ညောင်ဦးမြို့၌ မြန်မာ့အသံ ချစ်သူများ တွေ့ဆုံပွဲ ကျင်းပ

ညောင်ဦး  ၂၈  အောက်တိုဘာ

 

မြန်မာ့အသံ ဝန်ထမ်းများနှင့် မြန်မာ့အသံ သောတရှင် ပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ရှိ ပုဂံမြန်မာ  စိတ်တိုင်းကျ စားသောက်ဆိုင်တွင် ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

အခမ်းအနားတွင် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က နှုတ်ခွန်းဆက် စကားပြောကြားကာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် မြန်မာ့အသံသို့ သတင်းပေးပို့ပြီး ထူးချွန်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာ့အသံချစ်သူများ အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကာ မြန်မာ့အသံ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယို ပြသပေးကာ တက်ရောက်လာကြသည့် မြန်မာ့အသံ ချစ်သူများမှ စိတ်ဝင်စားစွာ ကြည့်ရှုအားပေး ခဲ့ကြသည်။

 

ဆက်လက်၍ ပုဂံညောင်ဦးဒေသမှ မြန်မာ့ရိုးရာ အမွေအနှစ် တစ်ခုဖြစ်သော နန္ဒာရုပ်သေးအဖွဲ့မှ သူငယ်တော် အကနှင့် ဇော်ဂျီအကတို့ဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ပြီး ငြိမ်းချမ်းရေး ဂီတပွဲတော်မှ ဆုရတေးသံရှင် လင်းသစ်၊ ဆလား၊ A Day နှင့် မြန်မာ့အသံမှ ဝန်ထမ်းများမှလည်း ခေတ်ဟောင်း တေးသီချင်းများ၊ ခေတ်သစ် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

 

အခမ်းအနားတွင် တက်ရောက်လာသည့် မြန်မာ့အသံချစ်သူများ (Radio Fan Club)အား အမှတ်တရ အင်္ကျီများ လက်ဆောင်ပေးအပ်ကာ တက်ရောက်လာသည့် အသက်(၇၅)နှစ်အထက် မြန်မာ့အသံချစ်သူ အဖိုးအဖွားများအား အထူးလက်ဆောင်များ ပေးအပ်ခဲ့သည်။

 

အခမ်းအနားသို့ မြန်မာ့အသံ ချစ်ပရိသတ် (၁၀၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)