နက္ခတ်ပျောက်သော ကောင်းကင်

ဖူးငုံနှင်း

 

(၁)

"ကိုသန်းဇော်ရေ..... ကျွန်မတို့သားမိကို ထားခဲ့ပြီလား"

အော်ငိုနေသော မမြသစ်ကို ကြည့်ပြီး အသုဘလိုက်ပို့သူများ စိတ်မကောင်းဖြစ်နေ ကြ၏။

 

ကိုသန်းဇော်တို့ မိသားစုက ဆင်းရဲလွန်းလှ သည်။ သမီးတစ်ယောက် သားတစ်ယောက်။ အကြီး မနွေးနွေးနှင့် သားအငယ်က ပြည့်စုံ မိသားစုလေးယောက်ရှိသည်။ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေရတဲ့ မိသားစုတော့မဟုတ်ပေ။ ဒုက္ခမျိုးစုံနှင့် ရှင်သန်နေကြရသည်။

 

ကိုသန်းဇော်က မိုးတွင်းဆို လယ်ထဲ နေ့စားလိုက် ပျိုးနုတ်၊ နွေဆို တောင်ပေါ်တတ် ဝါးခုတ်၊ သစ်ခုတ် ကြုံရာကျပမ်းအလုပ်ကို တစ်မိသားစုလုံး လုပ်ကိုင်စားသောက်နေကြရ သည်။ ကိုသန်းဇော် မသေခင်က....

 

"မြသစ် …ငါတို့ သားလေးကို ရှင်ပြုပေး ချင်တယ်ဟာ"

ကိုသန်းဇော်သည် သားကို ရှင်ပြုပေးဖို့ ကြိုးစားတိုင်း မအောင်မြင်ခဲ့။ သို့သော် အားမ လျှော့ဘဲ အမြဲကြိုးစားခဲ့သည်။

 

"ကိုသန်းဇော်ရယ်…ကျွန်မလည်း ပြုပေး ချင်တာပေါ့။ ကျွန်မတို့ဘဝက စားဖို့တောင် မနည်းကြိုးစားနေရတာလေ"

"မြသစ်…ငါတောင်ပေါ်လိုက်သွားမယ်။ဒီတစ်ခေါက်တော့ကြာမယ်။ နင်တို့သားအမိ တွေ ရှာဖွေစားထားကြဟာ။ ငါ့သားအတွက် ပိုက်ဆံလေးစုမလို့ပါ"

ကိုသန်းဇော်သည် သားအတွက် ကြိုးစား မည်ပြောခဲ့ပြီး တောင်ပေါ်သို့အငှားလိုက်သွားလေသည်။ သို့သော်လည်း ကံကြမ္မာက မျက်နှာ သာ မပေးခဲ့ပေ။ တောင်ပေါ်သွားသည့် ခြောက်ရက်မြောက်သော ညနေမှာတော့...

"မြသစ်ရေ....နင့်ယောက်ျား သစ်ပင်ပိလို့ သေပြီ။ အခု အလောင်းပြန်တင်လာတာ"

ဦးထွန်းပြောသော စကားကို မမြသစ် မယုံနိုင်ဘဲ နောက်နေသည်ဟုသာ ထင်နေမိ၏။

 

"ဦးထွန်းရယ်...မနောက်ပါနဲ့"

"ငါတကယ်ပြောတာ မြသစ်၊ လှည်းက အိမ်ရှေ့ရောက်နေပြီ။ နင်ထွက်ကြည့်ပါဦးဟ"

မမြသစ်သည် ခင်ပွန်းကို ပြန်မြင်ယောင် ကာ ငိုချလိုက်ပါတော့သည်။

"ကိုသန်းဇော်ရေ..... ရှင်ကတော့ သောက တွေ အေးသွားပြီပေါ့နော်။ ကျွန်မတို့ သားအမိ တွေကို ထားခဲ့ပြီလား ကိုသန်းဇော်ရယ်"

မမြသစ် ငိုချလိုက်သည်နှင့် သားသမီး နှစ်ယောက်လုံးမှာ လိုက်၍ အော်ငိုနေတော့ သည်။ အသုဘလိုက်ပို့သူများလည်း စိတ် မကောင်းစွာ မျက်ရည်ကျနေကြသည်။ အသုဘ မြေချပြီးနောက် မမြသစ်၏ အိမ်ရှေ့တွင် ကင်ပွန်းတရော်ရည်များနှင့် လက်ဆေးကြပြီး ကိုယ့် အိမ်ကိုယ် ပြန်ကုန်ကြသည်။

