(၆၂)သန်းကျော် ဆုံးရှုံးခဲ့ရသည်ဟု သိရှိရကြောင်း၊ ထို့ပြင် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်(UNWTO)၏ စာရင်းဇယားများအရ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာခရီးသည်ဝင်ရောက်မှု အခြေအနေသည် ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက (၄)ရာခိုင်နှုန်း တိုးတက်လာသော်လည်း ကပ်ရောဂါမဖြစ်ပွားမီကာလဖြစ်သည့် ၂၀၁၉ ခုနှစ်ထက် (၇၂) ရာခိုင်နှုန်း လျော့နည်းသည်ကို တွေ့ရှိရကြောင်း၊ ကပ်ရောဂါမဖြစ်ပွားမီကာလ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာခရီးသည် (၁ ဒသမ ၅) ဘီလီယံ ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာခရီးသည် (၄၁၅)သန်းသာ ဝင်ရောက်ခဲ့ကြောင်း။

မြန်မာနိုင်ငံ၏ ၂၀၁၉ ခုနှစ်တွင် ခရီးသည်ဝင်ရောက်မှု (၄ ဒသမ ၃၆)သန်းနှင့် ခရီးသွား လုပ်ငန်းမှ ဝင်ငွေအမေရိကန်ဒေါ်လာ (၂,၈၁၈ ဒသမ ၇၅)သန်း ရရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့သည့် နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်း အားလုံးနီးပါး ရပ်တန့်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသည် (၀ ဒသမ ၉၀)သန်းသာ ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၇၉)ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင်လည်း မြန်မာနိုင်ငံသို့ ခရီးသည် (၀ ဒသမ ၁၃) သန်းသာ ဝင်ရောက်ခဲ့ကြောင်း။

ကမ္ဘာ့နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရန် ခရီးသွားကန့်သတ်ချက်များ ချမှတ်ထားခြင်းသည် ခရီးသွားလုပ်ငန်း၏ အသက်သွေးကြောကို ဖြတ်တောက်လိုက် သကဲ့သို့ဖြစ်ပြီး အဆိုပါကန့်သတ်ချက်များကြောင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များသာမက စီးပွားရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကောင်းကျိုးထက်ဆိုးကျိုးကို ပိုမိုဖြစ်စေ သည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၁၀) ကြိမ်မြောက် နိုင်ငံတကာကျန်းမာရေး အရေးပေါ်တုံ့ပြန်မှု မူဝါဒကော်မတီအစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း၊ ယခုအခါတွင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ရောဂါကူးစက်မှုများကို ထိန်းချုပ်လာနိုင်သည်နှင့်အမျှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်း။

