နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာညီလာခံနှင့် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်သို့ တက်ရောက်

နေပြည်တော်  မေ  ၁၆ 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး ဥက္ကဋ္ဌ H.E.Mr. Valery D.Zorkin ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသာဌေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာတရားရုံး တည်ထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် “Constitution and Constitutional Supervision: Developing the Doctrine and Advancing the case – law” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာညီလာခံ ( International Conference ) နှင့် ၁၁ ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ် (11th St.Petersburg International Legal Forum) တို့သို့ မေ ၁၁ ရက်မှ ၁၃ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ တက်ရောက်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာညီလာခံတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ က “မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ရပ် ရှိခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုလူတန်းစားအစုအဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ် ၇၀၀ ကျော် တက်ရောက်ဆွေးနွေးသည့် အမျိုးသားညီလာခံကျင်းပ၍ ရေးဆွဲ ခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားညီလာခံမှ အခြေခံမူ ၁၀၄ ချက် ချမှတ်ခဲ့ပြီး ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲ (Referendum) ကျင်းပအတည်ပြုခဲ့သော အခြေခံဥပဒေဖြစ်ကြောင်း၊ ဤ အခြေခံ ဥပဒေသည် ပါတီစုံဒီမိုကရေစီစနစ်နှင့် ပြည်ထောင်စုစနစ်ကိုကျင့်သုံးပြီး နိုင်ငံသားတို့၏ အခွင့်အရေးကို အာမခံချက်ပေးထားကြောင်း၊ မဏ္ဍိုင်ကြီး ၃ ရပ် အပြန်အလှန်ထိန်းကျောင်းမှု ရှိကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၆ အရ မြန်မာနိုင်ငံ၌ ယခင်က မရှိခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို တည်ထောင်ခဲ့ကြောင်း၊ ခုံရုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အမြင့်ဆုံးတရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ခုံရုံး၏ဆုံးဖြတ်ချက်သည် နောက်ဆုံးနှင့် အပြီးအပြတ်အတည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက စီရင်ဆုံးဖြတ်ခဲ့သော အမှုများမှ ထူးခြားသော အမှု ၃ မှုကို ရွေးချယ်၍ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏လွှမ်းမိုးသက်ရောက်မှု (Supremacy of Constitution) ရှိသည်ကို တင်ပြပါကြောင်း ပြောကြားပြီး“Current Myanmar Constitutional Supervision and its Development” စာတမ်းကို ဆွေးနွေးပြောကြားသည်။

အပြည်ပြည်ဆိုင်ရာညီလာခံသို့ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး ဥက္ကဋ္ဌနှင့် တရားသူကြီးချုပ်များ၊ ဥပဒေပညာရှင်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများမှ အကြီးအကဲများတက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် ဖွံ့ဖြိုးတိုးတက်လာမှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်မှုနှင့်စပ်လျဉ်းသည့် အတွေ့အကြုံတို့ကို အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

(၁၁) ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်သို့ နိုင်ငံ ပေါင်း ၅၄ နိုင်ငံမှ တရားသူကြီးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးများ၊ တရားသူကြီးများနှင့် ဥပဒေ ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E.Mr. Vladimir-Putin က “ယနေ့အချိန်တွင် တရားမဝင်ပိတ်ဆို့ ဒဏ်ခတ်ခြင်းများ၊ နိုင်ငံများ၏ သာတူညီမျှရှိမှုနှင့် ပြည်တွင်းရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းများသည် အပြည်ပြည်ဆိုင်ရာဥပဒေများ၏ အခြေခံအုတ်မြစ်ကို အလွန်ထိခိုက်စေပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် မိတ်ဖက်နိုင်ငံများနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေရေးကို အစဉ်တိုးမြှင့်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသားအချုပ်အခြာအာဏာကို လေးစားမှုရှိခြင်းသည် ဒီမိုကရေစီနည်းလမ်း ပိုမိုကျ၍ တရားမျှတမှုရှိသည့် multipolar world order ပေါ်ထွက်လာစေရေးအတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်သည်ကို အခိုင်အမာယုံကြည်ပါကြောင်း” အချက်များပါသည့် သဝဏ်လွှာကို အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်သို့ ပေးပို့ခဲ့သည်။ 

ယင်းဖိုရမ်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Mr. Dmitry Medvedev ဦးဆောင်၍ အီဂျစ်နိုင်ငံ၊  အီရန်နိုင်ငံ၊ အင်ဒိုနီးရှား သမ္မတနိုင်ငံတို့မှ တရားရေး ဝန်ကြီးများ၊ အိန္ဒိယနိုင်ငံ တရားလွှတ်တော်ချုပ်မှ ကိုယ်စားလှယ်များ၊ ဥစ္စဇဘတ်ကစ္စတန် နိုင်ငံ ဥပဒေပြုအဖွဲ့နှင့် ဆားဘီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာဥပဒေထိန်းသိမ်းရေးဌာန ဥက္ကဋ္ဌ တို့က “Sovereignty in law” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာညီလာခံနှင့် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ် တို့သို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အတူညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇင်တို့ တက်ရောက်ခဲ့သည်။

သတင်းစဉ်