 

မမြသစ်တို့ သားအမိသာ ခြောက်ကပ်ကပ် ဖြစ်သွားသော အိမ်လေးတွင် ကျန်ခဲ့ပါတော့ သည်။

(၂)

ခြောက်သွေ့မှုများ ဝန်းရံထားသော အိမ်အိုလေးမှာတော့ အပူမီးများဝိုင်းရံထား သည်။ သားအမိသုံးယောက်၏ တိတ်ဆိတ် မှုကို နွေးနွေးက စတင်ဖြိုခွင်းလိုက်လေသည်။

 

"အမေ.…သမီးတို့က ဘာလို့ဆင်းရဲတာလဲ ဟင်။ နေ့တိုင်းအလုပ်နဲ့လက်နဲ့ မပျက်ခဲ့တာ တောင်မှ စားဖို့နပ်မမှန်ဖြစ်နေရတာ ဘာလို့ ဒီလောက်ထိ ဆင်းရဲနေရတာလဲ အမေရယ်"

နွေးနွေးသည် ထိုင်ငေးနေရင်းမှ မိခင်ကို မေးလိုက်ပါသည်။ မမြသစ်သည် ရီဝေနေသော မျက်လုံးများနှင့် သမီးနွေးနွေးကိုကြည့်ကာ နားလည်သလောက် ရှင်းပြလိုက်သည်။

 

"သမီးရယ်.... အရင်းအနှီးမရှိတော့ အမေ တို့က သူများခိုင်းတာ လုပ်နေရတယ်လေ။ စားစရာမရှိပြန်တော့ ပိုက်ဆံကြိုယူရတယ်။ နေ့စားခကို တစ်ဝက်ကြေးပဲရတယ်။ ဒီလိုနဲ့ သံသရာလည်ပြီး ဆင်းရဲတဲ့ဘဝက မတက် ဘူးဖြစ်နေရတာပေါ့ကွယ်"

မမြသစ်သည် သမီးကို နားလည်အောင် ရှင်းပြလိုက်သည်။ သမီးလေးကို ကြည့်ပြီး သနားနေမိ၏။ ဘဝကမလှရှာတော့ သူများနှင့် တန်းတူ မဝတ်စားနိုင်ပေ။ သူများပေးသော အဝတ်အစားများနှင့်သာ ရောင့်ရဲနေခဲ့ရသည်။

 

"အမေတို့က မစုဆောင်းတတ်လို့ဖြစ်မှာ ပါ။ သူများတွေလည်း ဒီလိုပဲ လုပ်နေကြတာပဲ လေ။ အဆင်ပြေပြေ နေနိုင်ကြတယ်။ သမီးတို့ ကျမှ ဆင်းရဲနေတာပါ"

 

နွေးနွေးသည် ဘဝကို စိတ်တိုင်းမကျ ဖြစ်နေမိသည်။ အများနှင့်တန်းတူ နေချင်မိ သည်။ သို့သော် နေပူမိုးရွာ အလုပ်ပျက်ရသည် မရှိ လုပ်နေရသော်လည်း ထမင်းနပ်မှန်အောင် မနည်းကြိုးစားနေရသည်။ မစုဆောင်းတတ် သော မိဘများကြောင့်ဟု အပြစ်တင်နေမိသည်။

နွေးနွေး၏ အပြစ်တင်စကားကို ကြားပြီး မမြသစ်သည် ရင်ထဲမကောင်းဖြစ်နေ၏။

 

"အမေ....သား အလုပ်လုပ်မယ်။ အမေ စိတ်မကောင်းမဖြစ်ပါနဲ့နော်။ သားပိုက်ဆံ ရအောင်ရှာပေးမယ်နော်..အမေ"

"သားလေးရယ်... သားကငယ်သေးတယ် လေ။ ကျောင်းစာသာ ကြိုးစားပါသားရယ်"

အမည်ကိုသာ ပြည့်စုံဟု မှည့်ပေးခဲ့သော် လည်း လူကတော့ မပြည့်စုံနိုင်ခဲ့ပေ။ ကျောင်း တက်ရမည့်အရွယ်ကိုလွန်မှ ကျောင်းထားပေး ရပေမယ့် ဆင်းရဲလွန်းသည့် ဘဝကိုတော့ သိတတ်ရှာသည်။

သင်္ချာတစ်ပုဒ်မှာ လေးထဲက တစ်နှုတ် လျှင် သုံးကျန်နေပေမယ့် မိသားစုတစ်စုမှာတော့ အိမ်ထောင်ဦးစီးတစ်ယောက် မရှိတော့လျှင် မိသားစုဘဝမှာ ဘာမှမကျန်တော့ပေ။ မမြသစ် ရင်မောနေမိပါသည်။ အားကိုးရာ ယောက်ျား ဆုံး၍ မိသားစုအတွက် မမြသစ်သည် ရှေ့ဆက် လျှောက်ရပေဦးမည်။

(၃)

အပူသောကများကို ကြာရှည်မပူဆွေးနိုင် ပေ။ မိသားစု၏ စားဝတ်နေရေးက ပိုအရေးကြီး သည်။ မမြသစ်ထိုင်တွေးနေစဉ်...