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ခရီးသွားများ အဆင်ပြေစွာ လာရောက်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကို တဖြည်းဖြည်း ဖြေလျော့ပေးခဲ့ရာ ဧပြီ (၁၇)ရက်၊ မြန်မာနှစ်ဆန်း (၁)ရက်မှစတင်ကာ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များကို စတင်ပျံသန်း ပြေးဆွဲခွင့်ပြုခဲ့ကြောင်း၊ မေ ၂၅ ရက်ထိ နိုင်ငံတကာ ပုံမှန်လေကြောင်းလိုင်းများဖြင့် ပြည်တွင်းခရီးသည် ၂၀၆၅၇ ဦးနှင့် နိုင်ငံခြားသားခရီးသည် ၅၅၆၁ ဦး ဝင်ရောက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ တစ်ရက်လျှင်ပျမ်းမျှ လေကြောင်းလိုင်း ၉ လိုင်း၊ လေယာဉ်ခရီးစဉ် ၂၈၂ ခေါက် ဆင်းသက်ပျံသန်းလျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်လုပ်ကိုင် ဆောင်ရွက်နိုင်ကြမည့် အလားအလာကောင်းများရှိလာကြောင်း။ ခရီးသွားလုပ်ငန်ဆိုင်ရာ များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် အလား အလာများစွာ ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ရာသီဥတု၊ ကမ်းရိုးတန်းများ၊ ရေအောက်သန္တာ ကျောက်တန်းများ၊ ရေနေသတ္တဝါများ၊ လန်ပိကျွန်းကဲ့သို့သော သဘာဝဥယျာဉ်ကြီးများ၊ အနုပညာနှင့် ဆောက်လုပ်ရေးနည်းပညာများကို လေ့လာနိုင်သည့် ရှေးဟောင်းယဉ်ကျေးမှု ပုဂံဒေသ ကဲ့သို့သော ယူနက်စကို အသိအမှတ်ပြု နေရာဒေသများ၊ အညာဒေသခရီးစဉ်များ၊ ကချင်ပြည်နယ် ပူတာအို ဒေသရှိ ရေခဲတောင်ခရီးစဉ်များ၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ သေမင်းတမန် ရထားလမ်း စသည် တို့သည် ပြည်တွင်း ပြည်ပခရီးသွား လုပ်ငန်းအတွက် လူတန်းစားအလွှာအသီးသီးကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ရိုးရာအစားအစာများသည်လည်း ခရီးသွားလုပ်ငန်းအတွက် စိတ်ဝင်စားဖွယ် ဆွဲဆောင်နိုင်သည့် အရာများဖြစ်ကြောင်း၊ ထိုသို့ရှိပြီးသော စိတ်ဝင်စားဖွယ်ဆွဲဆောင်မှု အရာများကို နေရာဒေသအလိုက် အမိအရ ဖမ်းဆုပ်နိုင်ရန်လိုကြောင်း။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံ မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မေ ၂၅ ရက်ထိ လူဦးရေ စုစုပေါင်း ၃၃ ဒသမ ၃ သန်းကျော် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူ ၂၆ သန်းကျော်၊ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၁ ဒသမ ၉ သန်းကျော်နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်ဆောင်ရွက်နေကြသူ ၀ ဒသမ ၂၈ သန်း ကျော်ကို ကာကွယ်ဆေး အပြည့်အဝ ထိုးနှံခဲ့ပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးစီးမှု တိုးတက်လာသည်နှင့်အမျှ ရောဂါကူးစက်မှုနှုန်းများ လျော့ကျလာပြီး ခရီးသွားကန့်သတ်ချက်များ ဖြေလျော့ကာ ခရီးသွားလာမှုများ၊ ခရီးသွားနှင့် ဆက်စပ်လုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများကို ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နိုင်ရန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ထို့ပြင် နိုင်ငံတကာခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် လာရောက် လည်ပတ်ကြသည့်အတွက် နယ်စပ်ဝင်ပေါက်များ ပြန်လည်ဖွင့်လှစ် သွားနိုင်ရန် စဉ်းစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ASEAN Tourism Recovery Plan တွင် ပါဝင်သည့် ကိုဗစ်-၁၉ရောဂါကြောင့် ဒေသတွင်း သက်ရောက်မှုများ ကုစားဖြေလျော့ရေးနှင့် ပြန်လည်တိုးတက် ကောင်းမွန်ရေးအတွက် အာဆီယံအဆင့် ဆောင်ရွက်ရမည့် မူဝါဒများ ချမှတ်ခြင်း၊ Common Health Guideline များ ရေးဆွဲဖော်ဆောင်ခြင်း၊ ASEAN Travel Corridor များ ဖော်ဆောင်ခြင်း၊ အာဆီယံအဆင့် Travel Pass နှင့် Safety Protocol များ ရေးဆွဲ၍ အပြန်အလှန် အသိအမှတ်ပြုခြင်း အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း။

ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်း၏ အလားအလာကို လေ့လာကြည့်မည်ဆိုလျှင် ယခင်က နိုင်ငံတကာခရီးသွားများသည် လူနေထူထပ်သည့် မြို့ကြီးပြကြီးများကို သွားလာလည်ပတ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း စသည်များကို ရွေးချယ်မှုများပြားခဲ့ပြီး ယခုအခါတွင် လူနေနည်းပါးပြီး သဘာဝနှင့်နီးစပ်သည့်နေရာများ၊ လေကောင်း လေသန့်ရပြီး ရှုခင်းကောင်းသည့် ကျေးလက်ဒေသများကို ပိုမိုနှစ်သက်လာကြသည်ဟု စစ်တမ်းများအရ သိရှိရကြောင်း၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံစိတ်ချရမှုကို ဦးစားပေးစဉ်းစားလာကြပြီး၊ ငွေပေးချေရာ၊ ဝန်ဆောင်မှုများ ရယူရာတွင်၊ လူချင်းတိုက်ရိုက်ထိတွေ့မှု အနည်းဆုံး နည်းလမ်းများ ကိုပိုမို ရွေးချယ်ရယူလိုမှုကိုလည်း တွေ့ရှိရကြောင်း၊ မိမိတို့ဒေသကို လည်ပတ်မည့် ခရီးသွား ဧည့်သည်၏ ယုံကြည်စိတ်ချရမှုကို ရယူထားနိုင်ရန်ဖြစ်ကြောင်း၊ မိမိတို့ခရီးစဉ် ဒေသသည် COVID Safe Destination ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် Health & Safety Protocol များအတိုင်း ဆောင်ရွက်ထားကြောင်း စသည့်အချက်များသည် မိမိတို့ ခရီးစဉ်ဒေသကို မြှင့်တင်ကြော်ငြာ ဆွဲဆောင်ရာတွင် အထိရောက်ဆုံး Marketing နှင့် Promotion Tools များ ဖြစ်ကြောင်း။