"ဟေ့.....မြသစ်ရေ။ အားတော့နာပါတယ် ဟယ်။ နင်ယူထားတဲ့အကြွေးက ကြာနေပြီ။ ဘယ်တော့ပေးမှာလဲ"

သားအတွက် အင်္ကျီအဖြူလေး အကြွေးယူ ထား၍ အကြွေးလာတောင်းလေသည်။

 

"အစ်မရယ်.... ခဏတော့စောင့်ပေးပါ နော်။ မြသစ် ဆပ်ပါ့မယ်"

"အေး...ငါ အကြာကြီးမစောင့်နိုင်ဘူး။ နင်ရအောင်ရှာဆပ်ပေါ့။ သုံးရက်ကြာမှမပေး နိုင်ရင် အတိုးနဲ့မှတ်လိုက်မယ်"

"ဟုတ်ကဲ့ပါ အစ်မရယ်..... မြသစ်ပေးပါ့ မယ်"

အကြွေးသမားသည် ပြောဆိုပြီးထွက်သွား လေသည်။ မမြသစ် အားငယ်စိတ်များကြောင့် မျက်ရည်များဝဲလာလေသည်။ သို့သော်လည်း မျက်ရည်ကို ထိန်းထားလိုက်သည်။ သားသမီး များရှေ့တွင် မျက်ရည်မကျပြလိုပေ။ မြေနိမ့်ရာ လှံစိုက်ခံရသော ဘဝနှင့် နေသားကျသလို ဖြစ်နေသည်။

 

ရှေ့ဆက်သွားရမည့်လမ်းတွင် စိတ်ဓာတ် ခိုင်မာနေရမည်ဟု ဆုံးဖြတ်ထားသည်။

 

"အမေ.... ပိုက်ဆံမရှိဘဲ ဘယ်လိုပေးမှာ လဲ။ စိတ်ညစ်ဖို့ကောင်းလိုက်တာ အမေရာ"

နွေးနွေးသည် စိတ်ညစ်သည့် လေသံနှင့် ပြောလိုက်သည်။ အားငယ်မှုနှင့် စိတ်ရှုပ်နေ သော သမီးကိုကြည့်၍ မမြသစ်သည် စိတ်မကောင်းဖြစ်ရပြန်သည်။

 

"သမီးရယ်... အမေရှာပါ့မယ်။ ရွာ မြောက်ပိုင်းသွားဦးမယ်။ သမီးနဲ့သားဘယ်မှ မသွားကြနဲ့နော်"

 

မမြသစ်သည် ပြောပြောဆိုဆိုနှင့် ခမောက် လေးကိုယူကာ အိမ်ထဲက နှေးကွေးသော ခြေလှမ်းများဖြင့် ထွက်သွားတော့သည်။

 

"မမ... အမေ့ကို မအော်ပါနဲ့ဗျာ။ အမေ သနားပါတယ်။ အဖေသေလို့စိတ်ဆင်းရဲရ၊ အကြွေးသမားတွေက ဟိုကလာ ဒီကလာနဲ့ မမကပါပြန်အော်နေတော့ အမေစိတ်မကောင်း ဖြစ်မှာပေါ့"

 

"ဟဲ့..... ပြည့်စုံ။ နင်ဝင်မပြောနဲ့၊ ငါဆင်းရဲ တဲ့ ဘဝကိုစိတ်ကုန်လို့။ အလုပ်အမြဲလုပ်နေတာ တောင် စားစရာမရှိဘူး။ ငါလည်းစိတ်ညစ်လို့ ပေါ့ဟာ။ အမေ မစုတတ်လို့လည်း ဖြစ်မှာပေါ့"

 

နွေးနွေးသည် မိဘတွေကို အထင်လွဲနေ လေသည်။ ကျောင်းထွက်ပြီးကတည်းက အလုပ်ကို နွေမိုးဆောင်းမပျက် လုပ်နေသည့်တိုင် ထမင်းနှင့် ဟင်းကောင်းမစားရ၊ အဝတ်တစ်စုံ တောင် ကောင်းကောင်းမဝယ်ခဲ့ရပေ။ ယခု ဖခင်က ဆုံးသွားပြန်သည်။ ဆင်းရဲတွင်းထဲက ဘယ်တော့များမှ လွတ်ပါ့မည်နည်း။နွေးနွေး မကျေမနပ်ဖြစ်၍ တွေးနေမိသည်။

နွေးနွေးတစ်ယောက် အတွေးများကြား နစ်မျောနေချိန်မှာ....

"ဟဲ့....နွေးနွေး နင့်အမေဘယ်သွားလဲ"

 

နေ့တိုး ပေးစားသည့် ဒေါ်သန်းနွဲ့က လာမေးနေပြန်သည်။

"အမေ မရှိဘူး ရွာထဲသွားတယ်။ ဘာပြော မလို့လဲပြောခဲ့ပါ"

နွေးနွေးသည် ဘောက်ဆတ်ဆတ်ပဲ ပြောလိုက်ပါသည်။ "အဖေ့နာရေးက ပြီးခါစ ရှိသေး ဒါကို အားမနာကြဘူး အကြွေးလာလာ တောင်းနေကြတယ် စိတ်မရှည်တော့ဘူး" ဟု စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

"အေး.... နင့်အမေလာရင် ပြောလိုက်။ ငါ့ဆီကယူထားတဲ့ ကျန်နေတဲ့အကြွေးကျေ အောင် မနက်ပဲဝိုင်းရမယ် အိမ်ကိုလာခဲ့လို့ ပြောလိုက်"

နွေးနွေး၏ ဘောက်ဆတ်ဆတ်လေသံ ကြောင့် ဒေါ်သန်းနွဲ့သည် လေသံခပ်မာမာနှင့် ပြောလေသည်။

 

"မရှိတော့လာယူစားတယ်။ လုပ်ပေးချိန် ကျတော့ လေသံတွေက တစ်မျိုး၊ လာယူတော့ မျက်နှာငယ်လေးတွေနဲ့" ဟု ပွစိပွစိလုပ်ပြီး ခြံထဲမှ ထွက်သွားလေတော့သည်။

(၄)

"အမေ.... ဒေါ်သန်းနွဲ့လာသွားတယ်။ မနက်ကျရင် ပဲဝိုင်းရမယ် သူ့အိမ်ကိုလာခဲ့တဲ့"

ပြည့်စုံသည် မိခင်ပြန်လာသည်နှင့် ပြောပြလိုက်ပါသည်။

"အေးအေး"

မမြသစ်သည် စိတ်ညစ်နေလည်း မထူး၍ ဖြစ်သမျှအကြောင်း အကောင်းပဲမှတ်ကာ သက်ပြင်းချလိုက်မိသည်။

"အမေ... သမီးရွာထဲခဏသွားဦးမယ်။ မြထွေးတို့အိမ်က ပဲနုတ်တော့မလားသွားမေး မလို့"

"အေး..အေး.. သမီး မိုးမချုပ်ခင် ပြန်လာ ခဲ့နော်"

"ဟုတ်ကဲ့ပါ အမေ"

မမြသစ်သည် စိတ်မကောင်းစွာ သမီးကို ကြည့်၍ သက်ပြင်းရှည်ကြီး ချမိတော့သည်။

"အမေ ...စိတ်မကောင်းမဖြစ်ပါနဲ့။ အမေ ပိုက်ဆံသွားရှာတာရခဲ့လား"

ပြည့်စုံသည် မိခင်ကိုကြည့်ပြီး သနားနေမိ သည်။

 

"မရခဲ့ပါဘူး သားရယ်"

မမြသစ်သည် ဦးထွန်းအိမ်သို့ ပိုက်ဆံသွား ချေးမိသည် သို့သော်.....