ကပ်ရောဂါကာလအတွင်း Online နှင့် Digital Platform ကို ယခင်ကထက် ပိုမိုကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလာကြပြီး အချိန်တိုအတွင်း အလုပ်များ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်လာနိုင်ခြင်းကြောင့် ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသူများ အနေဖြင့် ပြောင်းလဲတိုးတက်လာသည့် နည်းပညာကို အကောင်းဆုံး အသုံးချကြရမည့် အချိန်လဲဖြစ်ကြောင်း။

ထို့ပြင် ပြည်တွင်း၊ ပြည်ပခရီးသွားများ၏ ယုံကြည်မှုကိုတည်ဆောက်နိုင်ရန်နှင့် ကျန်းမာရေး၊ ဘေးကင်းလုံခြုံစိတ်ချရမှုကို အာမခံချက်ပေးနိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Enchanting Myanmar Health and Safety Protocol (HSP) အစီအစဉ်များတွင် လိုက်ပါဆောင်ရွက်ရန်နှင့် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် ဟိုတယ်များ၊ အထူးသဖြင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များကို လက်ခံမည့် ဟိုတယ်များကိုလည်း နိုင်ငံအဆင့် (HSP) အသိအမှတ်ပြု လက်မှတ် ရရှိထားစေရေး၊ ဧည့်သည် တည်းခိုမှုစာရင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရေးနှင့် မလိုအပ်သော စာရွက်စာတမ်းများ လျှော့ချရေးအတွက် Guest List Management System-GLMS ကို ဟိုတယ်များအားလုံး လိုက်ပါသုံးစွဲကြစေရေးကို ကြပ်မတ်ဆောင်ရွက်သွားကြရန် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များအားလုံးကို ပြောကြားလိုကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများ အနေဖြင့်လည်း အဆိုပါ Guest List Management System ကို ဟိုတယ်များတွင် အသုံးပြုနိုင်ရန် ပူးပေါင်းကူညီ သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ အရှိန်အဟုန်ဖြင့် ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းခရီးသွားများ အလွယ်တကူ သွားလာ လည်ပတ်နိုင်ရန်နှင့် ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် များစွာ အထောက်အကူပြုစေမည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာရေးဆိုင်ရာ ပွဲတော်အခမ်းအနားများနှင့် တောတောင်ရေမြေသဘာဝ အလှအပများသည် ခရီးသွားလုပ်ငန်းအမျိုးမျိုးကို ဖော်ဆောင်နိုင်သည့် တန်ဖိုးမဖြတ်နိုင်သည့် အရင်းမြစ်ကောင်းများဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ထူးခြားသည့် ရာသီပွဲတော်များ၊ အခမ်းအနားများ၊ အားကစားပြိုင်ပွဲများ၊ ရိုးရာဓလေ့ဖျော်ဖြေပွဲများနှင့် သဘာဝ အလှအပများကို ရှာဖွေဖော်ထုတ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုလာရောက် လည်ပတ်စေရန် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကိုဗစ်-၁၉ကြောင့် ထိခိုက်ခဲ့ရသည့် ခရီးသွားလုပ်ငန်း ပြန်လည် ကောင်းမွန်လာစေရန်နှင့် New Normal အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများက အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းမှရရှိလာမည့် ဆင့်ပွား အကျိုးကျေးဇူးများကြောင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရီးသွားလုပ်ငန်းကို ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် သတ်မှတ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ချမှတ်ရေးဆွဲရာတွင် ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန် အခြေခံအဆောက်အဦ လိုအပ်ချက်များကိုလည်း ဦးစားပေး အဆင့်အလိုက်ဖြစ်နိုင်သော နေရာများတွင် ဖြည့်ဆည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။ ထို့ပြင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများ ကိုလည်း လုပ်ငန်းရှင်များအနေဖြင့် မပျက်မကွက်ပေးသွင်းနိုင်ရေး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများက ဦးဆောင်ကြပ်မတ် သွားကြရမည်ဖြစ်ကြောင်း။

ခရီးသွားဧည့်သည်များတွင် သက်ကြီးရွယ်အိုနှင့် မသန်စွမ်းခရီးသွားများလည်း ပါဝင်သည့် အတွက် ကမ္ဘာ့တစ်ဝန်းတွင်ရှိသည့် ခရီးစဉ်ဒေသများတွင် မသန်စွမ်းခရီးသွားများ အဆင်ပြေ ချောမွေ့စွာသွားလာနိုင်မည့် အစီအမံများ ဆောင်ရွက်ထားသည်ကိုလည်း တွေ့ရကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ခရီးစဉ်ဒေသများတွင် မသန်စွမ်းခရီးသွားများ အလွယ်တကူ သွားလာနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်သကဲ့သို့ မသန်စွမ်းများ အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် စဉ်းစားကြရမည် ဖြစ်ကြောင်း၊ သို့မှသာ မြန်မာနိုင်ငံသည် ခရီးသွားဧည့်သည်အားလုံးကို လက်ခံနိုင်သည့် ခရီးစဉ်ဒေသ တစ်ခုဖြစ်သည်သာမက အားလုံးပါဝင်ပြီး၊ တာဝန်ယူမှုရှိသော၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းကို ဦးတည်ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း။

ခရီးသွားလုပ်ငန်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုသည့် ပင်မစီးပွားရေး ကဏ္ဍတစ်ခုဖြစ်ပြီး စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ဖော်ဆောင်နိုင်ပါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရာတွင်လည်းကောင်း၊ ယဉ်ကျေးမှုနှင့် သဘာဝသယံဇာတများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင် လည်းကောင်း၊ နိုင်ငံတကာ ခရီးသွားဧည့်သည်များနှင့် မြန်မာပြည်သူပြည်သားများအကြား ချစ်ကြည်ရင်းနှီးမှု အပြန်အလှန် နားလည်မှုတို့ကိုမြှင့်တင်ရာတွင်လည်းကောင်း အထိရောက်ဆုံးဆောင်ရွက်နိုင်သည့် ကိရိယာ တစ်ခုလည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (Sustainable Development Goals) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းရေရှည်တည်တံ့စေရန်နှင့် အားလုံးပါဝင်ဆောင်ရွက်နိုင်သည့် ကဏ္ဍဖြစ်စေရေး ပုံဖော် ဆောင်ရွက်သွားနိုင်ရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က ခရီးသွားလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေး တင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပထမအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များနှင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများတွင် မသန်စွမ်းသူများအတွက် အတားဆီးမဲ့ ခရီးသွားလုပ်ငန်းရှေ့ပြေးစီမံကိန်း ဆောင်ရွက်မည့်အစီအစဉ်ကို ရှင်းလင်းတင်ပြပြီး ခရီးသွား လုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများ ဖွဲ့စည်းမှုနှင့် အစားထိုး ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့မှုနှင့် ဧည့်စာရင်းစီမံခန့်ခွဲမှု စနစ် အသုံးပြု၍ ပေးပို့ဆောင်ရွက်မှုများကို အတည်ပြုချက်ရယူသည်။

ထို့နောက် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးကိုကိုလှိုင်၊ ဦးမောင်မောင်အုန်း၊ ဦးခင်မောင်ရီနှင့် ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါ်သန်းသန်းလင်း၊ ဦးသန်းအောင်ကျော်၊ ဒေါက်တာမိုးဇော်ထွန်း၊ ဦးအောင်ကျော်ထွန်း၊ ဦးဌေးလှိုင်နှင့် ဦးညွှန့်အောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရီးသွားအဖွဲ့ အစည်းများနှင့် ခရီးသွားလုပ်ငန်းတတ် သိပညာရှင်များက ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက Myanmar Tourism Board ဖွဲ့စည်းဆောင်ရွက်ခွင့်နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။