"ဦးထွန်း မြသစ်ကို ငွေလေးတစ်သောင်း လောက်ချေးပေးပါနော်။ ကိုသန်းဇော်လည်း မရှိတော့ မြသစ်တို့ အခက်အခဲတွေ့နေလို့ပါ"

"မြသစ်ရာ မပေးချင်လို့ မဟုတ်ပါဘူးဟာ။ ငါ့မှာက အလုပ်သမားတွေ ပေးလိုက်ရလို့ပါ။ ငါနင့်ကိုကြည့်ပြီး သနားနေမိပါတယ်။ ညဘက် ကျ တစ်ခါပြန်လာကြည့်လေဟာ"

 

ဦးထွန်းသည် မုဆိုးဖိုဖြစ်သည်။ မိန်းမ သေပြီးကတည်းက ရွာထဲ၌ရှိသော မိန်းကလေး များကို အကုန်လက်တည့်စမ်းချင်နေသည်။ မမြသစ်ကို မရိုးသားသောမျက်လုံးများနှင့် ကြည့်နေခဲ့သည်။

မလွှဲသာ၍ ငွေချေးမိသော်လည်း မမြသစ် သည် သိက္ခာကိုတော့ တန်ဖိုးထားခဲ့သည်။

 

အိမ်ထောင်သည် အမျိုးသမီးများ၏ ဘဝမှာ လင်ယောက်ျားဆုံးပါးသွားသည်နှင့် အထင်သေးသော မျက်လုံးများဖြင့် ကြည့်ရုံတင် မက ထိကပါး ရိကပါး စနောက်ချင်နေကြသည်။ "ဟူး....ဘဝက မလွယ်ပါလား" မမြသစ် သက်ပြင်းများချနေမိသည်။

 

"အမေ..... ဘာဖြစ်နေတာလဲ"

ပြည့်စုံသည် မိခင်၏ မျက်နှာကြည့်ပြီး အရိပ်အကဲ နားလည်သည့်ပုံနှင့် မေးလိုက်သည်။

 

"ဘာရယ် မဟုတ်ပါဘူး သားရယ်"

မမြသစ် ညာလိုက်ပါသည်။ သားသမီးများ မသိစေချင်၊ မရှိဆင်းရဲသားဖြစ်နေပေမယ့် သိက္ခာ တရားတော့ အဆင်းရဲမခံနိုင်ပေ။

သမီးဖြစ်သူ မိုးချုပ်ခါနီးနေပြီ ယခုထိ ပြန်မလာသေး၍ စိတ်ပူလာပြန်သည်။

 

"ပြည့်စုံ… နင့်အစ်မကလည်း ပြန်မလာ သေးပါလား လိုက်သွားစမ်း"

"ပြန်လာပါပြီ အမေ"

နွေးနွေးသည် အိမ်ထဲလှမ်းဝင်၍ ပြောလိုက်သည်။

 

"မိုးချုပ်လိုက်တာသမီးရယ်"

မမြသစ် စိတ်ပူသောလေသံနှင့် ပြောလိုက် မိသည်။

"အမေရယ်... သမီး မြထွေးနဲ့ စကား ပြောနေလို့ပါ။ နှစ်ရက် သုံးရက်နေမှ ပဲနုတ် မယ်တဲ့၊ အခုလောလောဆယ် အလုပ်က မရှိပြန်ဘူး"

နွေးနွေးစကားကို နားထောင်ရင်း မမြသစ်သည် အိမ်ရှေ့ကိုငေးကြည့်နေမိသည်။ ဖယောင်းတိုင်၏ အလင်းဖျော့ဖျော့အောက်က မြင်ကွင်းသည်လည်း ဝိုးတဝါးသာမြင်ရလေ သည်။

"အမေ....သားမနက်ဖြန်ကျ ရွာနောက်က ကန်ထဲက ကန်စွန်းရွက်သွားခူးပြီး ရောင်းမယ်။ ဆီဖိုးလေးရတော့လည်း ကန်စွန်းရွက်ကြော် စားလို့ရတာပေါ့ အမေရယ်"

"ရေနစ်နေပါ့မယ် သားလေးရယ်"

သားအမိသုံးယောက် စကားသံများ တိတ်ဆိတ်သွားကြသည်။ အတွေးကိုယ်စီနှင့် ထမင်းမစားဘဲ အိပ်ရာဝင်ခဲ့ကြသည်။

 

မမြသစ်သည် သားနှင့်သမီးကိုကြည့်၍ စိတ်ထဲစို့နစ်နေမိသည်။ လမိုက်ညသည် မှောင်မည်းနေသည်။ သို့သော်လည်း အကျည်း တန်သော ဘဝအမှောင်က ပိုမှောင်နေသည်။ ညကိုကျော်လာလျှင် နေ၏အလင်းကို မြင်ရ ပါသည်။ မမြသစ်၏ မိသားစုဘဝအမှောင်သည် အလင်းရောင်များ ရှိလာနိုင်ဦးမည်လားဟု တွေးနေမိတော့သည်။ ။

 

ကြေးမုံ (မျိုးဆက်သစ်ရင်ပြင်)